• Today is: Monday, May 20, 2024

အလောင်းတွေကို တာယာတွေနဲ့ မီးရှို့လိုက်တယ်

အလောင်းတွေကို တာယာတွေနဲ့ မီးရှို့လိုက်တယ်

 ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၇၊ ၂၀၂၃ 

ကျနော့ နာမည်ကတော့ xxx ပါ ။ ရဲ တပ်သား ။ xxx မှာ တာဝန်ကျခဲ့ပါတယ် ။ 

ရဲထဲစဝင်ခဲ့တာ ၂၀၁၁ / ၂၀၁၂ ခုမှာ ဝင်ခဲ့တယ် ။ လုပ်သက်က ၅နှစ်ပဲ ။ ၅နှစ်ပြည့်တာနဲ့ ထွက်လာတာ။ 

ရဲထဲ စဝင်ဖြစ်တာက အိမ်မှာ လွတ်လွတ်လပ်လပ် မနေရလို့ လွတ်လွတ်လပ်လပ် နေချင်လို့ ရဲထဲဝင်လိုက်တယ် ။ ဘာရည်ရွယ်ချက်မှတော့ မရှိဘူး။ မတရားတာတွေ အာဏာသုံးပြီး မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်တာတွေ မပြောသင့် မပြောထိုက်တာတွေ ပြောတာတွေ ကိစ္စ အမျိုးမျိုးတွေ ကြောင့်  မြန်မာပြည် ရဲ့ system တွေ မကြိုက်လို့ အဲတာကြောင့် ပဲ ကျနော် ၅နှစ် ပြည့်တာ နဲ့ ပိုက်ဆံ အကုန်ခံပြီး ထွက်လိုက်တာ ။

ကျနော် ပထမဦးဆုံး xxxမှာ သင်တန်းတက်ပြီး တပ်ရင်း ၄မှာ တစ်နှစ် တာဝန်ကျတယ်။ ပြီးတော့ xxx တိုင်းမှာ ၄နှစ်။ တိုင်းရုံးမှာ နေရတာများတယ်၊ တိုင်း တပ်ရင်း ရဲ တပ်ဖွဲ့ ရုံးမှာပါ။ 

ကျနော်က တပ်ရင်းမှာ နေတုန်းက ရှေ့တန်းစစ်ကြောင်းရုံးမှာ နေရတယ်။ မြို့ပေါ်မှာပေါ့။ xxxကျောင်းမှာ တာဝန်ယူရတယ်။ ရဲ တပ်ရင်း တစ်ခုလုံးက အဲဒီမှာ တပ်စွဲ ထားတာ။ လုံခြုံရေး ယူရတာပေါ့ ။ အဲဒီကနေမှ ရခိုင်ကို တစ်လခွဲ သွားရတယ် ။ ၂၀၁၂ ထဲမှာ။ 

ရခိုင်မှာ အရေးအခင်း စဖြစ်ကာစက စစ်တပ် နဲ့ ရဲ နဲ့ ပူးပေါင်းပြီး ည ဘက် ကင်းလှည့်ရတယ်။ ညဘက် ကင်းလှည့်တာ အများဆုံး လိုက်ရတယ် ။ မနက်ဘက် ကျ အပြင် မထွက်ရဘူးလေ။ ညဘက် တစ်ညလုံး ကင်းလှည့် ရတဲ့ အတွက် မနက်ပိုင်းကျ တနေကုန် နားရတယ် ။ အဲဒီအချိန်မှာ ညဘက် ကင်းလှည့်တဲ့ အချိန်မှာ မည်းမည်းမြင်တာနဲ့ ပစ်ရတယ်။ ကျနော့် ဘေးက တစ်ယောက်ဆို ဂျင်ကလိ နဲ့ အပစ်ခံရတယ်။ ကျနော် နဲ့ တစ်ပတ်စဉ် ထဲပဲ သူငယ်ချင်းပဲ။ ကျနော့် ဘေးမှာတင် သေသွားတယ်။ စစ်တပ်ကရော ကျနော်တို့ကပါဖမ်းတယ်၊ စစ်တပ်က လူမဆန်စွာ သတ်တယ်။ အဲဒီတုန်းထဲက ရခိုင်လည်းပါတယ် ဘင်္ဂါလီ လည်းပါတယ်။ (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။) ကြုံရင်ကြုံသလို ရောသောဖောသောတွေပေါ့ ၁၄၄ ထုတ်ထားတာကိုး။ 

