• Today is: Monday, May 20, 2024

နိုင်ငံလုံးကျွတ် လူထုဆန္ဒခံယူပွဲ(Referendum) ကျင်းပခြင်းမျိုး ရှောင်ရှားသင့်

နိုင်ငံလုံးကျွတ် လူထုဆန္ဒခံယူပွဲ(Referendum) ကျင်းပခြင်းမျိုး ရှောင်ရှားသင့်

  • ဆလိုင်း ကျဲအိုဘိခ်ထောင်း

မကြာသေးခင်က မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုပွဲတစ်ခုမှာ ပညာရှင်ကြီး တစ်ဦးက လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ရန် အရေးကြီးကြောင်းကို ထပ်ခါထပ်ခါ ပြောဆိုခဲ့ရာ မိမိအနေဖြင့် အင်မတန် စိတ်မသက်မသာ ဖြစ်ခဲ့ရပါသည်။ ပညာရှိ သတိခဲဟု ဆိုရမလို။ မြန်မာနိုင်ငံ၏ ရေခံမြေခံ အခြေအနေကို ထည့်တွက်မှု အားနည်းခဲ့သည်ဟု ဆိုရမှာလား။ သို့မဟုတ် တိုင်းရင်းသားလူနည်းစုဖြစ်သော ကျွန်တော်ကိုယ်တိုင်က အစိုးရိမ်လွန်နေလို့လား။

ထိုကဲ့သို့ မိမိအနေဖြင့် အတွေးနယ်ချဲ့ရင်း NUG/NUCC ၏ ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဉ် (CDC) အခန်း ၃၊ လမ်းပြမြေပုံ အပိုဒ်ခွဲ ၁၁ မှာ ‘လူထုဆန္ဒခံယူပွဲ ကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု’ရန် ပြဌာန်းထားသည်ကို စိတ်မကောင်းစွာ ပြန်လည်သတိပြု တွေ့မိရပြန်သည်။

အမှန် ဤနိုင်ငံလုံးကျွတ်လူထုဆန္ဒခံယူပွဲကိစ္စသည် ဗမာခေါင်းဆောင်များ၏ အတွေးအခေါ်ထဲမှာသာ စွဲကပ်နေသည်မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းများကိုယ်တိုင် သီးသန့် စိတ်ကြိုက်ရေးဆွဲထားခဲ့သည့် FCDCC ဖွဲ့စည်းပုံအခြေခံဉပဒေမူကြမ်း၏ ပုဒ်မ ၂၀၃ နှင့် ၂၀၄ ပါ ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ခြင်းအခန်းမှာလည်း အလားတူ‌ပြဌာန်းထားသည်ကို တွေ့ရမှာဖြစ်ပါသည်။ 

မြန်မာနိုင်ငံကဲ့သို့ လူမျိုးနှင့် ဘာသာရေးအရ စုံလင်ကွဲပြား၍ ယုံကြည်မှုမခိုင်မာသေးသည့် နိုင်ငံရေးအခြေအနေမှာ လူဉီးရေ နည်း/များခြင်းကို အခြေခံသည့်၊ တစ်နည်းအားဖြင့် သာမန်အများစုသဘောထားကိုအခြေခံသည့် တိုက်ရိုက် မဲခွဲဆုံးဖြတ်စနစ်(Referendum)ကို ကျင့်သုံးသင့်ပါသလား။ ထိုသို့ ကျင်းသုံးခြင်းဖြင့် လူဉီးရေအရ လူနည်းစုအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်မည်နည်း။ အမေရိကန်ကဲ့သို့သော အခြားနိုင်ငံများရော မည်ကဲ့သို့ကျင့်သုံးသနည်း။ အခြားနည်းလမ်း ရှိပါ၏လော။

