• Today is: Friday, March 29, 2024

ပြည်ထောင်စုအသစ် တည်ဆောက်ရေးအတွက် တန်းတူညီမျှသောယူနစ်များကဏ္ဍ(စကားဝိုင်း အနှစ်ချုပ်)

ပြည်ထောင်စုအသစ် တည်ဆောက်ရေးအတွက် တန်းတူညီမျှသောယူနစ်များကဏ္ဍ

(စကားဝိုင်း အနှစ်ချုပ်)

ပြည်ထောင်စုဆိုင်ရာ အခြေခံ အယူအဆများကို ဆွေးနွေးခြင်း

၁) ပြည်ထောင်စု စုပေါင်းတည်ဆောက်ခြင်း ဆိုတာကို ဘယ်လိုနားလည်ထားပါသလဲ။ ပြည်ထောင်စုရဲ့ အစိတ် အပိုင်း ဆိုတာက ဘာလဲ။ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာကို ဘယ်လိုနားလည် လက်ခံထားပါသလဲ။

ကိုမင်းဟန်ထက် (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ)

ပြည်‌ထောင်စုလို့ ဆိုလို့ရှိရင် ၁၉၄၇ ပင်လုံညီလာခံက စတယ်လို့ ဆိုလို့ ရပါတယ်။ ပြည်ထောင်စုမှာ အတူနေထိုင်နေတဲ့ သူတွေအားလုံး အရင်က ဘယ်လိုတည်ရှိခဲ့လဲဆိုတဲ့သမိုင်းကြောင်းကို သိဖို့ လိုအပ်ပါတယ်။ လွတ်လပ်ရေးမတိုင်ခင်က လက်ရှိပြည်နယ်တွေ ဒေသတွေကြားမှာ ပြည်ထောင်စုစိတ်ဓာတ်မရှိခဲ့ကြဘူး။ ပြည်ထောင်စုကိုတည်ဆောက်တော့မယ်ဆိုရင် (၁)အတူနေထိုင်တဲ့ စိတ်ဆန္ဒရှိရန် (၂) ပဋိဉာဉ်ရေးပြဌာန်းရန် ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကြားထဲမှာ အတူနေထိုင်လို့ ရတယ်ဆိုတာကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

ပြည်ထောင်စုဆိုတာ ပြည်ထောင်တွေ အတူတကွ လာရောက်စုစည်းမှ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် စုပေါင်းခေါင်းဆောင်မှု၊ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲပြီး အာမခံချက်ရှိရပါတယ်။ ပြည်ထောင်တွေရဲ့ ကနဦးသမိုင်းကြောင်းကို ဘယ်လို တည်ရှိခဲ့လည်း ဆိုတာကိုလည်း သိဖို့ လိုပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံနှစ်ရပ်ကို ရေးဆွဲပြဌာန်းဖို့ လိုပါတယ်။

မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

မြန်မာနိုင်ငံဟာ မတူကွဲပြားမှု ကြီးတဲ့ လွတ်လပ်တဲ့ ပြည်ထောင်တွေအနေနဲ့ ဖွဲ့စည်းခဲ့ပေမဲ့ သမိုင်းတလျောက်လုံးမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ခဲ့ဘဲနဲ့ အမျိုးမျိုးသော ဗဟိုချုပ်ကိုင်အာဏာရှင်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တန်းတူညီမျှ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှသာ ပြည်ထောင်စု ဖြစ်ပေါ်လာမှာ ဖြစ်သလို၊ ပြည်တွင်းစစ်ချုပ်ငြိမ်းမှသာ ပြည်ထောင်စု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ စုစည်းမှုအောက်မှာ စစ်မှန်တဲ့ ပြည်ထောင်စု အနှစ်သာရ ရှိခဲ့လား။

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စု မရှိခဲ့ဖူးဘူးလို့ ပြောရမှာပါ။ အတင်းစုလိုက်တဲ့ တပြည်ထောင်စနစ်ဘဲ ရှိခဲ့ပါတယ်။ အမျိုးသားတန်းတူညီမျှမှု မရှိခဲ့သလို၊ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကျင့်သုံးပိုင်ခွင့်မရှိခဲ့ပါဘူး သမိုင်းကို သင်ခန်းစာယူပြီး ရှေ့ဆက်ပြင်ဆင်ဖို့ လိုပါတယ်။ အာဏာခွဲဝေကျင့်သုံးခြင်းကို ဒီမိုကရေစီစနစ် ကျင့်သုံးရုံနဲ့ မရနိုင်ပါဘူး။ အာဏာဖြန့်ကျက်ထားခြင်းနှင့် အာဏာခွဲဝေခြင်းက ထပ်တူ မကျပါဘူး။ အတင်းစုစည်းတဲ့ ပြည်ထောင်စုမဟုတ်တဲ့ ချုပ်ချယ်ခြင်းမရှိဘဲ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စုစည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။ နောက်ဆုံးအနေနဲ့ ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ တနိုင်ငံလုံးကို ဗမာမှုပြုပြီး မတူကွဲပြားမှုကို မှေးမှိန်အောင် လုပ်ခြင်းကိုလည်း လက်မခံနိုင်ပါဘူး။

