• Today is: Tuesday, April 16, 2024

ရဲတပ်ဖွဲ့မှာ ခွဲခြားမှုတွေရှိတယ်

ရဲတပ်ဖွဲ့မှာ ခွဲခြားမှုတွေရှိတယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၄၊ ၂၀၂၃

ကျနော်နာမည်က xxx ပါ။ ရဲအုပ်ပါ။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး ရုံးအမှတ် xxx၊ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျနော်က လက်နက်ကိုင်တပ်ဖွဲ့မှာ တာဝန်‌ထမ်းဆောင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ကျနော် ဘွဲ့ရတဲ့အချိန်နဲ့ ဒုရဲအုပ်လောင်း ခေါ်တဲ့အချိန်နဲ့ တိုက်ဆိုင်တော့ ကျနော်ဝင်ဖြေတယ်ပေါ့။ ၂၀၀၅ မှာဒုရဲအုပ်လောင်းဝင်ဖြေရတယ်။ ၂၀၀၇ မှာသင်တန်းတက်ရတာပေါ့ ။

စဝင်တဲ့ အချိန်ကတော့ ရည်မှန်းချက် ကြီးကြီးမားမားမရှိဘူး။ အဓိက ဝင်ရတဲ့ အကြောင်းရင်းကလဲ အမေ၊အဖေတွေ မိသားစု အားလုံးက ကျောင်းဆရာ၊ ဆရာမ ဖြစ်ကြတယ်။ မောင်နှမ ၇ ယောက်မှာ ၁၀ တန်းအောင်တာက ၃ယောက်ပဲ ရှိတဲ့အထဲမှာ အမေ၊အဖေတွေရဲ့  ဆန္ဒကလည်း ဝန်ထမ်းဖြစ်စေချင်တာ တပိုင်းပါတယ်။ အဲဒါနဲ့ ဒုရဲအုပ်လောင်းသင်တန်းကို ဝင်ပြီးဖြေတယ်။ ရဲထဲဝင်တဲ့အချိန်မှာ ဘာဖြစ်ချင်တယ်လို့ တိတိကျကျတာ့မရှိဘူး။

သင်တန်းက ၁ နှစ်နဲ့ ၃လ တက်ရတယ်။ သင်တန်းတက်ပြီး ကျနော် xxx တိုင်းဒေသကြီး ရဲတပ်ဖွဲ့ xxx စခန်းမှာ အလုပ်သင်အရာရှိ အနေနဲ့ စပြီး တာဝန်ထမ်းဆောင်ရတယ်။

လုပ်သက် ၁၄ နှစ်ရှိခဲ့ပါတယ်။ အဓိကကျနော်တို့က ရဲတပ်ဖွဲ့ဝင်ဖြစ်တယ် ဥပဒေနဲ့အညီ ဆောင်ရွက်ရတာတွေ ရှိတာပေါ့။

တရားခံ ဖမ်းမိတဲ့အခါ တရားခံအပေါ် စစ်ဆေးတဲ့အခါ စစ်ဆေးတာထက် နှိပ်စက်တဲ့သဘော လုပ်ကြတာကို ကျနော် မကြိုက်ဘူး။ စစ်ကြောရေးလုပ်တဲ့အခါမှာ အစားအစာ ရေကအစ ပေးမသောက်တာ အများကြီးရှိတယ်။

xxx စခန်းမှာ အလုပ်သင်အနေနဲ့ ၃နှစ်တာဝန်ထမ်းဆောင်တယ်။ အလုပ်သင် ပြီးတဲ့အခါမှာ xxxပြည်နယ် ရဲစခန်းကို တာဝန်ချထားခြင်း ခံရတယ်။ xxxပြည်နယ် xxxရဲစခန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွေမှာ ၃နှစ်နီးပါး တာဝန် ထမ်းဆောင် လာခဲ့တယ်။ အဲဒီကာလတွေမှာတော့ ကျွန်တော်က အမှုစစ်လုပ်ငန်းနဲ့ ဒုစရိုက်နှိမ်နင်းရေးလုပ်ငန်း‌တွေကို

