• Today is: Friday, March 29, 2024

မြန်မာ့ လူဦးရေ ၁၇သန်းကျော်က အရေးပေါ် လူသားချင်းစာနာမှု အကူအညီလိုအပ်နေ

ဓါတ်ပုံ – ကရင်စစ်ဘေးရှောင်များကို မြင်တွေ့ရစဉ်၊ ပုံဟောင်း။ 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၆၊ ၂၀၂၃
မြန်မာရဲ့ လူဦးရေ သုံးပုံတစ်ပုံက အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေသလို အကူအညီ ရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မြန်မာက မတ် ၅ ရက်က ထုတ်ပြန်ပါတယ်။
UNOCHA မြန်မာရဲ့ စစ်တမ်းတွေအရ ၂၀၂၃ ခုနှစ် မှာ အကူအညီ လိုအပ်နေတဲ့ လူဦးရေက ၁၇ ဒသမ ၆ သန်းခန့် ရှိနေပြီး ဒီ‌အရေအတွက် နိုင်ငံ့လူဦးရေရဲ့ ၃ပုံ ၁ပုံ ဖြစ်နေတယ်လို့ဆိုပါတယ်။
အဲ့ဒီထဲက လူဦးရေ ၄ ဒသမ ၅ သန်းအတွက် ဦးစားပေးပံ့ပိုးထားပြီး အများစုက ပဋိပက္ခဖြစ်ပွားနေတဲ့ ကျေးလက် ဒေသတွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် အခုနှစ် ၂၀၂၃ ခုနှစ်အတွက် မြန်မာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်ဟာ အမေရိကန် ဒေါ်လာ သန်း ၇၆၀ကျော် ကုန်ကျနိုင်တယ်လို့လည်း UNOCHA မြန်မာက ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်လထဲမှာ လူပေါင်း တစ်သိန်းခွဲကျော် စစ်ဘေးရှောင်ရပြီး စစ်ဘေးရှောင်စခန်းတွေနဲ့ တောတွေထဲမှာ မရေရာတဲ့အခြေအနေတွေနဲ့ နေထိုင်နေရတဲ့အပြင်၊ စစ်တပ်က အာဏာသိမ်းမှုအလွန် စစ်ရှောင် ဦးရေဟာ ဖေဖော်ဝါရီ ၂၇ ရက်အထိ ၁ ဒသမ ၃ သန်းအထိ တိုးလာခဲ့တယ်လို့ ကိန်းကဏန်းတွေက ဖော်ပြနေပါတယ်။