• Today is: Thursday, May 30, 2024

သူ့အတွေးသူ့အမြင် | ခွဲထွက်ရေးလှုပ်ရှားမှု ဘယ်အချိန် လာမလဲ

ခွဲထွက်ရေးလှုပ်ရှားမှု ဘယ်အချိန် လာမလဲ
မင်းသေ့ (သူ့အတွေးသူ့အမြင်)
၁။ ခွဲထွက်ရေးကိစ္စကို ပြောတဲ့အခါ တကယ်ခွဲထွက်ချင်လို့လည်း ဟုတ်ချင် ဟုတ်မယ်။ မဟုတ်ချင် မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအရ စကားပြောကြတဲ့အခါမှာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရောက်အောင် ကြိုးစားတဲ့နေရာမှာ “ခွဲထွက်ရေးအာဂျင်ဒါ” ဟာ အရေးပါတယ်၊ အရာရောက်တယ်။
ကွန်ဖက်ဒရေးရှင်းလောက် အထိ ရဖို့ ရည်ရွယ်တဲ့အခါ ခွဲထွက်ရေးလောက်အထိ ပြောထားမှ — ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ဗဟိုရဲ့ အကန့်အသတ်ဘောင်ထဲကနေ လိုသည်ထက်ပို၍ ကင်းကင်းလွတ်လွတ် ဖြစ်မယ်။ ဒါကို နားလည်အပ်တယ်။
၂။ ခွဲထွက်ရေးဆိုတာ — ပြည်ထောင်စုကို ချိနဲ့အောင် လုပ်တာ၊ အားနည်းအောင် လုပ်တာလို့ ဘယ်သူ ပြောသလဲ။ ဒါကတော့ စတိုရီဖန်တီးပြီး သူ့စိတ်ကြိုက် ဇာတ်ညွှန်းရေးတာပဲ။ ဒီစတိုရီ၊ ဒီဇာတ်ညွှန်းကို ယုံတဲ့သူများတာ။ ခွဲထွက်လို့ နိုင်ငံအင်အားဆုတ်ယုတ်တယ်ဆိုတာ တရားသေမှ မဟုတ်ပဲ။
မလေးရှားကနေ စင်္ကာပူ ခွဲထွက်ခဲ့တယ်။ အစတုန်းကတော့ — စင်္ကာပူက မျှော်လင့်ချက် မဲ့ခဲ့ဖူးတာပဲ။ တကယ် လက်ရှိ အချိန်မှာ မလေးရှားနဲ့တောင် ရင်ဘောင်တန်းနိုင်ရုံတင်မကဘူး၊ ကျော်လွန်တဲ့ အနေအထားထိပါ ရောက်သွားတယ်။
မလေးရှားကျွန်းဆွယ်ကြီးတစ်ခုလုံးဟာ စင်္ကာပူ ခွဲထွက်ကျွန်းငယ်လေးကိုတောင် လိုက်မမှီတဲ့အဖြစ်မျိုးဖြစ်သွားတယ်။ မလေးရှားကနေ ခွဲမထွက်ဘူးဆိုရင် စင်္ကာပူဟာ — သာမန် ပါချီပါချက် ကျွန်းငယ်လေးအဖြစ် တက်လာမယ် မထင်။ မလေးရှားအစိုးရကလည်း ဘာမှ ထူးထူးထွေထွေ လုပ်ပေးနိုင်မယ့် ကျွန်း ဖြစ်လာမှာလည်း မဟုတ်။
၃။ တကယ်တော့ သီးသီးသန့်သန့်စီ နေလိုက်ကြတာ ကောင်းတယ်။ ကိုယ့်မူ ကိုယ့်ဟန် ကိုယ့်နည်း ကိုယ့်လူနဲ့ ကိုယ်လမ်းစဉ်နဲ့ ကိုယ့်ပန်းတိုင်နဲ့ လျှောက်သင့်နေပြီ။ လွတ်လွတ်ကင်းကင်း လျှောက်ရတာ မြန်မြန် ရောက်ပါတယ်။ အထူးသဖြင့် ပထဝီအနေအထားအရ ခွဲထွက်ဖို့ အားသာချက်အဖြစ် ရှိနေတဲ့ ပြည်နယ်တွေ ဒါကို စဉ်းစားပါ။