လူထုဆန္ဒခံယူပွဲ(Referendum) ဆိုသည်မှာ

အဘယ်ကြောင့် လူထုဆန္ဒခံယူပွဲကို ပြုလုပ်ရသနည်း။ လူထုအများစု၏ သဘောထားကို တိုက်ရိုက်နှင့် အကျယ်ပြန့်ဆုံးနည်းဖြင့် ခံယူ၍ အဆုံးအဖြတ်ရယူလိုသောကြောင့် ဖြစ်ပါသည်။ ယင်းကို တိုက်ရိုက်ဒီမိုကရေစီ(Direct Democracy)ဟု ခေါ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်ကတည်းက ဂရိနိုင်ငံ အေသင်မြို့မှာ လူထုအစည်း အဝေးက အရာရာကို တိုက်ရိုက် ဆုံးဖြတ်သည့် အဆိုပါစနစ်ကို ကျင့်သုံးခဲ့ပါသည်။

နောက်ပိုင်းမှာ တိုင်းပြည် ကျယ်ပြန့်ပြီး လူဉီးရေ များပြားလာသည်ကတကြောင်း၊ နေ့တဓူဝလုပ်ငန်းများတွင် အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ရန်လိုအပ်လာသည် ကတကြောင်း၊ ကိုယ်စားပြု (representative) ဒီမိုကရေစီ တစ်နည်းအားဖြင့် သွယ်ဝိုက် ဒီမိုကရေစီ(Indirect Democracy)ကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးလာကြခြင်းဖြစ်သည်။

လူထုဆန္ဒခံယူပွဲ ကျင်းပသည့် ရည်ရွယ်ချက်နှင့် နည်းလမ်းများထဲတွင် မူကွဲနှင့် ပုံစံအမျိုးမျိုး ထပ်မံရှိပါသည်။ Mandatory Referendum စနစ်ဆိုလျှင် ဆန္ဒခံယူပွဲကို မဖြစ်မနေ ပြုလုပ်ရမည့် သတ်မှတ် ပြဌာန်းချက်ရှိပါသည်။

(အထက်က NUG/NUCC ၏ သတ်မှတ်ချက်မျိုး) ဆန့်ကျင်ဘက်အားဖြင့် Optional Referendum စနစ်အရဆိုလျှင် လိုအပ်သည်ဟုယူဆပါက လုပ်နိုင်ရန် တံခါးဖွင့်ပေးသည့် နည်းလမ်းဖြစ်ပါသည်။

ဤနည်းလမ်းအရ အစိုးရနှင့် လွှတ်တော်အပြင် လူထုကိုယ်တိုင်က သဘောတူလက်မှတ် စုဆောင်းပြီး ဆန္ဒခံယူပွဲဖြစ်မြှောက်ရန် ကမကထ အဆိုပြုခွင့်ရှိသည့် Initiative Referendum မျိုးကိုလည်း တံခါးဖွင့်ထားပါသည်။

ဖွဲ့စည်းပုံအခြေခံဉပဒေရေးရာမှာတင်မကဘဲ တစ်ချို့နိုင်ငံနှင့် ပြည်နယ်များတွင် အရေးကြီးသည့်ဘဏ္ဍာရေး၊ စစ်ရေးနှင့် အစိုးရ-လွှတ်တော်အကြား လွန်ဆွဲမှု ကျော်လွှားရေး စသည်များတွင် လူထုဆန္ဒခံယူပွဲကို အသုံးပြုကြသည်။

သြစတေးလျနိုင်ငံတွင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံနှင့် သက်ဆိုင်သည့် လူထုဆန္ဒခံယူပွဲ ကို Referendum ဟု သုံးနှုန်းပြီး ဖွဲ့စည်းပုံအခြေခံဉပ‌ဒေနှင့်မဆိုင်သည့် လူထုခံယူပွဲကို Plebiscite ဟု ခွဲခြားသုံးနှုန်းသည်။ ဤဆောင်းပါး၏ ရည်ရွယ်ချက်သည် Referendum အကြောင်းရှင်းလင်းရန် မဟုတ်သည့်အတွက် ဤမျှဖြင့် ရပ်လိုက်ပါမည်။

မြန်မာနိုင်ငံမှာ Referendum ပြုလုပ်ခြင်း၏ ဖြစ်နိုင်ခြေ ဆိုးကျိုးများ

အထက်တွင် ဖော်ပြထားသည့်အတိုင်း လူဦးရေ အတန်အသင့်ရှိပြီး လူမျိုး/ဘာသာနှင့် နိုင်ငံရေးအရ ကွဲပြားမှု(ပဋိပက္ခ) မရှိသော နိုင်ငံနှင့် ပြည်နယ်များတွင် Referendum ကျင်းပခြင်း၏ ဘေးထွက်ဆိုးကျိုးအတွက် ဆိုးရိမ်စရာ မရှိလှပေ။

