• Today is: Thursday, April 18, 2024

နေရာမရှိခြင်း (no space)

နေရာမရှိခြင်း (no space)

igloo | အတွေးအမြင်

နှစ် ၇၀ကျော် နိုင်ငံရေး လူမျိုးရေး စစ်ရေး ပဋိပက္ခ အလုံးစုံဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံလို့ခေါ်ခဲ့ကြတဲ့ ဒီတိုင်းပြည်မှာတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရ တည်ရှိနေဖို့လုံခြုံရာနေရာ မရှိကြတဲ့ခံစားချက်ကို လူတိုင်းနီးပါး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူမျိုး ဘာသာမခြား အလွှာစုံမှာဖြစ်လာခဲ့တယ်။

လူထုကြားမှာဖြစ်ပျက်ခဲ့တဲ့ ဥပမာတွေထဲက တခုအနေနဲ့ အာဏာသိမ်းခါစ အရှေ့ပိုင်းလတွေမှာ ERO လူမျိုးစု/တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဖြစ်တည်မှုတွေကို နကန်းတလုံးနားမလည်ပဲ စကစကို တစုတစည်းထဲ ပြန်တိုက်ခိုင်းတာတွေ ရန်ကုန်/နေပြည်တော်ကို တက်သိမ်းခိုင်းတဲ့ false hope တွေ လူထုကြားမှာ ပျံ့နှံ့ခဲ့တာတွေရှိခဲ့တယ်။

လက်သုံးချောင်းထောင်မလား မထောင်ဘူးလား သပိတ်မှာ ပါမလား မပါဘူးလား CDM မှာ လုပ်မလား မလုပ်ဘူးလားဆိုတာမှာလည်း အတွေးကိုယ်စီ ရပ်တည်ချက်ကိုယ်စီနဲ့ တခုခုကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ သူတွေ ရှိသလို ဖိအားနဲ့ လှိုင်းကြောင့် ခေတ္တခဏ စီးမျှောခဲ့ကြတဲ့ သူတွေလည်းရှိခဲ့ကြတယ်။

ပြည်သူ့အစိုးရဟုခေါ်သော NUG အဝန်းအဝိုင်းထဲမှာ၂၀၂၁ ကတည်းက အစိုးရယန္တယားတွေမှာ မသေချာတဲ့ မျှော်လင့်ချက်တွေဖြစ်တဲ့ CDM လုပ်ရင် ဘာပြန်ရမယ်ဆိုတာနဲ့စလို့ ဘယ်နေ့မှာတော့ နောက်ဆုံးဖြစ်တယ် ဆိုပေမယ့်လည်း အခုထိ ဘယ်နေ့က ဘယ်ဌာနရဲ့နောက်ဆုံးလဲဆိုပြီး မရှင်းမလင်း စမ်းတဝါးဝါးဖြစ်နေဆဲပါပဲ။

အာဏာလုတဲ့စကစ အဝန်းအဝိုင်းထဲမှာလည်း လက်နက်တပ်ဆင်မှုတွေကို အချိန်နဲ့တပြေးညီလုပ်ဖို့ တွန်းအားပေး သလို အချိန်ကြာလာတာနဲ့အမျှ တောရောမြို့ပြတွေမှာမကျန် လှောင်အိမ်ဘန်ကာတလုံးပြီး တလုံးဆောက် နေဆဲပါပဲ။

သံဇကာ ဝါးထရံပတ်ပတ်လည်ကာရံထားတဲ့ပတ်တရောင်လှည့်ကားတွေထဲကနေတဖုံ ရွာစဥ်လျှောက်ပြီး ကြုံရာကျပန်း  မဲမဲမြင်မြင်သမျှကို ပစ်ဖို့ သတ်ဖို့ လူမဆန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ဝန်မလေးတဲ့အထိ လုပ်နေကြတာမို့ လူထုတွေရဲ့ဘ၀ဟာ မလုံခြုံမှုနဲ့သေခြင်းတရားကသာ ကြီးစိုးနေတာကိုလည်း နေ့စဉ်မြင်ရ ကြားရ ကြုံတွေ့လာရတယ်။

လက်နက်တပ်ဆင်နိုင်မှုအားမကောင်းသေးပဲ D-Day စခေါ်ခဲ့တဲ့ နေ့ကနေစပြီး အလယ်ပိုင်းဒေသကလူထုတွေဟာ ဖန်တီးတီထွင်ထားကြတဲ့ ရှိရာလက်နက်နဲ့  လိုက်ပါခဲ့ကြတယ်။