တစ်ခု ကြုံခဲ့သေးတယ်။ စစ်တပ်က  ရွာဘက်ကို သေနတ်နဲ့ လှမ်းပစ်တာ။ ဘေးမှာ ရွာတစ်ရွာ ရှိတယ်။ မီးပုလင်း နဲ့ ပစ်ခံရပြီးတော့ ဘယ်လောက်မှ မလှမ်းဘူး ကိုက်  ၁၀၀ လောက်ပဲ ရှိမယ် အဲဒီရွာကို စစ်သားတွေက ကားပေါ် က ဆင်းပြီးတော့ တောက်လျောက် လှမ်းပစ်တာပေါ့။ အခု ချိန် ထိ အဲ့တာတွေ မျက်လုံးထဲက မထွက်သေးဘူးပေါ့။ သိသလောက် အဲ့ဒီမှာ နေခဲ့ရတဲ့ ကာလ မှာ ၂ဦး ၂ဖက် ပြဿနာ ဖြစ်အောင် လုပ်နေသလို ကြီးကို ဖြစ်တယ်။ တော်တော်ကြီး စိတ်သောက ရခဲ့ရတယ်။ သင်တန်း ဆင်းခါစတွေ လူငယ်တွေလဲ ဖြစ်တော့ ကင်းလှည့်တာ လူ အင်အား ၄၅ ယောက်၊ စစ်တပ်က ၂၅ ယောက် ရဲ က ၂၀။

အဲဒီမှာ  ဖြစ်ပြီးတော့ ကားပေါ် ပြန်တက်ပြီးတော့ ကျနော် တို့က သူတို့ နောက်ကပဲ လိုက်ရတာလေ။ ကားပေါ်  ပြန်တက်ပြီးတော့ သက်ဆိုင်ရာ တပ်ခွဲကို ပြန် သွားရတာကိုး။ နောက် ဘင်္ဂါလီလူမျိုး ၄ယောက်ကို (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။) ၄ယောက် သေဆုံးတာတော့ အလောင်းတွေတော့ တွေ့လိုက်ရတယ်။ ကျနော့်မျက်စိ ရှေ့မှာ တွေ့ခဲ့လိုက် ရတယ်။ ပစ်တာတော့အသံပဲ ကြားလိုက်ရတယ်။ သေနတ်သံ ကြား တော့ ဘာဖြစ်လို့လဲ လိုက်မေးတဲ့ အခါမှာ ကန်တော့ ဗျာ သူတို့ ပြောတဲ့ စကားပေါ့ ကုလား ၄ကောင်ကို သတ်လိုက်တယ် စောက်လုပ်ရှုပ်လို့ဆိုပြီး။ (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။)  အဲဒီလိုကြားတော့ စိတ်ထဲ မကောင်းဘူး။  ညနေ ပိုင်းမှ အလောင်းတွေ တွေ့ရတာပေါ့။ သူတို့ ဒီအတိုင်း တာယာတွေနဲ့မီးရှို့လိုက်တာပဲ။ ကောင်းကောင်းမွန်မွန် မြေမြှုပ်တာတွေ ကောင်း မွန်မွန် သဂြိုလ်တာတွေ မရှိဘူး။ အမှိုက် မီး ရှို့ သလို ရှို့ခဲ့တာပဲ။ 