လူထုကို တိုက်ရိုက် တာဝန်ခံနိုင်သည့်အတွက် ကောင်းမွန်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် ပြည်ထောင်စုအဆင့်မှာ လူထုဆန္ဒခံယူပွဲ တစ်ခါမှမပြုလုပ် သော်လည်း ပြည်နယ်အဆင့်များတွင် အကြိမ်ပေါင်း ရာနှင့်ချီ ကျင်းပပြုလုပ်နေကြပြီ ဖြစ်ပါသည်။

သို့သော် လူဉီးရေအချိုးအစားအားဖြင့် လူများစု/လူနည်းစု အုပ်စုကွဲများ ရှိသော နိုင်ငံနှင့် ထိုအုပ်စုများအကြား ပဋိပက္ခ သို့မဟုတ် ယုံကြည်မှု တည်ဆောက်ရန်လိုအပ်ဆဲ အခြေအနေများတွင် လူထုဆန္ဒခံယူပွဲသည် နိုင်သူအကုန်ယူ(winner take all) စနစ်ဖြစ်လေ့ရှိရာ အန္တရယ်ကြီးမားပါသည်။ လူများစုက လူနည်းစုကို အနိုင်ကျင့်သည့် လူများစု အာဏာရှင်စနစ် (Tyranny of Majority) ကို ဖြစ်ပေါ်စေနိုင်ပါသည်။

သာဓကအားဖြင့် ၂၀၂၀ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်အဖြစ်မှာ နှုတ်ထွက်သင့်/မသင့်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာမှာ စကော့တလန် လူမျိုးအများစုက နှုတ်ထွက်ခြင်းမပြုရန် (EU မှာ ဆက်လက်ပါဝင်ရန်) သဘောထားပေးခဲ့ ကြသော်လည်း နိုင်ငံ့လူဉီးရေ၏ ၈၅ ရာခိုင်နှုန်းကျော်သော အင်္ဂလန်လူမျိုးအများစု၏ မဲပေးမှုကြောင့် EU အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံက ခွဲထွက်ခဲ့ရသည်။

ထိုသို့ လူများစု အင်္ဂလန်လူမျိုးများ၏ ဆုံးဖြတ်ချက်ကြောင့် လူနည်းစု စကော့တလန်ပြည်နယ်သည် စီးပွားရေးအရ အများကြီး နစ်နာခဲ့ရပါသည် (EU ကုန်သွယ်ရေး)။

အလားတူ မြန်မာနိုင်ငံတွင်လည်း ဗမာ/မြန်မာလူမျိုးသည် နိုင်ငံတော်လူဉီးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိ၍ ဗုဒ္ဓဘာသာဝင်သည်လည်း နိုင်ငံလူဉီးရေ၏ ၈၀ရာခိုင်နှုန်းကျော် ( ၂၀၁၄ သန်းခေါင်စာရင်းအရ ၈၉. ၈)ရှိရာ ၁၉၆၀ ဝန်းကျင်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သွတ်သွင်းခဲ့သကဲ့သို့ လူမျိုးရေးအရာ၊ ဘာသာရေးအရ လူများစုဖြစ်သူများက ဘုံအကျိုးစီးပွားအတွက် သဘောထားစုစည်းလျှင် လူထုဆန္ဒခံယူပွဲ (Referendum) ကို အသုံးချကာ ကြိုက်သလို ချယ်လှယ်ရနိုင်ခဲ့ပါသည်။ ထိုသို့ဆိုလျှင် လူထုဆန္ဒခံယူပွဲသည် လူများစုအုပ်စု(majority group)ကို သူတို့လိုချင်သည့်အရာများအပေါ် နောက်ဆုံးအဆင့်တွင် ကြိုက်သလို အတည်ပြုခွင့်နှင့် ပယ်ချခွင့်ကို သွားအပ်နှံသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။

