• Today is: Monday, May 27, 2024

မိုးဗြဲအရှေ့ဘက် စစ်ဘေးရှောင်ပြည်သူဖမ်းဆီးခံရပြီး (၃)ဦး မီရှို့သတ်ဖြတ်ခံရ

ဓါတ်ပုံ – PK-PDF2

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၄၊ ၂၀၂၃
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ တောင်ပေါ် စစ်ဘေးရှောင်စခန်း တစ်နေရာသို့ ၂၀၂၃ခုနှစ်၊ မတ် (၁၂) ရက်နေ့ စစ်ကောင်စီ တပ်မ ၆၆ စစ်သားများ စစ်ကြောင်း ထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေး အချို့ကို ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်ဟာ ဖမ်းဆီးထားသော စစ်ဘေးရှောင်ပြည်သူအချို့ကို လူသားဒိုင်းအသုံးပြုသည့်အပြင် အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ သက်ကြီးရွယ်အို ၈၁ နှစ် နှင့် ၇၈နှစ် (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့သလို ၇ တန်း ကျောင်းသား တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ထဲက လွတ်မြောက်လာသူ တချို့က သွားရောက် ကယ်ဆယ်ခဲ့တဲ့ ကာကွယ်တပ်ဖွဲ့ကို ပြောပါတယ်။
စစ်ဘေးရှောင်များကို ကယ်ဆယ်ဖို့ သွားခဲ့တဲ့ ဖယ်ခုံPDF တပ်ရင်း-၂/ KNDF B-03/ URF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြားမှာလည်း အဲဒီနေ့ ညနေ (၃)နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံတပ်ရင်း-၂ မှ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဖယ်ခုံတပ်နှင့် မိုးဗြဲအ‌ခြေစိုက် (၄၂၂)တပ် တို့က လက်နက်ကြီး ပစ်ကူ မြောက်များစွာကိုလည်း အသုံးပြုသည့်အပြင် ညနေ၅နာရီခွဲခန့် တိုက်လေယာဥ်နှစ်စီးဖြင့် ၃ကြိမ် လာရောက် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဟာ ည ၇ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီ တိုက်ပွဲမှာတော့ စစ်ကောင်စီ တပ်ကြပ်ကြီးနှင့်ဒု- တပ်ကြပ်အပါအဝင် အရာရှိစစ်သားများလည်း သေဆုံး ကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့တယ်လို့ သိပါတယ်။ အဲဒီတိုက်ပွဲအတွင်းက ခဲယမ်းတချို့နှင့် စစ်အသုံး အဆောင်အချို့ သိမ်းဆည်း ရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ဘေးရှောင်တို့ကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားရင်း ဖယ်ခုံ pdf တပ်ရင်း-၂မှ ရဲဘော်တစ်ဦး နှင့် KNDF B-03 မှ ရဲဘော်၂ဦး တို့က မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ ၆ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။