• Today is: Thursday, March 30, 2023

အတွေးအမြင် | ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေးစာမျက်နှာ

ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေးစာမျက်နှာ

လင်းလက် | အတွေးအမြင် 

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အကြောင်း ဆွေးနွေးတဲ့အခါ စီးပွားရေးစာမျက်နှာက်ဘက်က ဆွေးနွေးတာမျိုး အတော်ကြီးနည်းပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို လက်တွေ့တည်ဆောက်တဲ့ အခါ နိုင်ငံရေးအခြေခံမူတွေက အရေးပါတာမှန်ပေမယ့် ဘယ်လိုနိုင်ငံရေးအခြေခံမူတွေကို ကျင့်သုံးမလဲလို့စဥ်းစားတဲ့ အခါ စီးပွားရေးစာမျက်နှာကို လျစ်လျူရှုထားလို့ မရပါဘူး။

ပညာရှင်တွေရဲ့ လေ့လာသုတေသနပြုလုပ်ချက်အရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်တဲ့အခါ တိုင်းပြည်အတွင်းမှာ လူလက်တန်းစား ဘယ်လောက်အင်အားတောင့်တင်းသလဲဆိုတာက အရေးကြီးပါတယ်။ တိုင်းပြည်အတွင်းမှာ လူလတ်အတန်းစား အားကောင်းလာပြီးဆိုရင် ပြည်သူလူထုအတွင်း ဝင်ငွေကွာဟချက်၊ မညီမျှမှု ကျဥ်းမြောင်းလာသလို လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ” ငါ့လူမျိုး၊ တခြားလူမျိုး” ဆိုတဲ့ ခွဲခြားရှုမြင်လာတာမျိုး နည်းလာပါတယ်။ “ရိုးရိုးပြောရရင် နိုင်ငံသားတွေကြား ဝင်ငွေပမာဏအရ၊ လူနေမှုအဆင့်အတန်းအရ၊ ကွာဟချက်နည်းလာပြီးဆိုရင် ဒေသစွဲအရ၊ လူမျိုးစွဲအရ ရှုမြင်တာမျိုး နည်းလာတယ်ဆိုတဲ့ သဘောပါ။

ဒီနေရာမှာကြီးထွားလာတဲ့လူလတ်တန်းစားဟာ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေးလုပ်ငန်းတွေထူထောင် ကြီးပွားလာတဲ့ လူလတ်တန်းစားမျိုးမဟုတ်ပဲ အာဏာရှိတဲ့သူတွေနဲ့ပေါင်းစားပြီး ကျေးဇူးခံ ကျေးဇူးစားစနစ် (patron client meation) မျိုးနဲ့ ကြီးပွားလာတဲ့သူမျိုးတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီလိုလူလတ်တန်းစားမျိုးကြီးထွားနေရင်တော့ တိုင်းပြည်ထဲမှာ ဆင်းရဲချမ်းသာ ကွာဟချက် ပိုကြီးမားလာပြီး လူမှုစီးပွားရေးအရ တင်းမာမှုတွေ တိုးပွားလာပြီး နိုင်ငံရေး ပဋိပက္ခတွေကို ပိုပြင်းထန်စေမှာပါ။

တစ်ဖက်မှာလည်း ဖက်ဒရယ်စနစ်အကြောင်းစဥ်းစားတဲ့ အခါ မဟာလူမျိုးကြီးဝါဒ (ဒါမှမဟုတ်) မျက်ကန်းမျိုးချစ်ဝါဒကို ဖက်ဒရယ်စနစ်ရဲ့ အန္တရာယ်အဖြစ် စဥ်းစားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာက မဟာလူမျိုးကြီးဝါဒ (ဒါမှမဟုတ်) မျက်ကန်းမျိုးချစ်ဝါဒလို့ ပြောလိုက်ရင် သမိုင်းအစဥ်အလာအရ ဘာသာစွဲ၊ ယဥ်ကျေးမှုစွဲ၊ မျိုးရိုးစွဲရှိတဲ့ အမျိုးသားရေးဝါဒလို့ နားလည်ကြပါတယ်။ ပဒေသရာဇ်နိုင်ငံတွေမှာ လူများစုက လူနည်းစုအပေါ်ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုအမျိုးသားရေးဝါဒမျိုးကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်လို ဖက်ဒရယ်နိုင်ငံမျိုးမှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ နိုင်ငံသားတွေအကြား ဆင်းရဲ ချမ်းသာ ကွာဟချက်နည်းလာတဲ့ အတွက် လူမျိုးစွဲအရ ဘာသာစွဲအရ ရှုမြင်မှုပါးလာပြီး ဗဟိုယဥ်ကျေးမှုပေါ်အခြေခံတဲ့ အမျိုးသားရေးဝါဒ ဖြစ်ထွန်းလာတယ်လို့ ဆိုပါတယ်။ အလွယ်ပြောရရင် လူမျိုးရေးအရ ဘယ်လိုပဲ မတူ မတူ၊ ကိုးကွယ်ရာ ဘာသာအရ ဘယ်လိုပဲ ကွဲပြကွဲပြား၊ “ငါတို့ အမေရိကန်နိုင်ငံကွ”ဆိုတဲ့ အဆင့်မြင့် အမျိုးသားရေးဝါဒဖြစ်ထွန်လာတာပါ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ အမျိုးသားရေးဝါဒမှာ ဘာသာစွဲ လူမျိုးစွဲ ပါးလာတယ်လို့ ဆိုလိုတာပါ။