ထိုကဲ့သို့ များရာမဲဆန္ဒနှင့် နိုင်သူအကုန်ယူစနစ်မဖြစ်စေရေး၊ အမျိုးသားတန်းတူရေးနှင့် လူနည်းစုနှင့် လူများစုအကြား အပြန်အလှန်ထိန်းကျောင်းမှုနှင့် ချိန်ခွင်လျာညှိနှိုင်ရေး အတွက် ဖက်ဒရယ်စနစ်တို့၊ consociational democracy ယန္တရားတို့ကို ကျွန်တော်တို့က နည်းလမ်းရှာကြံဖော်ထုတ်နေကြသည်မဟုတ်လော။ ဉပမာ- အမျိုးသားလွှတ်တော်၊ လူမျိုးနှင့် လူမျိုးများအခြေခံပြည်နယ်များ၊ အာဏာခွဲဝေမှုစာရင်းများ စသည်ဖြင့်။ ထိုအာမခံပုဒ်မနှင့် အချက်များကို Referendum ခေါ် လူများစု အဆုံးအဖြတ် လက်ထဲသို့  နောက်ဆုံးအဆင့်မှာ အဘယ်ကြောင့် အပ်နှံရအုံးမည်နည်း။

Referendum ရှောင်ရှားခြင်းသည် နိုင်ငံတကာစံနှုန်း ချိုးဖောက်သလော

ဆိုရလျှင် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကျင့်သုံးပြီး လူနည်းစု-လူများစု အုပ်စုပြသနာ ရှောင်ရှားလိုသည့် နိုင်ငံ ခပ်များများတွင် နိုင်ငံလုံးဆိုင်ရာ လူထုဆန္ဒခံယူပွဲ(Referendum) ပြုလုပ်ခြင်းကို ရှောင်းရှားကြသည်။ သာဓက- အမေရိကန်နိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည်တို့။

တစ်နည်းအားဖြင့် လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီနိုင်ငံတိုင်းမှာ မဖြစ်မနေ ပြုလုပ်ရသည့် နည်းလမ်း(Compulsory)မဟုတ်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇) ရေးဆွဲခဲ့စဉ်တုန်းကလည်း လူထုဆန္ဒခံယူပွဲနည်းလမ်း မဟုတ်ဘဲ ရေးဆွဲမှုဖြစ်စဉ်မှာ Committee of Inquiry ဖွဲ့၍ consultation ခေါ် လူထုသဘောထားတောင်းခံခြင်း၊ နားထောင်ခြင်းနှင့် တိုင်ပင်ခြင်းနည်းလမ်းကို အသုံးပြုခဲ့ပါသည်။

ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်(constitutionalism)တွင် ဖခင်ဟူ၍ ခေါ်ရလောက်သည့် အမေရိကန်နိုင်ငံပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုသည့် ဖြစ်စဉ်မှာဖြစ်ဖြစ်၊ အခြားမည်သည့် တိုင်းပြည်ရေးရာမှာမဆို Referendum ကို ပြုလုပ်ခဲ့ဖူးခြင်းမရှိပေ။ သူတို့အနေဖြင့် ပြည်ထောင်စုအဆင့်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပခြင်းကို ယနေ့အထိ ရှောင်းရှားနေကြသည်ကို သတိချပ်သင့်ပါသည်။

အကြောင်းရှိပါသည်။ အမေရိကန်သည် ကိုလိုနီ ပြည်ထောင် ၁၃ ခု စုစည်း၍ coming together federal နည်းဖြင့် ဖွဲ့စည်းတည်ထောင်သည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အမည်နာမကိုပြင် ပြည်နယ်များ သမဂ္ဂ (United States)ဟု ခေါ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်/နယ်များဖြင့် ဖွဲ့စည်းသည့် နိုင်ငံဖြစ်သည်။ နိုင်ငံမရှိခင်မှာ ပြည်နယ်/ပြည်ထောင်များ အသီးသီး အရင်တည်ရှိခဲ့သည်။

အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဉပဒေ မရှိခင်ကတည်းကပင် သက်ဆိုင်ရာ ပြည်ထောင်/နယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေများ အသီးသီး ရှိနှင့်ကြပြီ ဖြစ်သည်။

