• Today is: Friday, March 29, 2024

အမေရိကန်က NUG ကို ဒီမိုကရက်တစ်အတိုက်အခံ အင်အားစုအဖြစ်သာ ရှုမြင်

အမေရိကန်က NUG ကို ဒီမိုကရက်တစ်အတိုက်အခံ အင်အားစုအဖြစ်သာ ရှုမြင်
မင်းသေ့ (သူ့အတွေးသူ့အမြင်)
၁။ အမေရိကန်ဟာ NUG ကို ဒီမိုကရက်တစ်အတိုက်အခံ အင်အားစု အဖြစ်သာ စဉ်းစားတာတွေ့ရတယ်။ ဒါကို လွတ်လပ်သောအာရှအသံ နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက် အင်တာဗျူးမှာ ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည် အရေးမှာ လက်နက်ကိုင်အရေး ထိပ်တက်လာတာမျိုးကို မလိုချင်တာလည်း တွေ့လိုက်ရတယ်။
ပြည်တွင်းက နိုင်ငံရေးရေချိန်အရ – လက်နက်ကိုင်လမ်းစဉ် ရေပန်းစားလာပေမယ့် အမေရိကန်က ကမကထပြုပြီး လက်နက်ကိုင်ပဋိပက္ခကို လောင်စာ ထပ်တိုးပေးတာမျိုးကို မလိုချင်ဘူးဆိုတာ သိသာထင်ရှားတယ်။ အခြေအနေအရ ပြည်တွင်းက အင်အားစုတွေက လက်နက်ကိုင်ခုခံကာကွယ်ခြင်းကိုလည်း အပြစ်တင်တာမျိုးတော့ မတွေ့ရပါ။
ဒါပေမယ့် မြန်မာ့ဒီမိုကရေစီ လျှောက်လမ်းအတွက် လက်နက်ကိုင်လမ်းစဉ်ကို ဦးစားပေးပြီး လျှောက်ပါ — ဆိုတဲ့ နိုင်ငံရေးအာဂျင်ဒါမျိုးတော့ အမေရိကန်က ထင်ထင်ရှားရှား မပြတာ — ၂၀၂၁ ဖေဖော်ဝါရီကနေ ယခုအချိန်ထိပါပဲ။
၂။ အမေရိကန်တွေရဲ့ ရီပက်ဘလစ်ကန် မဟုတ်သော ဒီမိုကရက်တစ် နိုင်ငံရေးအဝန်းအဝိုင်းမှာ — ဒီမိုကရေစီကို သွားတဲ့နေရာမှာ လက်နက်ကိုင်နည်းအားဖြင့် ရောက်အောင် လျှောက်လို့ ရတယ်ဆိုတဲ့ အယူအဆကို မယုံကြည်ကြဘူးဆိုတာမျိုး တွေ့ရတယ်။
ယူကရိန်းကဲ့သို့ ပြည်ပကျူးကျော်စစ်မှာ — လက်နက်ကိုင်တိုက်ပွဲ တည်ရှိခြင်းကို နားလည်လက်ခံပေးလို့ ရပေမယ့် — မြန်မာပြည်လို တတိယနိုင်ငံငယ်လေးမှာ အချင်းချင်း အာဏာသိမ်းပွဲဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ် ဖြစ်သွားတာဟာ — ဒီမိုကရေစီအတွက် တကယ်ဟုတ်ရဲ့လား ဆိုတာကို အမေရိကန်က ထင်မြင်ယူဆဟန်တူတယ်။ ဒါပေမယ့် ဒါကို ငြင်းချက်ထုတ်တာမျိုး ထင်ထင်ပေါ်ပေါ် မလုပ်ပါ။ လုပ်လို့လည်း မရပါ။ ဒါဟာ နိုင်ငံရေးအတိမ်အနက်ကို သိတဲ့သဘောဖြစ်ပါတယ်။
၃။ လက်ရှိ NUG အနေနဲ့ အမေရိကန်နဲ့ပတ်သက်ပြီး အသိအမှတ်ပြုမှု ရဖို့ / သံတမန် ဆက်ဆံရေးတစ်ရပ် ဖြစ်ထွန်းဖို့ ကြိုးစားနေတာဟာ — နိုင်ငံတကာ ဇာတ်ခုံမှာ အာဏာသိမ်းစစ်ကောင်စီကို delegitimize ဖြစ်အောင် ကြိုးပမ်းနေတာသာ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အကူအညီ အထောက်အပံ့ / အပံ့အပိုးကို ကောင်းစွာ ရရှိဖို့ ဆက်ဆံရေးကောင်းဖြစ်ထွန်းအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ NUG ကို အစိုးရတစ်ရပ်အနေနဲ့ တရားဝင် အသိအမှတ်ပြု ထုတ်ဖော်ပြောကြားဖို့ သိပ် မမျှော်လင့်နိုင်ဘူးဆိုတာ NUG က ခေါင်းဆောင်းပိုင်းက ကောင်းကောင်း သိပါတယ်။
၄။ အထူးသဖြင့် ဒီမိုကရေစီ ဘိုးအေ ကမ္ဘာ့အင်အားကြီး နိုင်ငံများ အဝန်းအဝိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ထောက်ခံနေမှ / စောင့်ကြည့်နေမှသာ — ပြည်တွင်းက ဒီမိုကရက်တစ် အတိုက်အခံ အင်အားစုဟာ သင်းသတ်မခံရမှာ ဖြစ်ပါတယ်။
ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစု (အသစ်) တွေဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ ဒီမိုကရေစီရအောင် လုပ်နိုင်မယ်လို့ ထင်နေကြတယ်။ သူတို့ ထင်နေသလို အမေရိကန်က မြန်မာ့အရေးအကဲခတ်တွေက မထင်ပါဘူး။