ပင်လယ်ကမ်းစပ်ကိုလည်း ပိုင်ထားတယ်။ ပင်လယ်ကမ်းရိုးတန်း အရှည်မိုင်လည်း ကျယ်ပြန့်တယ်။ မြစ်ချောင်း မြစ်လက်တက်တွေလည်း အမြောက်အမြား ရှိတယ်။
နိုင်ငံကြီးတွေနဲ့ ထိစပ်ထားတဲ့ အင်အားလည်း ရှိတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုလည်း ခိုင်မာကျစ်လစ်ထားတယ်။ ပြည်မနဲ့ သီးခြား ကန့်ထားနိုင်မယ့် ပထဝီအရံအတားလည်း ရှိတယ်။ ဒါဟာ လုပ်လို့ အကောင်းဆုံး အနေအထားပဲ။
၄။ နောက်ထပ် အားသာချက်ရှိတာက – ကိုယ့်လူထု၊ ကိုယ့်အစိုးရ နဲ့ ကိုယ့်တပ်တော်ရှိနေပြီ။ ဒါဟာ သိပ်ကောင်းတာပဲ။ ဒါဟာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားခြင်းရဲ့ အကျိုးရလဒ်ပဲ။ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ဝင်ဆန့်ခြင်းကိစ္စကတော့ ရေရှည်လုပ်ရမှာပဲ။
အရှေ့တီမောကိစ္စကို ကြည့်။ အခု အာဆီယံတောင် ဝင်ခွင့်ပြုလိုက်ပြီ။ ထိုင်ဝမ်ဆိုရင် နိုင်ငံအဆင့်ကနေ — အမေရိကန် နောက်ခံ ရုတ်လိုက်လို့ နိုင်ငံအဆင့်ဝင် မဟုတ်တော့တာလည်း ကြုံတာပဲ။
ဒါပေမယ့် ကိုယ်လူ၊ ကိုယ့်နယ်နဲ့ ကိုယ့်အစိုးရ၊ ကိုယ့်အာဏာကို ထူထောင်ထားနိုင်တာပဲ။ နိုင်ငံတကာအသိုင်းအဝန်းဆိုတာ နိုင်ငံရေးကိစ္စနဲ့ပဲ သီးသန့် လုပ်ရမှာ မဟုတ်ပါဘူး။ စီးပွားရေးအရ မြူဆွယ်ရင် မခေါ် မပြောဘဲ မနေနိုင်ပါဘူး။
၅။ ခေါင်းဆောင်တွေကတော့ ကိုယ့်အချိန်ကို ကိုယ်တွက်သင့်တယ်။ လူမှာ လူ့သက်တမ်းအကန့်အသတ်ရှိတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ်တိုင်းပြည်ကို ဘယ်လိုလူမျိုးတွေဆီ ဝကွက် အပ်ထားခဲ့ရမလဲ။ လူ့အရင်းအမြစ်ကို ကြိုတင်စီမံရမယ်။ ကိုယ့်ဆွေ ကိုယ့်မျိုးတွေကတော့ — သာမန် စဉ်းစားချက်ပေါ့။
ဒါက လူတွေ သမားရိုးကျ စုဖွဲ့နေထိုင်စဉ်ကတည်းက ကိုယ့်သွေးသား ကိုယ့်ဆွေမျိုးကို လက်ဆင့်ကမ်းခဲ့တာ။ ဒါ့ထက် ပိုစဉ်းစားမှ ကောင်းမယ်။ သီးခြားပဒေသရာဇ်နိုင်ငံ ထူထောင်လိုတာဟာ — ခေတ်မီနိုင်ငံတော်သစ် ထူထောင်လိုတဲ့ နိုင်ငံပြု သုခမိန်နဲ့ သီးခြားစီဖြစ်တယ်ဆိုတာ နားလည်အပ်တယ်။ သတိရှိသင့်တယ်။
ခေတ်မီနိုင်ငံတော်သစ်ကို ခွဲထွက်ထူထောင်မယ်ဆိုရင် — ကိုယ့်မှာ စွဲကပ်နေတဲ့ ပဒေသရာဇ်ဉာဉ်တချို့ကို မဖျောက်ဘဲနဲ့ အောင်အောင်မြင်မြင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာ မဟုတ်ဘူး။