ဒီလိုပြောလို့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထူထောင်ဖို့ စောလွန်းနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တောက်ပစေချင်တယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရုံမှ တစ်ပါး၊ အခြားနည်းလမ်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်စနစ်ကို ပုံစံချတဲ့အခါ တိုင်းပြည်ရဲ့ ပကတိ စီးပွားရေးအခြေအနေတွေအပေါ် လျစ်လျူရှုစဥ်းစားလို့ မရဘူးဆိုတာကိုပဲ အလေးအနက်ထားပြောကြားလိုတာပါ။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်တဲ့အခါ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် (self-rule)ရှိရမှာဖြစ်သလို ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စရပ်တွေမှာ တန်းတူရည်တူပါဝင်ဆောင်ရွက်ခွင့် (shared rule) ရှိရမယ်ဆိုတာကလည်း အထူးပြောစရာလိုတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုအဖွဲ့ဝင်တွေကြား စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ခွဲဝေသတ်မှတ်တဲ့ အခါ ဘယ်လို ကိစ္စရပ်မျိုးတွေကို ပြည်ထောင်စုအဖွဲ့ဝင်တိုင်းက ကိုယ်ပိုင်ပြဌာန်းခွင့် (self-rule) အဖြစ်ကျင့်သုံးမယ်၊ ဘယ်လိုကိစ္စရပ်တွေကိုတော့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စ (shared rule) အဖြစ် သတ်မှတ်မယ်ဆိုတာတွေက နိုင်ငံရေးရှုထောင့်သက်သက်ထက် လက်တွေ့မှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရေးဆိုတဲ့ ရှု့ထောင့်ကနေ သုံးသပ် ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ဥပမာ တစ်ခုကိုကြည့်ရအောင်ပါ။ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာထက် မပိုအောင်ဆိုရင် ပြည်နယ်တစ်ခုချင်းစီဟာ အသုံးစရိတ်က ရငွေထက် အလွန်အကျွံ ပိုသုံးစွဲတာမျိုးမဖြစ်ဖို့ လိုအပ်ပါတယ်။ စီးပွားရေးသဘောတရားအရပြောရရင် ပြည်နယ်တစ်ခုချင်းစီရဲ့ မူဝါဒ ဆောင်ရွက်ချက်တွေဟာ ပြည်ထောင်စုတစ်ခုလုံးအတွက် ချမှတ်ထားတဲ့ မက်ခရိုစီးပွားရေးမူဘောင် (macro-economic framework) အတွင်းကပဲ ဖြစ်ဖို့လိုအပ်ပါတယ်။ ပြည်ထောင်စုတစ်ခုချင်းဆီက ကိုယ်ပိုင်ပြဌာန်းခွင့် (self- rule)ကိုသိပ်ရှေ့တန်းတင်ပြီး ပြည်ထောင်စုတစ်ရပ်လုံးအတွက် အားလုံးညှိ့ နှိုင်းဆွေးနွေးချမှတ်ရမယ့် (shared rule)ကို အလေးမထားဘူးဆိုရင် ပြည်ထောင်စုတစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီချမှတ်နိုင်မှာမဟုတ်ပါဘူး။

ဖက်ဒရယ် ပြည်ထောင်စု ဘာကြောင့်ဖွဲ့စည်းထူထောင်ရသလဲဆိုတာကို စီးပွားရေးရှု့ထောင့်အရကြည့်ရင် ပြည်နယ်အသီသီးကထုတ်လုပ်လိုက်တဲ့ စီးပွားရေးထွက်ကုန် ထုတ်ကုန်တွေအတွက် ပြည်ထောင်စုတစ်ဝန်းလုံးဆိုတဲ့ ကျယ်ပြန့်တဲ့စျေးကွက်ကြီးကို ကိုယ်စီကိုယ်စီ ရရှိကြမှာပါ။ ပြည်နယ်တစ်ခုချင်းစီက ဘယ်လောက်ပဲအရည်အသွေးကောင်းတဲ့ ထွက်ကုန် ထုတ်ကုန်တွေရှိရှိ ကျယ်ပြန့်တဲ့ စျေးကွက် မရှိခဲ့ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားရမှာမဟုတ်ပါဘူး။ ဥရောပသမဂ္ဂဖွဲ့စည်းတဲ့နေရာမှာ ဒီစီးပွားရေးအတွေးအခေါ်က အဓိက မောင်းနှင်အားဖြစ်သလို အာစီယံ အဖွဲ့ ဖွဲ့စည်းရတဲ့ အဓိက မောင်းနှင်အားကလည်း ဒီစီးပွားရေး အတွေးအခေါ်ပါပဲ။

အဓိက ပြောလိုတာက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပုံဖော်တည်ဆောက်တဲ့နေရာမှာ    တိုင်းရင်းသား လူမျိုးစုတွေအကြား နိုင်ငံရေး အရ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုက ပင်မ လိုအပ်ချက် မှန်ပေမယ့် စီးပွားရေး သဘောတရားအရ မဖြစ်မနေထည့်သွင်းတွက်ချက်ရမယ့် ကိစ္စရပ်တွေရှိနေတယ်ဆိုတာကို ထောက်ပြ လိုတာပါ။ လွတ်လပ်ရေးနဲ့ အတူပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည်မှာ ပကတိ ရင်ဆိုင်နေရတဲ့ စီးပွားရေးအခွင့်အလမ်းမညီမျှမှု အဟန့်အတားတွေကို လက်တွေ့ကျကျ ဘယ်လိုကျော်လွှားမလဲဆိုတာက ကိုယ်ပိုင်ပြဌာန်းခွင့်( self-rule) နဲ့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စတွေမှာ အားလုံးတန်းတူရည်တူဆောင်ရွက်ပိုင်ခွင့် (shared rule) ကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်မှ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်မယ်ဆိုတာကို တင်ပြလိုတာပါ။

လင်းလက်