ကျနော် တို့ကတော့ အဲ့ဒီ အချိန်တုန်းက လွတ်လွတ်လပ်လပ် သွားလာလို့လဲ မရခဲ့ဘူး။ ဘယ်နား မသွားနဲ့ဆို မသွားရဘူး ။ သွားရင်လဲ သူတို့ ကားနဲ့ပဲ သွားရတယ်။ နောက်ဆုံး ရှင်းရှင်း ပြောရရင် ငါတို့ သွားခဲ့တာ ဘယ်ရွာ ငါတို့ နေခဲ့တာ ဘယ်ရွာ ဆိုပြီး တိတိကျကျ မသိခဲ့ရဘူး။ နောက်မှ မင်း နေခဲ့တာ ဘယ်မြို့ပေါ့ ဒီလောက်ပဲ သိခဲ့ရတာ။ ကျနော် တို့ အဖွဲ့တွေ က ညဘက်တွေပဲ သွားရတာ များတာကိုး နေ့ဘက်တွေကျ ဘယ်သူမှ မထွက်ဖြစ်ဘူး။  ညနေဘက်ဆို ရေမိုးချိုးပြီး ညဘက် ထွက်ဖို့ ပြင်ဆင်ရတယ်။ ၆နာရီလောက်ထဲ က စ ထွက် ရ တာ ဆိုတော့ ၄နာရီခွဲ ၅နာရီလောက် ထဲက ကြိုတင် ပြင်ဆင်ရတာပေါ့။ နားတဲ့သူက နား အိပ်တဲ့သူ က အိပ် ဆိုတော့ တချို့ဟာတွေတော့ မသိဘူး ။ 

အဲဒီကနေ xxx မှာ ဒုရဲချုပ် ဦးအောင်နိုင်သူ ရဲတပ်ဖွဲ့မှုး ဖြစ်နေတဲ့အချိန် အချိန်မှာ သူ ရဲ့ လှမ်းခေါ်မှု ကြောင့် တိုင်းရုံး ရောက်တယ် ။ ၄နှစ် တာဝန် ကျခဲ့တယ်။ ရဲတပ်ဖွဲ့ထဲမှာ တော်တော်များများ သိပြီးသား ဖွဲ့စည်းပုံ စီးဆင်း ပုံက မြို့နယ်မှုး ရှိမယ်၊ မြို့နယ် ရုံးအဖွဲ့ ရှိမယ်။  အဲလိုအချိန်မှာ နယ်ထိန်းလောက်နဲ့ကို ဝင်ငွေကောင်းတယ်။ ရဲတပ်ဖွဲ့က ပြည်သူကို စောင့်ရှောက်တဲ့ အလုပ် မလုပ်ရဘူး ကျနော်တို့က ပိုက်ဆံ ရှာတဲ့ အလုပ် လုပ်ခဲ့ရတယ်၊ ကျနော်တို့ ခေတ်ကာလမှာပေါ့။ ကျနော်ကိုယ်တိုင်လည်း နယ်ထိန်း လုပ်ခဲ့ဖူးတာကိုး။ ကျနော့် အမျိုးသမီး ဆို ကျနော့် လစာ ဘယ်လောက် ရလဲ မသိခဲ့ရဘူး၊ တစ်လ ရော့ ၅သိန်းဆို ၅သိန်းပဲ။ မိဘတွေကလဲ အဆင်ပြေတဲ့ အနေအထား တစ်ခု ဆိုတော့ သူများဆီက ပိုက်ဆံ မတောင်းချင်ဘူး။ ရဲတပ်ဖွဲ့က ဘာနဲ့ သွားတူလဲဆို လောင်းကစား အကောက်ခွန် ဖြစ်နေတယ်။ လောင်းကစား အကောက်ခွန် မူးယစ်ဆေးဝါး အကောက်ခွန် အဲဒီလို ဖြစ်နေတယ်။ ဥပဒေ အကျိုးပြု လုပ်ငန်းတွေ ဘာမှ မလုပ်ရဘူး။ နောက်ဆုံး ကိုယ်က မတရားမှု တစ်ခု ကြုံလို့လုပ်မယ် ဆိုရင် တောင် မှ အရေးယူမှု အပိုင်းတွေ၊ သတင်းမပို့တာတွေ အများကြီး ရှိခဲ့တယ်။