ဦးစားပေး ဆောင်ရွက်ခဲ့ရတာရှိတယ်။ တခြား မြို့နယ်အဆင့်တွေမှာ လုံခြုံရေးလိုက်ပေးခဲ့ရတာလည်းရှိတယ်။ ၂၀၁၃ မှာ မူးယစ်ဆေးဝါးပပျောက်ရေး ဌာနအတွက် တနိုင်ငံလုံး ရဲတပ်ဖွဲ့ဝင်တွေထဲက လက်‌ရွေးစင် အယောက် ၅၀ စိစစ်ရွေးခေါ်တဲ့ အချိန်မှာ ကျနော် ပါဝင်သွားခဲ့ ပါတယ်။ ဌာနမှူးကတော့ ရဲမှူးကြီးအဆင့်ရှိတယ်။

အဲဒီကာလမှာ ကျနော်တို့ နိုင်ငံက တနိုင်ငံလုံး အတိုင်းတာကို မူးယစ်ဆေးဝါး စာရင်းတွေ ပြုစုတဲ့အခါမှာ  အဲဒီမှာအားနဲချက် အားသာချက်တွေရှိတယ်။ ကျနော် နည်းနည်းရှင်းပြချင်တာက တနိုင်ငံလုံး မူးယစ်ဆေးဝါး စာရင်း ပြုစုချိန်မှာ ဒုကြပ်တပ်အဆင့် ကိုပဲ ထားပြီး ပြုစုခဲ့တာတွေ ရှိတယ်။ ကျနော်တို့မရောက်ခင်မှာပေါ့။ တာဝန်ခံစာရင်းပြုစုရတာ ဒုတပ်ကြပ်၊ တပ်ကြပ် ကိုပဲ လှမ်းပြီးတော့ တာဝန်ပေးတာပေါ့။

တနိုင်ငံလုံးအတိုင်းအတာအတာနဲ့ဆိုရင် ဖမ်းဆီးတဲ့ အမှုစာရင်းထက် ပြုစုတဲ့ အမှုစာရင်းက နည်းခဲ့တာတွေ တွေ့ရတယ်။  အမှုအရေအတွက်ရော တရားခံ အရေအတွက်ရော မမှန်ကန်တာ တွေ့ခဲ့ရတယ်။ ကျနော် ဘာကြောင့် မူးယစ်ဆေးဝါးကိစ္စကို ပြောလဲဆို အခု လက်ရှိ ကျနော်တို့ နိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓါတုဆေးတွေ  ထုတ်လုပ်နိုင်ခြင်း မရှိဘူးလို့ ကြွေးကြော်ထားတာ တွေရှိတယ်။

ကျနော်တို့ နိုင်ငံမှာ လုံးဝ ထုတ်လုပ်နိုင်တာ မရှိဘူးလို့ ပြောထားတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးတွေက အများကြီးထွက်ရှိနေတယ်။ ဒီပစ္စည်းတွေက နိုင်ငံခြားကနေ တရားဝင်လမ်းကြောင်း သ‌င်္ဘောနဲ့လာတာရှိတယ်။ နယ်စပ်ဒေသကနေဝင်တဲ့လမ်းကြောင်းတွေရှိတယ်။ တခါတလေ မူးယစ်ဆေးဝါး သယ်တဲ့သူတွေက တရားမဝင်သွင်းကြတယ်။

ကျနော် တွေ့ခဲ့ရတာတော့ ဓာထုပစ္စည်းတွေက တရားဝင် လမ်းကြောင်းက ဝင်တယ်။ ပြီးတဲ့အခါမှ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသူတွေ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါး ထုတ်တဲ့နေရာကို ပို့ဆောင် ရောင်းဝယ်ကြတဲ့ အနေအထားကို ကျနော်ရဲ့လုပ်သက်အရရော မူးယစ်ဆေးဝါးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၇နှစ်တာကာလအတွင်းမှာပါ မြင်နေခဲ့ရပါတယ်။

