• Today is: Thursday, May 30, 2024

အတွေးအမြင် | မှိုင်းမိခြင်း (Delusion)

မှိုင်းမိခြင်း (Delusion)

Igloo | အတွေးအမြင်

ပထဝီမြေပုံအရ သတ်မှတ်ထားကြတဲ့မြန်မာနိုင်ငံသားတွေလောက် မှိုင်းမိနေရတာ ဒီနိုင်ငံသားတွေပဲရှိမယ် ထင်ပါတယ်။ ဘယ်လောက်ပဲ ဒီနိုင်ငံဧရိယာအပြင်ဘက်ရဲ့ဘယ်လောက်ဝေးဝေးကိုပဲရောက်နေပါစေ တရားသေဆုပ်ကိုင်ထားတဲ့အရာတွေကို လက်မလွှတ်နိုင်တာ မှန်တယ်လိုယူဆတဲ့အတွေးတွေကို ပြောင်းလဲမပစ်နိုင်တာက အပြောင်းအလဲလုပ်မယ်လိုပြောကြပြီး ဦးဆောင်ကြတဲ့သူတွေမှာ ငြိတွယ်နေရင် အဲ့ဒီဦးဆောင်မှုနောက်ကို လိုက်ပါရတဲ့သူတွေမှာ ဘေးအန္တရာယ်အကြီးကြီးတွေနဲ့သာ ကြုံဆုံရလေ့ရှိတယ်။

ဦးဆောင်တဲ့တစုံတယောက်က “စစ်တိုက်မယ်ဟေ့” လို့ ပြောလိုက်တာနဲ့ မေးခွန်းပြန်မထုတ်တော့ပဲ ခလုတ်မောင်းဆွဲလိုက်ကြတာတွေ၊ ဆိတ်ခေါင်းမှန်းမသိ ခွေးခေါင်းမှန်းမသိ ခေါ်တဲ့သူရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးကို ရင်ကြားစေ့နိုင်ကောင်းပါရဲ့ ပြောင်းလဲနိုင်ပါရဲ့ဆိုပြီး မထူးဇာတ်ခင်းလိုက်ရတဲ့အချိန်ကာလမျိုးကိုလည်း ပြန်မသွားချင်လို လက်သုံးချောင်းထောင်ရာကနေ လက်နက်ပြောင်းကိုင်ကြတဲ့သူတွေ ဒုနဲ့ဒေးဖြစ်လာခဲ့တယ်။

ဒီနိုင်ငံရဲ့ပညာရေးစနစ်အရ အဆင့်မြင့်ပညာရေးဟု ခေါ်သော တခေတ်ပြီးတခေတ် အစမ်းသပ်ခံပညာရေးတွေရဲ့ အမြင့်ဆုံးသောအမှတ်တွေနဲ့ ခေတ်အဆက်အဆက် ပူဇော်ခံရတဲ့သူတွေ စစ်ရေးစစ်ရာဘက်ကို ရောက်လာတဲ့အခါ မကျွမ်းကျင်တဲ့နယ်ပယ်မှာ နဝေတိမ်တောင် ဖြစ်တာကို လက်သင့်မခံနိုင်ပဲ ငါသိငါတတ် ဆိုတာက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အန္တရာယ် အများဆုံးဖြစ်လာတာပါပဲ။

စကစဘက်မှာလည်း ခေတ်အဆက်ဆက် စစ်တပ်ထဲက လူတွေကိုပဲ ဝန်ကြီးဌာနအသီးသီးရဲ့အမြင့်ဆုံးရာထူးတွေမှာ ထိုင်ခိုင်းထားလို တိုးတက်မှုမရှိပဲ ဆုတ်ယုတ်မှုတွေတောက်လျှောက် ကြုံတွေ့ခဲ့ ခံစားခဲ့ပါရက်နဲ့ ဘာလို့ ကိုယ့်ကိုကိုယ် ပြန်မသုံးသပ်ကြည့်ရတာလဲဆိုတာကိုတော့ မေးခွန်းထုတ်မိတယ်။

ရွေးချယ်စရာလမ်းမရှိတော့လို့ ကိုယ့်အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့လက်နက်မဲ့ တော်လှန်ကြတာကအစ လက်နက်ကိုင်ပြီးစစ်တိုက်ကြတဲ့အဆုံး တခြားသူတွေက ကိုယ့်ကို သူရဲကောင်းလိုမျိုး မြင်စေချင်တဲ့စိတ်ကြောင့် လုပ်နေကြတာဆိုရင် ခဏလေးရပ်ပြီး ပြန်စဥ်းစားကြည့်ဖို သင့်တယ်မဟုတ်လား?