၃) ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ပတ်သက်ပြီး ဘယ်လို လက်ခံနားလည်ပါသလဲ။

ကိုမင်းဟန်ထက် (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ)

၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ဖက်ဒရယ်အသုံးပြုမှုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။အဲနောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ခွဲထွက်ရေးအမြင်နဲ့ တွဲပြီး အဆိုးမြင်ခဲ့တာတွေ ရှိပါတယ်။ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကို တည်ဆောက်ရမယ်ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာဏာခွဲဝေမှု ကို အတိအကျ ပြဌာန်းဖို့ လိုပါတယ်။ ပညာရေး၊ ကျန်းမာရေးစတဲ့ ဖွံဖြိုးရေးလုပ်ငန်းစဉ်တွေမှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ဆုံးဖြတ်ပိုင်ခွင့်ကို ပေးအပ်ဖို့ လိုအပ်ပါတယ်။

၄) ဖက်ဒရယ်ယူနစ်တွေက ပြည်ထောင်စုပေါ်ပေါက်လာဖို့ ဘယ်လောက် အရေးပါသလဲ။

မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

ဗမာ၊ ဗုဒ္ဓ၊ ဖိုဝါဒကိုအခြေခံပြီးတော့ ခွဲခြားမှု၊ ပဋိပက္ခတွေ ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ Coming together Federal စနစ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဗမာလူမျိူးတစ်ခုကသာ လွမ်းမိုးခဲ့ပြီး ကျန်လူမျိုးစုအသံတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါကြောင့် ညီမျှတဲ့ ဖက်ဒရယ်ယူနစ်ကို ဖွဲ့စည်းဖို့လိုပါတယ်။ ပြည်နယ် (၇) ခု၊ တိုင်း (၇) ခု ဖြစ်တည်မှုကို ပြန်ပြီးမေးခွန်းထုတ်ဖို့လိုပါတယ်။ လူမျိုးစုတစ်ခုကသာ အသာစီးရနေမယ်ဆိုရင် ပြည်းတွင်းစစ်က ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ ဗမာပြည်နယ်တစ်ခုအနေနဲ့ ဖွဲ့စည်းမှသာ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

၅) ဘာကြောင့် မြန်မာ့နိုင်ငံရေးမှာ ပြည်တွင်းစစ် ရှည်ကြာစွာ ဖြစ်ပေါ်စေနေတယ်လို့ မြင်ပါသလဲ။ အဓိက အရင်းခံ ပြဿနာက ဘာတွေလဲ။

(မင်းဟန်ထက်၊ ရိုးအံ့မင်း၊ လွေးပိုးငယ်)

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

တန်းတူမှုမရှိမှုဟာ အိမ်တွင်းရေးက စပြီး ပြည်ထောင်စုအထိ ရှိနေပါတယ်။ တန်းတူမှုမရှိတဲ့ အကျင့်တွေကို ပြန်လည်ပြုပြင်ဖို့လိုအပ်ပြီလို့ ပြောလိုပါတယ်။ လွတ်လပ်မှုကို ချုပ်ချယ်ပြီး လူ့အခွင့်အရေးကို ချုပ်ချယ်ခဲ့တာဟာ စစ်အာဏာရှင်စနစ်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံတော်အနေနဲ့ ကြေညာခြင်း စတဲ့လုပ်ရပ်တွေဟာ ဘာသာရေးကို အကြောင်းပြုပြီး အာဏာကြီးစိုး ဗိုလ်ကျနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမျိူးရေး ပဋိပက္ခ ဖြေရှင်းရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနစ်က လက်ရှိအချိန်အတွက် အကောင်းဆုံးအဖြေတစ်ခု ဖြစ်ပါတယ်။

ကိုမင်းဟန်ထက် (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ)