နောက်တချက် ကျနော် မူးယစ်ဆေးဝါးကိစ္စ ပြောချင်တာရှိတယ်။ ကျနော်တို့ရုံးမှာ ၄နှစ်၊ ဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင်အနေနဲ့က ၃နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျနော် မူးယစ်တပ်ဖွဲ့ကို ရောက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံရဲ့ မူးယစ်ဆေးဝါးအနေထားက ၂၀၁၃၊ ၂၀၁၄မှာ အမှုပေါင်း ၃ထောင်၊ ၄ထောင် ပတ်ချာလည်ပဲရှိတယ်။ ဒုတိယအကြိမ်ရုံးကို ပြန်ရောက်သွားတဲ့အချိန်မှာ အမှုပေါင်းက သောင်းကျော်သွားတယ်။ ၂၀၁၃ နဲ့ ၂၀၂၁ ကြားမှာပေါ့။

ကျနော်တို့နိုင်ငံရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ အခု အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကျနော်တို့နိုငံက မူးယစ်ဆေးဝါး ပြသနာက ကမ္ဘ့ာနိုင်ငံအသီးသီးကို ရိုက်ခတ်မှု အပေးဆုံး နိုင်ငံ ဖြစ်သွားပြီလို့ ကျနော် သုံးသပ်တယ်။ ကျနော်တို့ နိုင်ငံမှာ အရင်တုန်းက ဆိုရင် အက်တဆီတို့ တခြား စိတ်ပြောင်းဆေးဝါးတို့ ဆိုတာ ထုတ်လုပ်တာမရှိဘူး။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ Happy Water ဆိုတဲ့ စိတ်ပြောင်း ဆေးဝါးအသစ်လို  မူးယစ်ဆေးဝါး အသစ်တွေ၊ ကက်တမင်း ဆိုတဲ့ မူးယစ်ဆေးဝါး အမျိုးစားတွေ ပိုပြီးတော့ တိုးတက်လာတာ ဖမ်းဆီးရမိတာတွေ ရှိလာတယ်။ လက်ရှိလူငယ်တွေကြားမှာရော လူကြီးတွေကြားမှာရော အစိုးရဝန်ထမ်းကြားမှာရော မူးယစ်ဆေးဝါးအတော်များများသုံးစွဲတာတွေတွေ့ရတယ်။ ဒါတွေက ကျနော်တို့ရဲ့ လူသား အရင်းမြစ်တွေ တဖြည်းဖြည်းနဲ့ မူးယစ်ဆေးဝါး ကျေးကျွန် ဖြစ်လာပြီလို့ ကျွန်တော်မြင်တယ်။

ဥပမာ တရားဝင် လမ်းကြောင်း ကုမ္ပဏီကနေ ဓါတုဆေးဝါးတွေ သ‌င်္ဘောနဲ့ သွင်းလာတယ်ဆိုပါတော့၊ ကျတော်တို့ရဲ့ လုပ်ငန်းအားနည်ချက်က ပေပါအလုံး၁၀၀ ဝင်လာတယ်ဆို အမှန်က စာရင်းတွေနဲ့ စဉ်ဆက်မပြတ် စစ်ဆေးရမှာပေါ့။ စာရွက်စာတမ်း ပေါ်မှာတော့ စစ်ဆေးတာရှိတယ်။ တကယ့်တကယ် အဲဒီ ပစ္စည်းတွေက အလုံး၁၀၀ ဝင်သွားတယ်၊ သူတို့ ကုမ္ပဏီမှာ တရားဝင် အသုံးပြုတဲ့ ပစ္စည်းက ၅၀ လောက်ပဲအသုံးပြုနိုင်တယ်။ ကျန်တဲ့ ၅၀ က တရားမဝင်တဲ့ မူးယစ်ဆေးဝါး လမ်းကြောင်းတွေ၊ တရားမဝင်တဲ့ တခြား စက်မှုထုတ်ကုန်တွေဆီ ရောက်ရှိသွားတာတွေ့ရတယ်။