တစ်နည်းအားဖြင့် သူတို့၏ နိုင်ငံသည် ပြည်နယ်များမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာသည် ပြည်နယ်များထံမှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် ပြည်နယ် (ပြည်ထောင်) များ၏ နိုင်ငံရေးအရ အခန်းကဏ္ဍအရေးကြီးမှုကို တန်ဖိုးထားကြ သည်။ [ကျန်‌တော်နိုင်ငံမှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

ပင်လုံစာချုပ်အရ ပြည်ထောင်များက သဘောတူညီချက်ဖြင့် စုပေါင်းတည်ဆောက် ထားသည့် နိုင်ငံဖြစ်သည့်အတွက် NUC/NUCC ပဋိဥာဉ်၏ လမ်းညွန်အခြေခံမူများ အပိုဒ် ၁ မှာလည်း ‘ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူ တို့သည် [နိုင်ငံတော်]အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်’ဟု ဖော်ပြထား ခြင်းဖြစ်သည်။]

အမေရိကန်နိုင်ငံတွင် ပြည်ထောင်/နယ်များသည် လူဉီးရေကွာဟမှု မြင့်မားသည့်အတွက် နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲကဲ့သို့သော စုပေါင်း မဲပေးသည့်စနစ်ကို ပြုလုပ်လျှင် လူဉီးရေအရနည်းသည့် ပြည်နယ်များသည် နစ်နာမှုရှိနိုင်ပါသည်။ ထို့ကြောင့် ပြည်နယ်ငယ်များ၏ အခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် နိုင်ငံလုံးကျွတ် လူထုဆန္ဒခံယူပွဲမျိုးကို ရှောင်ရှားခြင်းဖြစ်သည်။ ပြည်ထောင်/နယ်များက Coming Together ဖြင့် တည်ထောင်သည့် မိမိတို့မြန်မာနိုင်ငံတွင်လည်း ထိုအချက်ကို လျှစ်လျူရှုပါက အမျိုးသားတန်းတူရေးကို တိုက်ရိုက်ထိခိုက် သွားမည်ဖြစ်ပြီး လူနည်းစုများ၏ အခြေခံအခွင့်အရေးကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်ပါသည်။ 

မြန်မာ့နည်းမြန်မာ့ဟန် Referendum မော်ဒဲလ် ဖန်တီးမည်လော

အမေရိကန်နိုင်ငံ၏ သမ္မတရွေးချယ်သည့် Electoral College ပုံစံ၊ ဖွဲ့စည်းပုံအခြေခံ  ဉပဒေပြင်ဆင်ရေးနည်းလမ်းပုံစံ၊ ဆွစ်ဇလန်နိုင်ငံနှင့် တစ်ချို့ နိုင်ငံ/ပြည်နယ်များ၏ (Indirect) Initiative Referendum ပုံစံ စသည့်မူကွဲတစ်ချို့ကို ပေါင်းစပ်ပြီး မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသည့် Referendum ပြုလုပ်လို့ရမည်လော။

နှုတ်ကျွံလက်ကျွံပြီးသားမို့ မဖြစ်မနေ Referendum လုပ်မည်ဟိုက်ဆိုလျှင် ဘေးထွက်ဆိုးကျိုး လျော့နည်းသည့် နည်းလမ်းကို ကြံဖန် တီထွင်ရပါလိမ့်မည်ဖြစ်သည်။

ဤနေရာတွင် လူဉီးရေအားဖြင့် အများစုဖြစ်ခြင်းကိုလည်း အသိအမှတ်ပြုရ၍ လူနည်းစု များ၏ အခြေခံ အခွင့်အရေး ချိုးဖောက်နစ်နာမှု မရှိစေရေး အကာအကွယ် ပေးနိုင်သည့် ယန္တရားဖြစ်စေရန် ယင်းအစွန်းနှစ်ခုကို အတတ်နိုင်ဆုံး ချိန်ညှိရပါလိမ့်မည်။

ဤအတွက် နမူနာကောင်းတစ်ခုသည် အမေရိကန် သမ္မတ ရွေးကောက်သည့် စနစ်ဖြစ်ပါ သည်။ ယင်းစနစ်သည် ပြည်နယ်အရေအတွက်နှင့် နိုင်ငံသားလူဉီးရေ အရေအတွက်ကို မျှခြေ (balance)ပြုထားခြင်းဖြစ်ပါသည်။

