• Today is: Friday, March 29, 2024

ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲ အိန္ဒိယဗဟိုစစ်တပ် Assam Rifle သေနတ်ဖောက်ဝင်လာလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်

ဓါတ်ပုံ -CDF-Paletwa ဥက္ကဌ

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၄၊ ၂၀၂၃

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ထဲက CJDC အဖွဲ့ဝင် CDF-Paletwa ၏ ထိန်းချုပ်နယ်မြေလည်းဖြစ်တဲ့ ရွှေလိုက်ဝကျေးရွာသို့ ယမန်နေ့ မတ် ၁၃ နေ့က အိန္ဒိယဗဟိုစစ်တပ် Assam Rifle အဖွဲ့ဝင်များ သေနတ်ဖောက် ဝင်ရောက်လာလို့ ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အိန္ဒိယဗဟိုစစ်တပ် Assam Rifle အဖွဲ့ဝင်များဟာ ရွှေလိုက်ကျေးရွာထဲ ဝင်ရောက်လာစဉ် သေနတ် (၁၀) ချက်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့် သေနတ် (၁၀)ချက်တိတိ ပစ်ဖောက်ခဲ့သလဲ ဆိုတာကိုတော့ သေချာမသိရပါဘူး။

“ကျောက်တိုင်လာကြည့်တယ် ဆိုပြီးအကြောင်းပြပြီး လက်နက်အပြည့်အစုံနဲ့ CDF -Paletwa အခြေချရာ တပ်ရင်း-၂ နယ်မြေထဲကို ဝင်ရောက်လာခြင်းဖြစ်သလို၊ ကျောက်တိုင်ကြည့်ရှုပြီး အပြန်လမ်းမှာ သေနတ် (၁၀) ချက်ဖောက်သွားပါသေးတယ်”လို့ CJDC ရဲ့ အထွေထွေအတွင်းရေးမှုး -၂ လည်းဖြစ်၊ CDF-paletwa ရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ Salai Paul က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook ကတဆင့် ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလို အိန္ဒိယဗဟိုစစ်တပ် Assam Rifle အဖွဲ့ဝင်များ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ထဲက CDF-paletwa အပြင် တာဝန်ရှိသူများကို တစုံတရာ ဆက်သွယ်အကြောင်းကြားခြင်းမရှိပဲ အကြိမ်ကြိမ် ဝင်ရောက်လာမှုအပေါ်မလိုလားသလို လိုအပ်ပါက နှစ်နိုင်ငံကြား နိုင်ငံရေးအရ သံခင်းတမန်ခင်း အနေဖြင့် ဆက်သွယ် ဝင်ရောက်လာဖို့ CDF-paletwa အနေဖြင့် လိုလား နေတာပါ။

“ယခုကိစ္စဟာ ချင်းပြည်အရေး ဖြစ်သော်ငြားလည်း NUG ကို တော်လှန်ရေအဖွဲ့စည်းတွေအနေဖြင့် အစိုးရတရပ် အဖြစ် လက်ခံထားတာဖြစ်လို့၊ သူ့တို့(NUG) အနေဖြင့် အိန္ဒိယ သံတမန်လည်း ထားရှိတာ ဖြစ်သည်နှင့်အတူ သူ့ရဲ့ သံခင်းတမန်ခင်းအရ ထိတွေ့ဆက်ဆံ နိုင်ဖို့ လိုတယ်လို့ CJDC ရဲ့ အထွေထွေအတွင်းရေးမှုး -၂ လည်းဖြစ်၊ CDF-paletwa ရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ Salai Paul က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒါ့အပြင် NUG အနေဖြင့် သံခင်းတမန်ခင်းအရ ဘယ်လောက်ထိ အထမြောက်သလဲ၊ Assam Riffle အနေနဲ့ အခုလို ဝင်တာဟာ စကစရဲ့ ခွင့်ပြုချက်နဲ့လား(သို့) NUG က ဒီအကြောင်းကို သိနေ (involvement and concern) လားဆိုပြီး သူက မေးခွန်းထုတ် ပြောဆိုပါတယ်။ NUG အနေနဲ့ အိန္ဒိယအစိုးရကြား ဒီထက် ပိုကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်းပါတယ်။

အခုလို ဖြစ်ရပ်များ မကြာခဏကြုံတွေ့လာရတာကြောင့် CDF-Paletwa အနေဖြင့် နယ်စပ် ဂိတ် တည်ဆောက်ပြီး (Assam Riffle)နဲ့ ပွင့်လင်းမြင်သာပြီး အပြန်လှန်လေးစားမှုရှိတဲ့ ဆက်ဆံမှုမျိုး တည်ဆေက်ဖို့ ကြိုးစားသွားမည် ဖြစ်တယ်လို့ သိရပါတယ်။

Assam Riffle တပ်ဖွဲ့ဝင်များဟာ ပလက်၀မြို့နယ်ထဲက CDF-Paletwa ၏ ထိန်းချုပ်နယ်မြေသို့ တစုံတရာ ဆက်သွယ်အကြောင်းကြားခြင်းမရှိပဲ ဝင်ရောက်လာတာဟာ ယခုနှစ်အတွင်းမှာပင် ဒုတိယအကြိမ်ထိ ရှိပြီ ဖြစ် တယ်လို့လည်း သိရပါတယ်။