နိုင်ငံတစ်ခု တည်ဆောက်တဲ့နိုင်ငံရေးစနစ်မှာ ပြဿနာတွေ တက်ခဲ့ပါတယ်။ ပြည်ထောင်စုက ပြိုကွဲလို့ မရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဗမာအစိုးရက စစ်တပ်ကို ရှေ့တန်းတင်ရာကနေ စစ်အာဏာရှင်စနစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြည်မနေပြည်သူတွေမှာ ပြည်ထောင်စုမပြိုကွဲဖို့ စစ်တပ်လိုအပ်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိခဲ့တယ်။ တော်လှန်ရေးမှာတော့ ဒီအမြင်မျိုးပြောင်းလဲသွားကြတယ်။ သေနတ်နဲ့ထောက်ပြီး ပြည်ထောင်စုမကွဲရေးလုပ်မယ်ဆိုရင် စစ်အာဏာရှင်စနစ်အသက်ဝင်နေမှာ ဖြစ်သလို၊ ပြည်တွင်းစစ် အသက်ဆိုးရှည်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးအလွန်မှာလည်း စစ်ဝါဒကြီးစိုးနေအုံးမယ်ဆိုရင် တကျော့ပြန်ပြည်တွင်းစစ် ပြန်ဖြစ်သွားနိုင်ပါတယ်။

မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

ပညာရေးစနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်သလို၊ တိုင်းပြည်ကို ဖြိုဖျက်နိုင်ခဲ့ပါတယ်။ တန်းတူညီမျှမှုမရှိတဲ့ အကျိုးဆက်အနေနဲ့ ပုံစံမျိုးစုံနဲ့ အာဏာရှင်စနစ်တွေသာ ရှိခဲ့ပါတယ်။စနစ်၊ အင်စတီကျူးရှင်း၊ ယဉ်ကျေးမှုအရ ဗမာတွေ ကြီးစိုးဗိုလ်ကျတဲ့ ဗမာလူမျိုးကြီးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးခဲ့ကြပါတယ်။ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ ဗမာအပါအဝင် မြို့နေနဲ့ တောနေပြည်သူတွေ EAO ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အချိန်မှာလည်း အားတက်သရော ကြိုဆိုပြီး သဘောထားကြီးကြီးနဲ့ လက်ရှိအနေအထားအထိ ရောက်အောင် လူအင်အား၊ လက်နက်အင်အား၊ စစ်ရေးအင်အားတွေနဲ့ နည်းမျိုးစုံ ထောက်ပံကူညီပေးခဲ့ပါတယ်။ ဒါအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။

ပြည်ထောင်စုအသစ် တည်ဆောက်ခြင်းဆိုင်ရာ အခြေခံ အယူအဆများကို ဆွေးနွေးခြင်း

(၁) ပြည်ထောင်စုသစ်မှာ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်ဖို့အတွက် အမျိုးသားရေးအခြေခံအုတ်မြစ်က ဘယ် လောက်အရေးကြီးပါသလဲ။

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

ဖက်ဒရယ်အခြေခံအုတ်မြစ်ကို တည်ဆောက်တဲ့အချိန်မှာ ပြည်ထောင်စုဆိုတာ ပြည်သူအားလုံးက ပိုင်ဆိုင်ပါတယ်။ ပြည်ထောင်စုအတွင်းမှာ ဘယ်လို နေထိုင်ချင်သလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဖွဲ့စည်းပုံအတွင်း အာဏာခွဲဝေမှုကို အာမခံချက်ထားရှိရမည်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို အတိအကျ ပြဌာန်းဖို့လိုအပ်ပါတယ်။ လက်ရှိတော်လှန်ရေးကာလမှာလည်း ကြားကာလဖွဲ့စည်းပုံကို ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဖန်တလဲလဲ ဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှု စက်ဝန်းက လွတ်မြောက်မှာ ဖြစ်တယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့လိုအပ်သလို လူ့အခွင့်အရေးနှင့် လူနည်းစုအခွင့်အရေးကို အာမခံချက် ပေးထားရမှာ ဖြစ်ပါတယ်။

မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

ပြည်ထောင်စုကို တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်က လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေးကို တန်ဖိုးထားပြီး အခြေခံအချက်အနေနဲ့ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၂) ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့အတွက် အဓိက အခြေခံလိုအပ်ချက်တွေက ဘာတွေ ဖြစ်မလဲ။ တဆက်တည်းမှာ ဖက်ဒရယ်ယူနစ်တွေကို ဖွဲ့စည်းဖို့အတွက် အခြေခံရမဲ့ စည်းမျဉ်းတွေက ဘာတွေ ဖြစ်မလဲ။ တအောင်းပြည်နယ်ဖွဲ့စည်းပုံရေးဆွဲအတည်ပြုနိုင်ပြီလို့ကြားသိထားရပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တအောင်းပြည်သူတွေရဲ့ ဆန္ဒက ဘယ်လိုရှိလဲ။ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ ရှိလဲ။ ပြည်နယ်သစ်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါအုံး။