ကျနော်က အာဏာသိမ်းတဲ့အချိန်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး ရုံးအမှတ် xxx၊ ပြည်ထဲရေး ဝန်ကြီးဌာန မှာ တာဝန်ထမ်းဆောင်နေတာ။ အာဏာမသိမ်းခင် ဇန်နဝါရီ ၃၁ ရက်နေ့ညက မအိပ်ဘူး အိပ်မပျော်တာနဲ့ ကျနော် ဖုန်းကြည့်နေတဲ့ အချိန်မှာ ကျနော်တို့ အင်နက်လိုင်း ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်။ အဲဒီ အချိန်မှာပဲ ကျနော်တို့ နေတဲ့ လိုင်းခန်းနဲ့ သမ္မတရုံးနဲ့က မဝေးဘူး၊ လေယာဉ်သံတွေကြားရတယ်။ အဲဒီအချိန်မှာအာဏာသိမ်းလိုက်တယ်ဆိုတာသိ‌လိုက်တယ်။

ပြောရမယ်ဆိုရင်ပေါ့ အားလုံးလူကြီးကအစ အောက်ခြေအထိအာဏာသိမ်းတာ ထောက်ခံတဲ့သူ ၁၀ ရာခိုင်နှုန်းလောက်တော့ ရှိမယ်ထင်တယ်။ ကျန် ၉၀ ရာခိုင်နှုန်း မကြိုက်ကြဘူး။ ဒါ သူတို့ ပြောဆိုနေသံ အကဲခတ်ကြည့်တာပါ။ နောက်နေ့ရုံးတက်တဲ့နေ့မှာ အချင်းချင်းအပြန်လှန်ပြောဆိုသံတွေအရ အများစုက လက်မခံတဲ့ အနေအထားတွေ တွေ့ရတယ်။၊

ကျနော်ကိုယ်တိုင်က အဲဒီညကတည်းကိုက ဆောက်တည်လို့မရတော့ဘူး။ အဲဒီည လေယာဉ်သံတွေကြားရတယ်။ တစီးထဲမဟုတ်ဘူး။ သုံးစီးလောက်ဖြစ်မယ်။ ကြားလိုက်ကတည်းကကျွန်တော်တို့ကရဲတပ်ဖွဲ့ဝင်တွေဆိုတော့တန်းပြီးသိတယ်။ သိတယ်ဆိုတာ ကိုယ့်ရဲ့ အာရုံထဲမှာရော လက်ရှိ ဖြစ်ပျက်နေတာကို တွက်ချက်ပြီးတော့ သိလိုက်တာ။ အဲဒီအချိန်မှာ လုံးဝ ဆောက်တည်လို့ မရတော့ဘူး။ ကျနော် လမ်းမပေါ်တောင် လိုက်ထွက်ကြည့်ဖြစ်သေးတယ်။

အဲဒီမှာ ဘာခံစားမှု ရသလဲဆိုတော့  ကျနော်တို့ရဲ့ အသက်အရွယ်နဲ့ဆိုရင် စစ်တပ်ကအာဏာသိမ်းမှု ၂ ကြိမ်ဆုံရတယ်ပေါ့။ ပထမအကြိမ် ၈၈ က ကျွန်တော် ၅ နှစ်သား၊ အခုချိန် ၃၇, ၃၈ မှာ ဒုတိယ အကြိမ်မြောက်သွားပြီးတော့ တိုက်ဆိုင်တာ။ အာဏာမသိမ်းခင်မှာ နိုင်ငံက ဒီမိုကရေစီ အစပျိုးနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အစစအရာရာဖွံဖြိုးတိုးတက်နေခဲ့ပြီ။

ထပ်ပြီးတော့လည်း  ဖွံဖြိုးတိုးတက်ဖို့ပဲ ရှိတော့တယ်။ အဲဒီအချိန်လေးမှာစစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တပ်မတော်ကနေ အသွင်ပြောင်းလာတဲ့ ရဲအရာရှိကြီးတွေ ကနေပြီးတော့ ဟိုးအောက်‌ခြေအထိမှာ တပ်မတော်သားတွေ တာဝန်ထမ်းဆောင်နေတယ်။ သူတို့ရဲ့ အမူအကျင့်၊ လေ့အထတွေ၊ ပြောပုံဆိုပုံတွေကို ကျနော်တို့က အနီးကပ်တွေ့မြင် နေရတဲ့အချိန်မှာ ဒီလိုမျိုး အာဏာသိမ်းပြီ ဆိုရင် ကျနော်တို့ နိုင်ငံက စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ တသက်လုံး ရောက်သွားနိုင်တယ် ဆိုတဲ့ ခံစားချက်မျိုးလည်းတွေ့ရတယ်။