စကစက လေကြောင်းတိုက်ခိုက်မှုတွေ စဥ်ဆက်မပြတ်လုပ်လာတာကြောင့် ငှက်ပစ်/ငှက်ကင် ဆိုတဲ့စကားလုံးတွေနဲ့ လေယာဥ်ကိုဖျက်ဆီးနိုင်တဲ့လက်နက်ရှိတယ်ဆိုပြီး လူထုရဲ့စိတ်ဓါတ်ကိုဆွဲတင်ခဲ့ပေမယ့်လည်း   လက်တွေ့မှာ မဖြစ်လာပဲ စကစဘက်ကသာ ပိုပိုပြီး လေကြောင်းနဲ့တောက်လျှောက်ပစ်ခဲ့တာကြောင့် အိုးအိမ်စွန့်ခွာ ကစဉ့်ကလျားပြေးလွှားရှောင်တိမ်းရပြီး ရွာတလျှောက်မီးရှို့ဖျက်ဆီးမှုတွေကသာ အဆမတန်များလာတယ်။

လူမျိုးစု/တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကြားမှာလည်း အရှိန်နဲ့အလုံးလိုက်အရင်းလိုက်ကြီး သူတို့အရပ် ဒေသဆီကို ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေကို လက်ခံခြင်းမခံခြင်းကိစ္စတွေနဲ့ရုန်းကန်ရတယ်။

 လက်ခံပေးတဲ့ နောက်ဆက်တွဲအကျိုးအဆက်တွေဖြစ်တဲ့ အကောင်းမြင်ခံရခြင်း နဲ့ အဆိုးမြင်ခံရခြင်းရဲ့ အစွန်းနှစ် ဖက်ကြားမှာလည်း ဝန်ပိလို့လာတယ်။ လက်ခံပေးတဲ့တချို့အဝန်းအဝိုင်းတွေကို စကစက ပြဿနာရှာခံရသလိုပဲ လက်မခံတဲ့အဝန်းအဝိုင်းတွေမှာလည်း တခြားသောနည်းလမ်းတွေနဲ့ ပြဿနာရှာခံရတာပါပဲ။

တော်လှန်ခုခံကြတဲ့ အဝန်းအဝိုင်းတွေမှာလည်း လူအများစုတွေက ငါတို့အစိုးရလို့ ယူဆခဲ့ကြတဲ့ ရပ်ဝန်းထဲက နေခွါပြီး  သူပုန် သို့မဟုတ် အရင်က ငါတို့နဲ့မတူတဲ့လူတွေလို့ သတ်မှတ်ထားတဲ့သူတွေရဲ့ ရပ်ဝန်းတွေဆီ တိမ်းရှောင်ရင်းရောက်သွားကြတော့တဲ့အခါ အတွင်းပဋိပက္ခတွေက ပေါ်လာတော့တာပါပဲ။

အရင်က မသိခဲ့ နားလည်ဖို့အခွင့်အရေးမရခဲ့တာတွေကို အချိန်ယူ နေရာပေးပြီး နားလည်လက်ခံဖို့ မလုပ်ပဲ အတင်းလုပ်ယူနားလည်ချင်ဟန်ဆောင်ခဲ့ရာက တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ လူတချို့တွေမှာတော့ ကိုယ့်ထဲမှာတောက်လောင်နေတဲ့ မီးတောက်တွေကို အခြားသူတွေကိုပါ မီးပွါးတွေအဖြစ်ကူးစက်စေတဲ့ အပြုအမူတွေကို လုပ်လာကြတယ်။

မပြေလည်တဲ့ အကြောင်းအရာတွေကို ဖြေရှင်းဖို့ကို ကြံရာမရတော့ချိန် သို့မဟုတ် ဆောက်တည်ရာမရတော့ချိန်မှာ တချို့သော ဦးဆောင်မှုပြုချင်ကြတဲ့သူတွေနဲ့ ခေတ်ပျက်ချိန်မှာ ဖျာခင်းချင်ဇောအရှိန်နဲ့ ကိုယ့်ကိုကိုယ် သို့မဟုတ် ကိုယ့်အဝန်းအဝိုင်းက တခုခုလွဲချော်နေမှန်း လက်သင့်မခံချင်ကြတဲ့သူတွေမှာ အခြားလူ သို့မဟုတ် တခြားအဝန်းအဝိုင်းထဲမှာ ဖြစ်ပျက်တာတွေကိုပဲ အာရုံပြောင်းပြီး အပြစ်လွှဲဖို့ကို ထွက်ပေါက်တခုအနေနဲ့ရှာကြတယ်။

လူရဲ့စိတ်နဲ့ခန္ဓာက ပြောင်းလဲမှုအသစ်နဲ့အံဝင်ခွင်ကျဖြစ်ဖို့ နားလည်ဖို့က အချိန်ယူရသလို ဖွင့်ထုတ်ဖို့နေရာမရှိသလောက်နည်းပါးကုန်တဲ့အခါမှာ ရုန်းကန်မှုကလည်း အတွင်းအရောအပြင်မှာပါ ပြင်းထန်လာပါတယ်။