ဒီတုန်းက ကျနော်က တိုင်းရုံးက ဝန်ကြီးချုပ်ကားကို အားရင်အားသလို တစ်လှည့် မောင်း ပေးနေတာ။ ဧရာဝတီတိုင်းက ဟိုတုန်း က စစ်ဗိုလ်တွေ နဲ့ ပေါင်းပြီးတော့ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို မတရား သိမ်းထားတဲ့ ငါးကန်တွေ ပိုင်တဲ့ ဒေါက်တာ သန်းထွဋ်  ဆိုတဲ့တယောက်က ကျေးရွာနေပြည်သူတွေ နဲ့ ပြဿနာတက်တယ်။ အဓိကရုဏ်း ကို ဖန်တီးတဲ့ အဓိက တရားခံက သူကိုယ်တိုင်။ ပြည်သူတွေက ဒီမြေကို ပေးဖို့ အလုံးစုံ မဟုတ်တောင် လျော်ကြေး သဘောမျိုးပေးဖို့ တောင်းဆိုတယ်။ သူ အနေ နဲ့ ပေးမယ်ဆို လူမိုက်တွေ ငှား သလောက် တောင် မကျဘူး။ အဲဒီ အချိန်မှာ ဘာလုပ်လဲ ဆိုတော့ အဓိကရုဏ်း ဖန်တီးတယ်။ သူ ကိုယ်တိုင် xxxက လူမိုက် တွေခေါ် ခေါ်ပြီးတော့ ရဲတွေ နဲ့ ရင်ဆိုင်ခိုင်းတယ်။ xxxက လူမိုက်လုပ်နေတဲ့ ကောင်တွေကလည်း ကိုယ်နဲ့ မကင်းတဲ့ကောင်တွေချည်းပဲ။ ကိုယ်ကလည်း နယ်ထိန်း လုပ်နေတာဆိုတော့ ကျနော် တို့ဆီမှာ တစ်ခုခု ဖြစ်ရင် တောင် သူတို့ ကိုပဲ လှမ်းထောက်နေရတယ်။ လှမ်းစုံစမ်းနေရတယ်။ အဲဒီတုန်းက ကျနော့် သူငယ်ချင်း တစ်ယောက်ဆို ခေါင်းကိုဓားနဲ့ အခုတ်ခံရတယ်။  အဲတုန်းက ဒုတိုင်းမှုးပါပါတယ်။ ပစ်မိန့်တောင်းတယ်။ မိုးပေါ်ထောင်ပစ်မယ် အောက်ကို ပစ်မယ်။ အဲဒီတုန်းက သေနတ်အစစ် မဟုတ်ဘူး။ ရာဘာကျည်တွေထည့်ပြစ်ရတဲ့ အထိကရုဏ်း နှိမ်နင်းတဲ့ သေနတ်ပေါ့။ လူတွေကို မသေစေနိုင်ဘူး ထိခိုက် နာကျင်ရုံပဲ ရှိမှာ။ ပစ်မိန့် တောင်းလဲ ပစ်မိန့် မပေးဘူး။ အဲဒီထဲမှာ ကျနော် တို့ လူ တစ်ယောက် သေတယ်။ ကျနော် နဲ့ တစ်ပတ်စဉ်ထဲ ကောင်လေးက ပစ်မိန့် မစောင့်ပဲ သူဘာသာ ၄ ၊ ၅ချက် လူအုပ်ထဲ ပစ်ထည့်တော့မှ လူအုပ်ကျဲ သွားတယ်။ အဲ့ဒီတော့မှ အလောင်းကို  ဆွဲထုတ်ရတယ်။ ကျနော် ရဲ ထဲမှာ ၅နှစ်ပဲနေခဲ့တဲ့ အကြောင်းပြချက်က အဲဒါတွေလည်း ပါတယ် ။ 

