• Today is: Friday, March 31, 2023

တော်လှန်ရေးအရှေ့ဖို့ နိုင်ငံရေးအတွေးအခေါ် ရှင်းလင်းဖို့ အချိန်တန်ပြီ

တော်လှန်ရေးအရှေ့ဖို့ နိုင်ငံရေးအတွေးအခေါ် ရှင်းလင်းဖို့ အချိန်တန်ပြီ

စည်းနရီ (သူ့အတွေးသူ့အမြင်)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြန်ကြည့်ရင် လူမှုရေးအကြောင်းအရာတွေကို အများကြီးပြောကြပြီး တကယ့်နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ပတ်သက်ရင် ပြောတာရှားလှပါတယ်။ ဖက်ဒရယ်လို့ပြောရင် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးနဲ့ ရောချတာတွေ၊ ဆိုရှယ်လစ်စနစ်နဲ့ ဈေးကွက်စနစ်ကိုမကွဲတာတွေ၊ အမျိုးသားနိုင်ငံရေးနဲ့ တိုင်းရင်းသားယဉ်ကျေးမှုမတူတာကို ခွဲခြားနားမလည်တာတွေ အလွန်မြင်ရပါတယ်။

သိပ်မကြာသေးခင်က အွန်လိုင်းမီဒီယာတွေမှာ တိုင်းရင်းသားဗဟိုပြုဝါဒ (Ethnocentrism)ကို ဖက်ဒရယ်စနစ်နဲ့ ရောပြီးမှားယွင်းရေးသားထားတာ ဖတ်ရှုရသလို လူမျိုးရေးလွတ်မြောက်မှုလို့ပြောရင် နိုင်ငံရေးယူနစ်တွေရဲ့ အမျိုးသားရေးလွတ်မြောက်မှုနဲ့ တိုင်းရင်းသားအစုငယ်လေးတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုကို ရောနှောပြောနေကြတာကိုလည်း မကြာခဏမြင်ရတယ်။ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးနဲ့ လူမှုရေးမကွဲပြားမှုကြီးမားတယ်လို့ ရှင်းလင်းစွာကောက်ချက်ချနိုင်ပါတယ်။

နောက်တခုက နိုင်ငံရေးအိုင်ဒီယိုလော်ဂျီကို ပြောကြတဲ့သူတွေကို နားထောင်ကြည့်ရင်လည်း တခါတလေ ကနဦးအတွေးတွေနဲ့တင် ပြီးသွားတာ တွေ့ရတတ်ပါတယ်။ ဥပမာ လစ်ဘရယ်တွေကိုကြည့်ရင် John Rawl ရဲ့ တရားမျှတမှုသီအိုရီအစောပိုင်းစာအုပ်က အကြောင်းအရာတွေကို ပြောကြပေမယ့် နောက်ပိုင်းသူရေးသွားတဲ့ နိုင်ငံရေးလစ်ဘရယ်လစ်ဇင်စာအုပ်၊ ဒါမှမဟုတ် သူ့နှောင်းပိုင်းဘဝမှာ ပြန်လည်သုံးသပ်ထားတဲ့ “Justice as Fairness: A Restatement” စာအုပ်က အကြောင်းအရာတွေကို ဖတ်တာ၊ပြောတာ သိပ်မတွေ့ရတတ်ပါဘူး။

နိုင်ငံရေးအတွေးအခေါ်တွေဟာ လူတိုင်းအတွက် မလိုဘူး၊ အသုံးမဝင်နိုင်ဘူးဆိုတာ ဟုတ်ပေမယ့် နိုင်ငံရေးနဲ့ပတ်သက်ပြီး စာသင်ကြသူတွေ၊ နိုင်ငံရေးသမားအမည်ခံသူတွေ၊ နိုင်ငံရေးညှိနှိုင်းဆွေးနွေးကြသူတွေဟာ နိုင်ငံရေးအတွေးအခေါ်တွေကို သိဖို့ အလွန်လိုအပ်ပါတယ်။ ဒါမှသာ ညှိနှိုင်းတဲ့အခါ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ နိုင်ငံရေးဇစ်မြစ်တွေကို သိရှိပြီးဆွေးနွေးတဲ့ Informed Discussion ဖြစ်လာပါလိမ့်မယ်။

