• Today is: Thursday, April 18, 2024

စစ်ကောင်စီ နယ်မြေရှင်းလင်းမှုကြောင့် ဒီမောဆိုအရှေ့ခြမ်းမှာ စစ်ဘေးရှောင်(၁၅၀၀၀)ထိ ထပ်မံတိုးလာ 

ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၁၊ ၂၀၂၃ 
ကယား(ကရင်နီ)ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကောင်စီတပ်များမှ စစ်ကြောင်း (၃)ကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင် စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ စစ်ဆင်ရေးနှင့် နယ်မြေရှင်းလင်းရေးပြုလုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက လူအင်အား၊ လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းထားခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာဗဟို ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အဲဒီ ထိုးစစ်တို့ဟာ ယခုရက်သတ္တပတ်အတွင်း ဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးဆုံးပါက စစ်ဂျက်လေယာဉ်များအသုံးပြုကာ ပြင်းထန်တဲ့ စစ်ဆင်ရေး ပြုလုပ်နိုင်တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က ဆိုပါတယ်။
လက်ရှိ ဒီမောဆိုအရှေ့ဖက်ခြမ်း စစ်ရေးအခြေနေတင်းမာမှုများကြောင့် စစ်ဘေးရှောင် ဦးရေ (၁၅၀၀၀)ကျော်အထိ တိုးလာပြီဖြစ်ပြီး စစ်ဘေးရှောင် ဦးရေ ထပ်မံတိုးမြင့်လာနိုင်လို့ အရေးပေါ် အစားအသောက်၊ နေရာထိုင်ခင်း အတွက်လည်း လိုအပ်မှု ရှိနေတယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟို ပြန်ကြားရေးအဖွဲ့ (KMIC) က သတင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အင်အား(၂၀၀)ခန့်ရှိတဲ့ ဘောလခဲမြို့က ထုတ်နုတ်တပ်အပါအဝင် ခမရ(၄၂၉)တပ်ရင်းနှင့် အမှတ်(၇၇) ခြေမြန်တပ်ရင်း ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ဒေါတမကြီး အုပ်စုဖက်သို့ ဦးတည်ပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကို စစ်ဖက်ဆိုင်ရာ ကြိုတင် သတင်း ရရှိခဲ့တာကြောင့် ဒေါတမကြီးကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း(၇)ရွာမှ အရပ်သား (၅၀၀၀)ခန့်တို့ဟာ ဘေးလွတ်ရာ စစ်ဘေးရှောင် စခန်းသို့ ရုန်းရင်းစံခက်ဖြစ်တဲ့အထိ ထွက်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဒီမောဆိုအရှေ့ခြမ်းကျေးရွာ ဒေါသဲရွာသား(၂)ဦးဟာ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ မတ်လ(၉) ရက် နံနက်(၁၀)နာရီ ချိန်ခန့်က လောပိတကျေးရွာအုပ်စု ဆိုလစယ်ရွာသို့ မော်တော်ယာဉ်ဖြင့် ခရီးသွားနေစဉ် စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ခဲ့ရပြီး ပြန်လည် ထွက်ပြေးစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရလို့ ရွာသား(၁)ဦး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သော်လည်း ကျန်(၁)ဦးက ယနေ့ချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် အင်အား(၇၀)ခန့်ရှိတဲ့ ဘောလခဲစစ်ဗျူဟာ စစ်ကြောင်းဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ(၇)ရက်နေ့တွင် ဒေါတမကြီးအုပ်စုသို့ ဦးတည်လျက် ထိုးစစ်ဆင်လာပြီး လမ်းကြောင်းအတွင်းက တောင်ယာခင်းနှင့် တောင်ယာတဲအတွင်း တွေ့ရှိတဲ့ ဒေသခံများ လူကြီး၊ လူငယ်အမျိုးသမီး အပါအဝင်(၁၄)ဦးကို လမ်းပြပြုလုပ်ဖို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံခဲ့ရပြီးနောက်ရက်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၂)ဦးကို ပြန်လည်လွတ်ပေးခဲ့ပြီး အမျိုးသား(၁၁)ဦးကိုတော့ ယနေ့အထိ ဖမ်းဆီး ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။
ကရင်နီအရပ်ဘက် အဖွဲ့အစည်း(KCSN) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လဆန်းအထိ ကရင်နီ စစ်ဘေးတိမ်းရှောင်သူ ဦးရေ ၂ သိန်းကျော် ရှိလာပြီလို့ သိရပါတယ်။