ကျနော် ရဲထဲက ထွက်တော့ ကျနော်၁၇ သိန်းလောက် ကုန်သွားတယ်။ ကျနော့်အိမ်ကလဲ အကုန် အကျ ခံပေးတယ်။ အဲဒီတုန်းက ၂၀၁၅ မှာ NLD ပါတီ အနိုင်ရတယ်လေ။ အဲ့ဒီတုန်းက အမေ တို့က ကျနော် အမေ က နိုင်ငံရေး လုပ်နေပြီ NLD အောင်နိုင်ရေး တောက်လျောက် လုပ်နေတာ။ ကျနော်ကလည်း ရဲ ထဲမှာ။ အမေကလဲ နင် ထွက်မှ အမေ လွတ်လွတ် လပ်လပ် လုပ်လို့ရမယ်။ အမေလုပ်တာတွေက သားကို ထိခိုက်မယ် ဆိုတော့ သားလဲ ထွက်ချင်နေပြီ။ အမေ ကိုယ်တိုင် အကုန်ကျ ခံပေးလို့ ရဲထဲက ထွက်လာနိုင်တာ။ ၁၇သိန်းလောက် ကုန်သွားတယ်။

အဲဒီကတည်းက ကျွန်တော် ပြော တယ် အာဏာသိမ်းတော့မှာဆိုပြီး။ ဘာဖြစ်လို့လဲ ဆို၊ သူတို့ စစ်ကောင်စီ ဘက် ကနေ မိုးကျရွေကိုယ် လို့ ပြောတဲ့ အသွင်ပြောင်းတွေကနေ ဌာန ဆိုင်ရာ ပေါင်းစုံကို လှိမ့်ဝင်နေကတည်းက ကျနော့် အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကြည့်ပြီး သိတာ။ အဲဒါကြောင့်လဲ ကျနော် အမြဲ ပြင်ဆင်တယ်။ အာဏာသိမ်းတဲ့နေ့ မှာလဲ ကျနော် စဉ်းစားတယ် ဘာလုပ်မလဲဆိုပြီး။ ကျနော့် သူငယ်ချင်းတွေ တိုင်ပင်ပြီး တိုက်ခိုက်ရေးပိုင်းတွေ လုပ်မယ်၊ ဆန္ဒပြပွဲတွေကို ဝန်းရံမယ်။ ဆန္ဒပြတဲ့ လူထု ကို ကာကွယ်ဖို့ အတွက် ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့တယ်။ ဂျင်ကလိတွေ သွေး ထားတယ်၊ ဓားအတိုလေးတွေ လုပ်တယ်။ စစ်ကြောင်းမှာ တောက်လျောက် လူ ဖြန့်ထားတယ်။  ကျနော်တို့ကို ပစ်ရင်တောင်မှ ပြန်ပစ်လို့ ရအောင် ခုခံလို့ ရအောင်ပြင်တယ်။ ဒီအတိုင်းကြီး အရိုက်ခံပြီးအသေမခံဘူး။ သေမယ့်အတူတူ ပစ်ပြီးတော့မှ သေမယ် ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တယ်။

အဲဒါ ကြောင့် လဲ အစောကြီး တိမ်းရှောင်ရတာပေါ့။ တိမ်းရှောင်ပြီးတော့ ပထမဦးဆုံး လွတ်မြောက်နယ်မြေ တစ်ခုကို ရောက်အောင် လာတယ်။ ၃လပိုင်း ၁၈ရက်နေ့မှာ ရောက်တယ်။ ABSDFကိုရောက်တယ်။ အဲ့ဒီတုန်းက အဲဒီမှ မစုံသေးလို့ KNDO  မှာ သွားပြီး မိုင်း သင်တန်း တက်တယ်။ တက်ပြီး xxxကိုပြန်တယ်။ အဲဒီမှာ ထုတ်လုပ်ရေးပိုင်းတွေ၊ ဖောက်ခွဲရေးပိုင်းတွေ၊ လုပ်တယ်။ ကျန်တဲ့ မြို့တွေနဲ့ link ချိတ်ပြီး တောက်လျောက် လုပ်တယ်၊ ရန်ကုန်က xxxနားအထိ တောက်လျောက်လုပ်ပြီး xxx ဂိတ်မှာ ကျနော့် ရဲဘော် တစ်ယောက် အဖမ်းခံရတယ်။ မိန်းမ ကလဲ ပညာရေး က  CDM မို့  နောက်ဆုံး လုံး၀ နေမရတော့တဲ့ အဆုံး အိမ်ကို ဝင်စီးတဲ့ အချိန်မှာ အဲဒီနေ့ကနေ စပြီး လင်မယား ၂ယောက်လုံး အိမ်က စထွက်ရ တော့တာပဲ။ သမီးလေးကိုတော့ သူ့အဘိုးအဘွားတွေ နဲ့ ထားခဲ့ရတယ်။