နောက်တချက်က ကျနော်တို့အနေနဲ့ ဒီအချိန်မှာ Covid-19 လည်းဖြစ်နေကြတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာမှ  (စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး) စစ်တပ်က ပြည်သူတွေရဲ့ အကျိုးကျေးဇူးကို မကြည့်ဘူး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားပဲ ကြည့်တယ်ဆိုတဲ့ ခံစားမှုမျိုးခံစားခဲ့ရတယ်။

မြသွဲ့သွဲ့ခိုင် ဆုံးတဲ့နေ့မှာ ကျနော်ပြည်သူနဲ့ အတူ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ သပြေကုန်းအဝိုင်းမှာ ကျနော် ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ ပြောချင်တဲ့ စကားလုံးလေးတွေကို ပြည်သူကြားမှာ ကျနောာ် ပြောပြခဲ့တယ်၊  ကြွေးကြော်ခဲ့တယ်။

ရဲတပ်ဖွဲ့မှာ ခွဲခြားမှုကတော့ အပြည့်ရှိတယ်။  စစ်တပ်က အသွင်ပြောင်းနဲ့ ကျနော်တို့ သန္ဓေရဲတပ်ဖွဲ့ဝင် ပေါ့နော် အောက်ခြေကနေ တက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့က လုံးဝခွဲခြားမှုရှိတယ်။ ရာထူးဖြေတဲ့ပုံစံမှာကိုက ခွဲခြားမှုရှိတယ်။ စစ်တပ်က ဝင်လာတဲ့သူတွေက ဒုရဲအုပ် တန်းရထားတာ ရှိတယ်။ အဲဒီလူတွေက  တဆင့်တိုး ရာထူး ထပ်ဖြေတဲ့ အချိန်မှာ ရေးဖြေ စာမေးပွဲ ဖြေစရာမလိုတဲ့ အတိုင်းတာတွေရှိတယ်။

ကျနော်အနေနဲ့ CDM စလုပ်ပြီးကတည်းက တော်လှန်ရေးထဲကို အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ဆုံးဖြတ်တဲ့ အတိုင်း စစ်သင်တန်းတွေ တက်တယ်။ KNUမှာ ဥပ‌ဒေပိုင်း ဆိုင်ရာနဲ့ လက်ရှိ တာဝန် ထမ်းဆောင်နေတယ်။ တရားဥပဒေ စိုးမိုးရေး အဖွဲ့စည်းတခုမှာ တာဝန်ထမ်းဆောင်နေတယ်။ CDMတွေကို ဂုဏ်ပြုချီးမြင့်တဲ့ ပြည်သူ့သားကောင်း မှာလည်း ကျနော် အဖွဲ့ဝင်အနေနဲ့ ဆောင်ရွက်နေတာတွေ ရှိတယ်။ NUGရဲ့ ပြည်သူ့ရဲတပ်ဖွဲ့မှာလည်း ပါဝင်ဆောင်ရွက်နေတာတွေရှိပါတယ်။

တော်လှန်ရေး ပြီးဆုံးတဲ့အခါမှာ ကျနော့်အနေနဲ့ကတော့ ရဲတပ်ဖွဲ့က တာဝန်ပေးမယ်ဆို ပြန်ပြီး တာဝန် ထမ်းဆောင်သွားမှာပေါ့။ တကယ်လို့တာဝန် မပေးအပ်ဘူး ဆိုရင်လဲ ကျနော်ရဲ့ကိုယ်ပိုင်လုပ်ငန်း ကုန်သည်ပွဲစားပဲဖြစ်ဖြစ်၊ကျနော်ဝါသနာပါတဲ့ကားလုပ်ငန်း ဝပ်ရှော့ပဲဖြစ်ဖြစ် လုပ်ငန်းတွေပဲစီစဉ်သွားဖို့ရှိပါတယ်။

 

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#မြန်မာနိုင်ငံရဲတပ်ဖွဲ့

#Myanmar_Police_Force