တစ်နိုင်ငံလုံးတွင် Electors စုစု‌ပေါင်းမဲ ၅၃၈ ရှိသည့်အနက် Electoral College ကို ပြည်နယ်အလိုက် အချိုးကျ ခွဲဝေရာမှာ လူဉီးရေအလိုက် ခွဲတမ်းအများဆုံးရသည့် ပြည်နယ်က ၅၄ မဲနှင့် အနည်းဆုံး ပြည်နယ်က ၃ မဲ စသည်ဖြင့် လူဉီးရေးနှင့်နိုင်ငံရေး ယူနစ်ကို မျှတအောင် balance လုပ်ထားပါသည်။

ထိုသို့ဖြင့် အဆုံးအဖြတ်ကိုလည်း ၂ ဆင့် လုပ်ရပါသည်။ ပထမအဆင့်တွင် နိုင်ငံသားမဲပေးသူတစ်ဉီးချင်း၏ အဆုံးအဖြတ်ဖြင့် ပြည်နယ်တစ်ခုချင်း၏ အနိုင်အဆုံးကို သတ်မှတ်သည်။

၎င်းတွင် popular vote ကို အခြေခံ၍ နိုင်သူအကုန်ယူစနစ်ကို အသုံးပြုသည်။ သို့သော် ဒုတိယအဆင့်တွင်မူ ပြည်နယ်အသီးသီး၏ electors မဲ ခွဲတမ်းများကို ပြန်လည် စုပေါင်းထားရာ စုစုပေါင်း ၅၃၈ ထဲက ထက်ဝတ်ကျော် မဲဖြင့် အဆုံးအဖြတ်ပြုရသည်။

တစ်နည်းအားဖြင့် ဒုတိယအဆင့် မဲရေတွက်ရာတွင် တိုင်းပြည်အတွင်း မဲပေးသူ စုစုပေါင်း ဆန္ဒမဲ၏ အဆုံးအဖြတ်ကို အဓိက အခြေမခံတော့ဘဲ ပြည်ထောင်စုအဖွဲ့ဝင် ယူနစ်အသီးသီး၏ ခွဲတမ်း(၅၃၈)ရှိသည့်အနက် အများစုမဲ (၂၇၀ ကျော်)ဖြင့် နောက်ဆုံးအဆင့် တွင် ဆုံးဖြတ်ချက်ချသည့် စနစ်ဖြစ်ပါသည်။ ထို့ကြောင့်ပြင်လျှင် တစ်ခါတစ်လည်တွင် အမေရိကန်သမ္မတ အနိုင်ရသူ များသည် တစ်နိုင်ငံလုံး ဆန္ဒမဲတွင် ရှုံးခဲ့သည်များ ရှိတတ်သည်။

စကားချက်

စာရှည်နေပြီ ဖြစ်သည့်အတွက် အသေးစိတ်မဖာ်ပြတော့ဘဲ ဤမျှနှင့် အဆုံးသပ်လိုပါသည်။ ခြုံပြောရလျှင် Referendum ကို မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ရန် သင့်တော်မှုမရှိသေးပေ။

စုံလင်ကွဲပြားမှု၊ အုပ်စုကွဲပြားမှု၊ နှစ်ရှည်ပဋိပက္ခဖြစ်ပွားမှုနှင့် ယုံကြည်မှုမခိုင်မာသေးခြင်း စသည်တို့ကြောင့် ဘေးထွက်ဆိုးကျိုးများမှာ စိုးရိမ်စရာဖြစ်ပါသည်။

ယင်းကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကျော်လွှားပြီး referendum မော်ဒဲလ်အသစ် တီထွင်လို့ရနိုင်သော်လည်း အာသာချက်ထက် အားနည်းချက် ပိုများပါသည် (cost-effectiveness)။ ထို့ကြောင့် NUG/NUCC ဖြစ်စေ၊ သက်ဆိုင်ရာ stakeholders များနှင့် ပညာရှင်များဖြစ်စေ၊ Referendum အရေးစဉ်းစားချက်များကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါကြောင်း…။

ဆလိုင်း ကျဲအိုဘိခ်ထောင်း