ဒီနိုင်ငံထဲမှာနေထိုင်ကြတဲ့ မတူညီတဲ့အရပ်ဒေသကလူတွေဟာ ခေတ်အဆက်ဆက် စစ်အုပ်ချုပ်ရေးနဲ့အကြမ်းဖက်မှုတွေကို ခုခံရင်း ကိုယ့်ရဲ့ရှင်သန်မှုကို ခက်ခက်ခဲခဲတည်ဆောက်ခဲ့ကြတာပါ။

မတူညီတဲ့အရပ်ဒေသကို ကိုယ်ရောက်သွားတဲ့အခါ ကိုယ့်ရဲ့ဒေသမှာ ဗိုလ်ကျလိုရခဲ့တဲ့ အကျင့်စရိုက်တွေကို ခါချပစ်နိုင်ခဲ့ဖိုလိုအပ်သလို မခါချပစ်နိုင်ခဲ့ဘူးဆိုရင်လည်း ထိန်းချုပ်ဖို ထိန်းကျောင်းဖို အလေ့အကျင့်ကိုတော့ မွေးမြူသင့်တယ်လိုတော့ထင်ပါတယ်။

ကိုယ့်ရဲ့စကားတခွန်း၊ စာတပိုဒ်၊ ပို့စ်တခုဟာ ကိုယ်ရောက်နေတဲ့အရပ်မှာရှိတဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိဖြစ်လာခဲ့ရင် ကိုယ့်မှာလည်း အန္တရာယ်ပြန်ဖြစ်နိုင်တယ်ဆိုတာကို သတိထားမိဖို့တော့လိုပါရဲ့။

ကိုယ်ရောက်နေတဲ့အရပ်မဟုတ်တဲ့ စစ်တလင်းပြင်မှာ ဖြစ်ပျက်နေတာတွေကို ကိုယ်တိုင်မမြင်ရ မခံစားရပဲနဲ့ ကိုယ်မှန်တယ်ထင်တာတွေကို တဇွတ်ထိုး ရေးနေ ပြောနေ လုပ်နေတာကလည်း “မှိုင်းတိုက်ခြင်း” တမျိုးသာဖြစ်တာကို ပြန်ဆန်းစစ်ကြည့်ကြဖိုတော့ကောင်းတယ်။

အာရုံခြောက်ပါးကလည်း နာကျင်တာကို နာကျင်နေမှန်းမသိလောက်အောင် ပိတ်ဆို့ကာရံထားတဲ့တံတိုင်းတွေတည်ဆောက်လာခဲ့လိုက်ကြရာက ပြန်ခံစားတတ်လာအောင် ဘယ်ကနေစပြီးထိုးဖောက်ကြည့်ရမယ်မှန်းကိုမသိတော့တဲ့အထိဖြစ်ခဲ့ရင်လည်း ခဏလေးငြိမ်နေပေးလိုက်တာလည်း ကူညီရာကျပါတယ်။

ဆိုင်းဘုတ်တွေပေါ်က ဒိုတာဝန်အရေးသုံးပါးကနေ ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေအဆုံး တခေတ်ပြီးတခေတ် လူမှုရေး ပညာရေး ဘာသာရေး အမျိုးသားရေး မှိုင်းပေါင်းသောင်းခြောက်ထောင်ကို လူဖြစ်လာကတည်းက လက်ဆင့်ကမ်းပေးခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်နေပေမယ့် ရိုးမသွားတာလည်း အံ့သြဖွယ်ပါပဲ။