ဒီလိုအခြေအနေမှာပဲ နိုင်ငံရေးသဘောတူညီချက်တွေကို မြန်မြန်ရပြီး ခိုင်ခိုင်မာမာဖြစ်မှာပါ။ အခုဆို NUCC ရဲ့ ဆွေးနွေးမှုတွေ ကြာတာတွေ နောက်ပြန်လည်တာတွေဖြစ်နေတာဟာ ဒီလိုအခြေခံကျတဲ့ နိုင်ငံရေးဇစ်မြစ်တွေကို နားလည်မှုမတူတာတွေကြောင့်ဖြစ်တယ်ဆိုတာ ပါဝင်တဲ့သူတွေနဲ့ ဆက်တိုက်စောင့်ကြည့်သူတွေက နားလည်ကြမှာပါ။

ဥပမာပြောရရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထဲက အရေးပါတဲ့အဖွဲ့များဟာ တကယ်တော့ တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေဖြစ်တယ်လို့ နားလည်ကြသလို သက်ဆိုင်ရာတော်လှန်ရေးအစိုးရတွေရဲ့ ဥပဒေတွေ၊ ရပ်တည်ချက်တွေ၊ ထောက်ခံမှုတွေနဲ့ နေကြတာဖြစ်ပေမယ့် အခုနွေဦးတော်လှန်ရေးက ဗမာခေါင်းဆောင်တွေရဲ့ အမြင်မှာတော့ လက်နက်ကိုင်ထားတဲ့ CSO လိုလိုအမြင်တွေနဲ့ အဆင့်နှိမ့် ချဉ်းကပ်တာတွေ တွေ့ရမှာပါ။

အခေါ်အဝေါ်ကိုတောင် ERO (Ethnic Revolutionary Organizations) ဆိုတဲ့ အသုံးအနှုန်းလို အစုအဖွဲ့တွေထဲက တစ်ခုဆိုတဲ့ အဆင့်နှိမ့်အသုံးအနှုန်းတွေကို သုံးစွဲလာတာဟာ တော်လှန်ရေးထဲက နိုင်ငံရေးအရ တော်တော်အရုပ်ဆိုးပါတယ်။

ဗမာတွေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေထဲမှာမတွေ့ရတာ၊ နားလည်တယ်လို့ မခံစားရတာတစ်ခုက ဗမာ့ကိုလိုနီစနစ်ကို တော်လှန်နေတဲ့ နဂိုမူလ နိုင်ငံရေးယူနစ်လက်ကိုင်ရှိတဲ့ အဖွဲ့အစည်းတွေဟာ legitimacy ရှိတယ်ဆိုတာပါပဲ။

ဥပမာ ရခိုင်တွေဟာ ရခိုင်တိုင်းပြည်ကြီးနဲ့ နေခဲ့တဲ့သူတွေဖြစ်သလို တစ်လျှောက်လုံးလည်း မြန်မာဆိုတဲ့ ဗမာ့အတွေးအခေါ်လွှမ်းမိုးတဲ့ နိုင်ငံရေးယူနစ်ကြီးထဲ သွတ်သွင်းခံရတာကို မကြိုက်လို့ အစဉ်အမြဲ တော်လှန်နေတဲ့ တော်လှန်ရေးအစိုးရဆန်တဲ့ စုဖွဲ့မှုဖြစ်ပါတယ်။ ဒီလိုနားလည်မှုကွဲပြားတဲ့အခြေအနေတွေဟာ ညှိနှိုင်းရေးကို တစ်ဆို့စေသလို မကြာခဏနောက်ပြန်လည်စေတာပါပဲ။

နိုင်ငံရေးအတွေးအခေါ်မကြေလည်တဲ့အခါ နိုင်ငံရေးရည်မှန်းချက်က ပုံမကျတော့ပဲ တည်ငြိမ်တဲ့နိုင်ငံရေးအစီအမံ (Stable Political Order) ကိုမတည်ဆောက်နိုင်တော့ပဲ Tribalism လို့ခေါ်တဲ့ အုပ်စုဘက်ကိုပဲ အခြေခံတဲ့ ရပ်တည်ချက်တွေ ထွန်းကားလာပါတယ်။

နိုင်ငံရေးရပ်တည်ချက်ထက် အုပ်စုအမြင်ကြီးစိုးလာတဲ့အခါ အစွန်းရောက်မှုတွေ၊ လူသားမဆန်မှုတွေ၊ နားလည်မှုခေါင်းပါးတာတွေ၊ နိုင်လိုမင်းထက်ပြုတာတွေ၊ အားလုံးပါဝင်စေမှုလျော့နည်းလာတာတွေ၊ အာဏာရှင်စနစ်ကို ရေတို ရေရှည် ပုံစံမျိုးစုံနဲ့ ကျင့်သုံးတာတွေ ဖြစ်လာပါတော့တယ်။