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

ဗမာပြည်နယ်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဗမာပြည်သူလူထုက သတ်မှတ်ဖို့ လိုပါတယ်။ လက်ရှိမြေပုံကိုလည်း တရားသေမယူဘဲနဲ့ အသစ်တဖန် တည်ဆောက်ဖို့ လိုပါတယ်။ လူများစု- လူနည်းစု၊ လူမျိုးစုကွဲပြားမှုအပေါ် ခွဲခြားမှုမရှိအောင် အတူတကွယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးပမ်းပေးရမယ်။ စုပေါင်းခေါင်းဆောင်မှုကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

(၃) လက်ရှိ တည်ရှိနေတဲ့ ပြည်နယ် (၇) ခု တော့ လူမျိုးစု အမျိုးသားရေး (Nation) တွေ ဖြစ်ကြတာပေါ့နော်။ ကျန် တိုင်းကို ဘယ်လိုဖက်ဒရယ်ယူနစ်မျိုး တည်ဆောက်ဖို့ လိုမလဲ။ ဗမာပြည်နယ် ပေါ်ပေါက်ဖို့ လိုတယ်ဆိုတဲ့ အမြင်အပေါ်မှာ သဘောထားဘယ်လိုရှိပါသလဲ။
မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

လက်ရှိအခြေအနေအရ ဖက်ဒရယ်ယူနစ်တွေကို လူမျိုးစုတွေကို အခြေခံပြီးတော့ တည်ဆောက်ဖို့ လိုပါတယ်။ သို့ပေမဲ့ တိုင်းခုနစ်ခုလုံးကိုကတော့ လူမျိုးစုကို အခြေခံပြီး တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ တနင်္သာရီ၊ ဧရာဝတီလို တိုင်းမျိုးကို ဒေသအခြေပြုဖက်ဒရယ်ယူနစ်တည်ဆောက်ဖို့ လိုပါတယ်။ လူမျိုးအခြေပြုပြီး ဗမာပြည်နယ် ဖွဲ့စည်းဖို့လည်း လိုသလို ဘယ်လိုဒေသကိုအခြေပြုရမလဲဆိုတာကတော့ ပြည်သူတွေအပေါ်မှာ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံထားပေးဖို့ အထူးအရေးကြီးပါတယ်။

(၄) နွေဦးတော်လှန်ရေးအောင်မြင်ခြင်းကို ဘယ်လို တိုင်းတာနိုင်မလဲ။

မရိုးအံ့မင်း (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ နိုင်ငံရေးမှူး)

အားလုံးလက်ခံကျင်သုံးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တည်ရှိကျင့်သုံးနိုင်ပြီဆိုရင် တော်လှန်ရေးအောင်မြင်ပြီလို့ ပြောလို့ ရနိုင်ပါတယ်။ မတူကွဲပြားမှုတွေကို အားသာချက်အဖြစ် ရှုမြင်ပြီးတော့ အားလုံးအတူတကွ နေထိုင်နိုင်မဲ့ အခြေအနေဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။

(၅) ပြည်တွင်းစစ် မပြီးဆုံးတဲ နာမည်ခံ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲ။

လွေးပိုးငယ် (တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီဝင်)

တော်လှန်ရေးကြီးဟာ တဝက်တပျက်နဲ့ ခါးရိုးကျိုးပြီး နာမည်ခံဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက ရစရာမရှိတော့ဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ အောက်မှာ နှစ်ပေါင်းများစွာ ဆက်နေရမှာ ဖြစ်ပါတယ်။ အခွင့်အရေးအားလုံးကို အဆုံးအရှုံးရမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အသက်ဆိုးရှည်ဖို့အတွက် စစ်တပ်က ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နံပါတ်(၂) ဆင်းရဲဆုံး နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်၊ ကိုယ့်လွတ်မြောက်မှုအတွက် အစွန်းကုန် ရုန်းကန်ကြရမဲ့သူတွေ ဖြစ်ပါတယ်၊၊ ပြည်ထောင်စုကို တည်ဆောက်ရေးမှာ ဗမာခေါင်းဆောင်တွေအနေနဲ့ အမျိုးသားတန်းတူရေးနဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိဖို့ လိုအပ်ပါတယ်။