ပွင့်ပွင့်လ င်းလင်း ပြောရရင် ကျနော်သုံးသပ်ချင်တာက တချို့တွေကတော့ စစ်တပ်က လူအင်အား အရမ်းနည်းသွားပြီလို့ ပြောတာပေါ့။ ကျနော်တို့ နယ်မြေ xxx ဘက် တွေ မှာဆိုရင် ကြံ့ခိုင်ရေးတွေက များတယ်။ ကြံ့ခိုင်ရေးထဲမှာ ပျူစောထီးတွေ ဆိုတာကလဲ အင်အား မနည်းဘူးလေ။ ယူဂျီ လုပ်တဲ့ လူငယ်တွေ အင်အားလောက်ရှိတယ်။ ရန်သူရဲ့ အင်အားကိုလည်းလျော့တွက်လို့ မရဘူး။ သူတို့ရဲ့အတွင်းထဲမှာလဲ တော်တော် လေး ယိုင်လာပါပြီ။ အရိုးအရင်း ကိုက် လို့ရသလောက်တော့ စားနေကြတုန်းပေါ့။ ထင်ပါတယ် အနည်းဆုံး နောက် ထပ် ၂နှစ် လောက် တော့ သွားအုံးမယ်လို့။ NUG လူကြီးပိုင်းတွေ က မညီညွတ်တာရယ်၊ local PDF ခေါင်းဆောင် လူလတ်ပိုင်းတွေကလဲ မညီညွတ်ဘူး။ Link တွေ မချိတ် ကြတာ နဲ့ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးသလို ဖြစ်နေတယ်။ အနည်းဆုံး ၂နှစ်၊ ၃နှစ်တော့ ကြာအုံးမှာ။ စစ်ကောင်စီ ဘက်ကတော့ ပြိုကျလာမှာပါ။ တဖြည်းဖြည်း ပြိုနေပြီ ရှုံးဖို့က ကျိန်းသေ နေပြီ။

အရေးကြီးဆုံးက အိမ်တစ်အိမ်လုံး ဖျက်ပြီးပြန်ပြင်မှတော့ တိုင်အဟောင်းတွေ အစားထိုးလို့ မရ ဘူးလေ တိုင်အသစ်တွေ သုံးရမှာပဲ။ အဲ့ဒီလိုပါပဲ သင်တန်း တစ်ခု ဆိုရင် အနည်းဆုံး ၆လ၊ ၁နှစ်ကတော့ ကြာမယ်။ သက်ဆိုင်ရာ မြို့နယ်မှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ရှိတယ်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့ အနည်းဆုံး တစ်နှစ်လောက်ကတော့ တောင့်ခံရမယ်။ NUG ပဲ ဖြစ်ဖြစ်၊ တခြား အစိုးရပဲ ဖြစ်ဖြစ် ဒီအဖွဲ့တွေကို ဩဇာ အာဏာ ညောင်း ရမယ်။ ၁နှစ်လောက်ကို တပ်မတော် အတွက် ဆိုပြီး သက်သက် သီးသန့်ကို သင်တန်းတွေ ပြန်ပေး ရမယ်။ နိုင်ငံတကာ ရဲ့ အကူအညီ ယူ ရမယ်။ နိုင်ငံ တကာ အကူအညီ ယူမယ် ဆိုရင်တော့ အကုန်လုံးက ကူညီ ကြမှာပဲ။ နည်းပညာပိုင်းကတော့ ပြန်လည် တည်ဆောက် ရမယ်။ ၁နှစ် ၁နှစ်ခွဲကတော့ လက်ရှိ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိန်းရ မယ်။