နောက်ပြဿနာတစ်ခုက နိုင်ငံရေးအတွေးအခေါ်မကြေလည်တဲ့အခါ ယဉ်ကျေးမှုလက်ဝါးကြီးအုပ်ချင်တဲ့ နိုင်ငံတွေ အဖွဲ့တွေက သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ စံနှုန်းတွေကို သွတ်သွင်းတာကိုခံရတတ်ပါတယ်။ ဒါကို အထူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှုထွန်းကားလာတဲ့အခြေအနေမှာ ပိုမြင်ရပါတယ်။ ယဉ်ကျေးမှုလက်ဝါးကြီးအုပ်ခံရတဲ့အခါ ဘက်ယိုင်တဲ့ယဉ်ကျေးမှုကို မှီခိုလာရပါတယ်။

အဲ့သည်နောက်ကနေ ဈေးကွက်လက်ဝါးကြီးအုပ်တာတွေ၊ နိုင်ငံရေးလက်ဝါးကြီးအုပ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ အမေရိကန်ယဉ်ကျေးမှုကနေတဆင့် အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုကို ပံ့ပိုးပြီးအမေရိကန်နိုင်ငံရဲ့ငွေကြေးစီးပွားရေးကို အများကြီးထွန်းကားစေတာမျိုးတွေ တွေ့ရမှာပါ။ ဒေါ်လာလွှမ်းမိုးမှုကိုစိန်ခေါ်ဖို့ကြိုးစားတဲ့ လစ်ဗျားအာဏာရှင်ခေါင်းဆောင် ကဒါဖီဆိုရင်လည်း နောက်ဆုံးအသေဆိုးနဲ့ သေရတာရှိပါတယ်။

လက်ရှိ ထိုင်ဝမ်ဆိုရင်လည်း နိုင်ငံတကာ မိုက်ကရိုချစ်လေးတွေ ထုတ်လုပ်မှုမှာ အရေးပါလွန်းတာကြောင့် အမေရိကန်က နိုင်ငံတကာသဘောတူညီမှုတွေကိုပါ ဖောက်ဖျက်ပြီး စစ်ရေးနဲ့ အကာကွယ်ပေးတာတွေ ရှိပါတယ်။

အဲ့သည်အကာကွယ်ပေးမှု တရားဝင်ဖို့၊ ထောက်ခံမှုရဖို့အတွက်ကိုလည်း ဒီမိုကရေစီနာမည်၊ မီဒီယာနဲ့ အနောက်ယဉ်ကျေးမှုကို ကောင်းကောင်းအသုံးချပါတယ်။ ဒီလိုပဲ တရုတ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာချဉ်းကပ်မှုတွေကနေတဆင့် နိုင်ငံအတော်များများမှာ စီးပွားရေးအမြတ်ထုတ်တာတွေ တွေ့ရမှာပါ။

နိုင်ငံရေးအတွေးအခေါ်တွေကို မကျေလည်တဲ့အခါ ကိုယ်ကာကွယ်မယ်လို့ ပြောတာကိုပဲ ပြန်တိုက်ဖျက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ ဗမာတွေကိုကြည့်ရင် လွတ်လပ်ရေးအတွက်တိုက်တယ်လို့ နာမည်ခံခဲ့ပေမယ့် တလျှောက်လုံး တခြားနိုင်ငံငယ်တွေ၊ အမျိုးသားယူနစ်တွေကို ကျွန်ပြုစစ်မတိုက်တော့ပဲ ကိုလိုနီပြု ဆွဲယူပေါင်းထည့်ထားတာ တွေ့ရမှာပါ။

ဒါကိုကာကွယ်ဖို့ ပြည်တွင်းစစ်လို့ သုံးလိုက်ပါတယ်။ ဒါဟာ တကယ်တော့မမှန်ပါဘူး။ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ပွဲ စစ်စစ်မဟုတ်ပဲ ကိုလိုနီလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ စစ်ပွဲတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဗမာ့နိုင်ငံရေးမှာတော့ တခြားယူနစ်တွေကို အတင်းဆွဲစုပြီး အမြတ်ထုတ်ထားတာကို ပြင်းအားလျှော့ပြီး အတိုင်းအတာတစ်ခုအထိ Legitimacy ရှိဖို့ ပြည်တွင်းစစ်လို့ပဲ သုံးနှုန်းပါတယ်။

