• Today is: Sunday, April 14, 2024

ဆိုတရှားက KA တပ်စခန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ

Photo – KA
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ်လ ၁၂၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် မြန်မာ-ထိုင်း နယ်စပ် ဆိုတရှားမြို့နယ်ထဲမှာ တည်ရှိတဲ့ ကရင်နီတပ်မတော် တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်း(၃)ရင်း ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုဟာ ကရင်နီပြည်နယ် မြန်မာ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြား ရှိတဲ့ ကရင်နီတပ်မတော် တက်ရင်း(၃)၏ တပ်စခန်းတစ်ခုကို ခမရ-၃၃၇၊ ခမရ-၃၃၄နှင့် ခမရ-၅၁၉ စစ်ကောင်စီ တပ်ရင်း(၃)ရင်း ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁း၀၀မှ ညနေ ၇း၀၀နာရီထိ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် ပြန်ကြားရေးအဖွဲ့ KnIC က ထုတ်ပြန်ပါတယ်။
“၃၃၇က မေလယုကနေ ၁၂၀နဲ့ပစ်တယ်။ ကျနော်မှတ်ထားရသလောက် ၁၅ လုံးလောက် ရှိတယ်။ ၃၃၄နဲ့ ၅၁၉ က ကျနော်တို့စခန်းကို အနီးကပ်တက်ပစ်တာ။ မနေ့ကတိုက်ပွဲမှာတော့ သူတို့မတက်လာနိုင်ဘူး။ ပြန်ဆုတ်တယ်။ ဒီနေ့ဆက် လာမလားတော့ မသိသေးဘူး” လို့ ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းကွပ်ကဲရေးမှူး အရာရှိတဦးက ပြောပါတယ်။
ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ပြန်လှည်ဆုတ်ခွာ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိတယ်လို့ KnIC က ထုတ်ပြန်ပါတယ်။
အဲဒီ တပ်ရင်း ၃ ရင်း ပေါင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ဟာ ကရင်နီတပ်မတော် တပ်ရင်း ၃ ၏ ရှေ့တန်းစခန်း တခုကို သိမ်းဆည်းရယူနိုင်ဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်တယ်လို့ ကရင်နီတပ်မတော်ဘက်က သုံးသပ်ပါတယ်။
ယခုလ မတ်လအတွင်း ကရင်နီပြည်နယ် အရှေ့ခြမ်းဒေသတွေမှာ စစ်ကောင်စီတပ်များစာ နေရာအနှံ့ တစ်ပြိုက်နက် နယ်မြေရှင်းလင်းရေးပြုလုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ပြုလုပ်လာပြီး စစ်ကြောင်းများက လမ်း ကြောင်းအတွင်း တွေ့ခဲ့တဲ့ အရပ်သားပြည်သူများကိုလည်း မတရား ဖမ်းဆီးခေါ်ဆောင်တာမျိုး ပြုလုပ်နေတယ်လို့ သိရပါတယ်။