ရဲတပ်ဖွဲ့ဝင် ဟောင်းတွေ CDM ရဲ တွေ ကို စော်ကားတာ မဟုတ်ဘူး။ တကယ်လို့ ကျနော် တို့က အမြစ်ဖျက်ပြီး system တစ်ခုကို ပြောင်း တဲ့ အချိန်မှာ ဟိုးအစကနေ ပြန်လုပ်ရမယ်။ ကျနော့် သဘောဆို CDM တွေကို ပြန်မသုံး သင့်ဘူး။ ကျနော် လဲ မသုံးချင်ဘူး။ ကျနော်ဆိုလဲ ပြန်ဝင်ဆိုလဲ ဝင်မှာ မဟုတ်ဘူး။ မသင့်တော်ဘူး။ ကျနော် တို့မှာက သူတို့ရဲ့ မှိုင်းက အော်တို ရှိပြီးသား။ ကွေးစရာ ဆန့်စရာ မလိုဘူး။ ကျနော် တို့မှာ အဲ့ဒီစိတ် ရှိတယ်။ ဒီကိစ္စ မနစ်နာပါဘူး ညှိုနှိုင်းပေးလိုက်မယ် ဆိုတဲ့ အတွေးမျိုးတွေ တကယ် ပြစ်မှု ကျူးလွန်ရင် ပြစ်မှုကို ခံစားရမယ်။ အဲ့လိုမျိုးပေါ့ တကယ်နစ်နာရင် နစ်နာသူက နစ်နာသလောက် အကျိုး ခံစားခွင့် ရှိရမယ်။ ဒါမျိုးလေးတွေ အစကနေ ပြန်တည်ဆောက်ရမှာပေါ့ ။

ကျနော် ခံယူ ထားတာကတော့ ရဲတပ်ဖွဲ့ထဲမှာ နေတုန်းက ဆိုရင် ကျိန်းသေတယ် တရားမျှတမှု ဆိုတာ လုံးဝ မရှိခဲ့ဘူး။ လက်ရှိ အထိ မည်သည့် တပ်ဖွဲ့ဝင် မဆို နောက်ဆုံး CDM လုပ်ချင်း မလုပ်ချင်း ထားအုံး  ကြိုက်တဲ့ရဲ သွားမေး တရားမျှတမှု ဆိုတာ မရှိဘူး။ လက်ရှိ အထိ ကျနော် တို့ တော်လှန်ရေး လောကမှာကိုက မရှိတာ။ အဲဒါက အရမ်း အရေးကြီးတယ်။ တရားမျှတမှု ဆိုတာ တချို့ကျ ကိုယ် ရသင့် ရထိုက်တာကို ယူမှ တရားမျှတမှု၊ ကိုယ်ရသင့်ရထိုက်တာ ကို ရမှ တရားမျှတမှု ရှိတယ်လို့ လူတိုင်း က ခံယူ ကြတယ်။ ကျနော် ကတော့ အဲဒီလို မခံယူဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်တာ၊ တရားမျှတမှု လို့ ထင်တယ်။ အရှင်းဆုံးပြောရင် တချို့ကျ နစ်နာတယ်။ တစ်ဆယ်ဖိုးလောက် နစ်နာတာ ကို ၁၀၀ဖိုးလောက် လိုချင်တဲ့သူ ရှိတာကိုး။ ကျနော် တို့ဘက်က အလျှော့ပေးလိုက်ရတာတွေ ရှိတယ်။ နစ်နာခံပေးလိုက် ရတာ တွေ ရှိတယ်။ ကျနော်ကတော့ အဲ့ဒီလိုပဲ ခံယူပါတယ် ။