အများကြိုက်တယ်ဆိုတဲ့ ဒီမိုကရေစီဆီကိုကျော်တက်သွားပြီး မူလနိုင်ငံရေးယူနစ်တွေရဲ့ လွတ်လပ်ရေးကို ပြည်ဖုံးကားချလိုက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေဟာ ကောင်းကောင်းထောက်ခံမှုမရခဲ့တာ၊ ခုထိနားလည်မှုလွဲတာကို ခံနေရတာ၊ အဆင့်နှိမ့်ဆက်ဆံတာကို ခံနေရတာဖြစ်ပါတယ်။

စကားလုံးနိုင်ငံရေးရဲ့ အရေးပါပုံကို နားလည်ဖို့လိုပါတယ်။ နိုင်ငံရေးအာဏာရသူတွေ၊ နိုင်ငံရေးကစားသူတွေဟာ သဘောတူညီမှု၊ လက်ခံမှုနဲ့ Legitimacy တွေကို ဘယ်လိုထုတ်လုပ်သလဲဆိုတာ နားလည်ဖို့ လိုပါတယ်။

လက်ရှိနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပြောနေတဲ့မီဒီယာတွေနဲ့ နိုင်ငံရေးစာသင်နေတဲ့သူတွေဟာ ကိုယ့်အတွေးအခေါ်တွေရဲ့ ဇစ်မြစ်ကို နားလည်ဖို့လိုပါတယ်။ မဟုတ်ရင် သတင်းအမှားပေး၊ အချက်အလက်အမှားတွေ ဖြန့်ဝေနေတဲ့ ဝါဒဖြန့်လက်တံတွေ ဖြစ်မှန်းမသိဖြစ်လာပါလိမ့်မယ်။

မကြာသေးခင်က ဖတ်လိုက်ရတဲ့ လူမျိုးစုလေးတွေကို အမျိုးသားစုလို့ ခေါင်းစဉ်တပ်နေတဲ့ မီဒီယာတွေကြောင့် ဝေဝါးနေတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအမှားတွေကို ခိုင်မာစေတာမျိုးတွေ၊ လူမျိုးစုဗဟိုပြုဝါဒကို ဖက်ဒရယ်နဲ့ မှားပြောတာကြောင့် အပြစ်မြင်ခံမယ့် တိုင်းရင်းသားတော်လှန်ရေးတွေ၊ အုပ်စုကြိုက်ဝါဒ (Mobocracy) ကို ဒီမိုကရေစီနဲ့ ရောချတာကြောင့် ဖြစ်လာမယ့် အစွန်းရောက်မှုတွေအားလုံးဟာ ရင်လေးစရာဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတစ်ခုရဲ့ အဆုံးသတ်ဟာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်ဖို့ပါပဲ။ ဆွန်ဇူးက ရှည်ကြာတဲ့စစ်ပွဲက ဘယ်သူမှ အကျိုးမရှိဘူးလို့ ပြောခဲ့ဖူးပါတယ်။ တော်လှန်ရေးဟာ အဓွန့်ရှည်နေဖို့မလိုပါဘူး။ နိုင်ငံရေးဂုဏ်သိက္ခာ၊ နိုင်ငံရေးနားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရင် တည်ငြိမ်တဲ့စနစ်ကို မြန်မြန်အခြေချနိုင်မှာပါ။ လူမှုရေးစနစ်တွေကို ထိုင်ပြောနေကြပြီး နိုင်ငံရေးမညှိနိုင်ရင် ရှေ့မရောက်ပါဘူး။

နိုင်ငံရေးစနစ်ဆိုတာ လူမှုရေးစနစ်နဲ့မတူပါဘူး။ မတူညီတဲ့လူတွေရဲ့ ပါဝင်မှုတွေ၊ ဗဟုဝါဒတွေဟာ အခြေကျပြီးသား ကိုလိုနီစနစ်မဟုတ်တဲ့ လွတ်လပ်တဲ့နိုင်ငံရေးစနစ်ရဲ့ အစိတ်အပိုင်းများသာဖြစ်တာမို့ နိုင်ငံရေးဆွေးနွေးမှုတွေကို နိုင်ငံရေးဆန်ဆန် ရှုမြင်နိုင်ပြီး ရှေ့ကိုတက်လှမ်းနိုင်ဖို့သာ ဆန္ဒပြုလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ တော်လှန်ရေးတွေကြားက ဆက်စပ်မှုတွေကို အလျဉ်းသင့်သလိုရေးသားပါဦးမယ်။

စည်းနရီ