၅။ ဒါပေမယ့် ဒီနေရာမှာ သီးခြား ခွဲခြား စဉ်းစားစရာရှိတယ်။ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကတော့ ပေါင်းပြီး စဉ်းစားတာ ဖြစ်မယ်။ သီးခြား ခွဲထုတ် စဉ်းစားရမယ့်ကိစ္စကတော့ –
■ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်အာဏာရှင်ကို ချေမှုန်းနိုင်တယ်ဆိုတဲ့ အယူအဆ။
■ စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရင် ဒီမိုကရေစီ ရပြီ လို့ ထင်မြင်တဲ့ အယူအဆ နဲ့
■ စစ်အာဏာရှင်ကို ချေမှုန်းနိုင်တိုင်း ဒီမိုကရေစီ မဖြစ်ဘူး ဆိုတဲ့ အယူအဆ တို့ ဖြစ်ပါတယ်။
(ဒီစာကြောင်း (၃) ကြောင်းကို သေချာနားလည်အောင် ဖတ်ပါ)
လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်အာဏာရှင်ကို ချေမှုန်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ — အမေရိကန် အပြင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ အယူအဆ တူနိုင်ပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်ကို ချေမှုန်းနိုင်တိုင်း — ဒီမိုကရေစီ ရမယ်လို့တော့ အမေရိကန်က မမြင်ပါ။ အကြောင်းကတော့ ဒီဘက်က လူတွေရဲ့ သောက်ကျင့်လေးတွေကိုလည်း သိနားလည်ထားလို့ ဖြစ်မယ်။
ဒါပေမယ့် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ — စစ်အာဏာရှင် ကို ချေမှုန်းနိုင်လိုက်ခြင်းဟာ ဒီမိုကရေစီ ရခြင်းပဲလို့ ထပ်တူ ပြု စဉ်းစားကြတယ်။ တကယ်တော့ ဒါဟာ မှားသလားလို့ ပြောရင် မမှားဘူး။ ဒါပေမယ့် အလုံးစုံ မှန်ကန်သလားဆိုရင်တော့ မမှန်ကန်ပါဘူး။
အထူးသဖြင့် လက်နက်ကိုင်နည်းနဲ့ စစ်အာဏာရှင်ကို ချေမှုန်းနိုင်ပေမယ့် ဒီမိုကရေစီ မဖြစ်တဲ့ သက်သေသာဓက တွေ အမြောက်အမြား ရှိလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်လို ပထဝီနိုင်ငံရေးအနေအထားမျိုးရှိတဲ့တိုင်းပြည်မျိုးမှာ – လက်နက်ကိုင်လမ်းစဉ်နဲ့ ဒီမိုကရေစီကို မုချ အရောက်သွားနိုင်မယ်လို့ အမေရိကန်က မယုံကြည်ပါ၊ မယူဆပါ။
၆။ ဒီလို ပြောလို့ — မြန်မာ့နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပစ်လိုက်ရမှာလားလို့ ပြောရင် မဟုတ်ပါ။ အဲသည်လို ဆိုလိုတာ မဟုတ်ပါ။ သဘောအမြင်ကို နားလည်နိုင်အောင် တင်ပြခြင်း သက်သက်မျှသာ ဖြစ်ပါတယ်။
လိုရင်းချုပ်ရရင် —
အမေရိကန်ဟာ စစ်အာဏာရှင်ကို ချေမှုန်းနိုင်တိုင်း ဒီမိုကရေစီ မဖြစ်ဘူး လို့ ယူဆတယ်။ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆိုတာ သည့်ထက် ပိုလွန်တဲ့ အခြေအနေတွေ လိုအပ်သေးတယ်။ ဒါ့အပြင် လက်နက်ကိုင်နည်းလမ်းနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်တဲ့ နည်းနာကို အမေရိကန်က မြန်မာ့အရေးမှာ မရှုမြင်ထားပါ။
ဒါပေမယ့် ပြည်တွင်းလူထုရဲ့ သဘောထားအမြင်ကို လေးစားတဲ့အတွက် လက်နက်ကိုင် ခုခံတော်လှန်စစ်ကို မကန့်ကွက်ပါ။ သို့သော် သူကိုယ်တိုင် ကာယကံမြောက် အားပေးအားမြှောက်လုပ်ဖို့တော့ ရည်ရွယ်ချက်မရှိဘူး။ လက်နက်ကိုင် လမ်းစဉ် လျှောက်နေတဲ့ NUG ကိုတော့ — ယခင် စစ်အစိုးရခေတ်တွေက ဒီမိုကရက်တစ်အတိုက်အခံ နိုင်ငံရေး အင်အားစုကြီး အဖြစ်သာ ရှုမြင်ယူဆထားပုံရတယ်။