• Today is: Tuesday, May 28, 2024

စစ်သင်တန်းမှာ ခြေထောက်တွေ ပုတ်တဲ့အထိ အရိုက်ခံရတယ်

စစ်သင်တန်းမှာ ခြေထောက်တွေ ပုတ်တဲ့အထိ အရိုက်ခံရတယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၈၊ ၂၀၂၃

ကျနော့်နာမည်က xxx ပါ ။ ကိုယ်ပိုင်နံပါတ်က xxx ပါ။ xxx သင်္ဘောကျင်း ဌာနချုပ်မှာ တာဝန်ထမ်းဆောင်တယ်။ ဒီကို ထွက်မလာခင်က xxx မြို့တွင်းလုံခြုံရေးမှာပါ။ ၃လပိုင်း တပ်မတော်နေ့ မတ် ၂၇ရက်နေ့ မှာ တပ်လှန့် ပုံစံ မျိုး တစ်မြို့လုံးကို ပတ်ပြီး တာဝန်ယူရတဲ့အချိန်ပြီးမှ ၄လပိုင်း ၁ရက်နေ့မှာ ထွက်လာတာ ။

နေတာက xxx တိုင်း။ ဆယ်တန်းအောင်တော့ အကိုနဲ့ လိုက်နေတယ်။ အကို တကယ်တော့ အဖေတူ အမေကွဲအကို၊ သူက ဟိုတယ် မန်နေဂျာ။ သူ့ သူငယ်ချင်းတွေကတော့ တပ်နဲ့ရဲထဲက အသိုင်းအဝိုင်းတွေချည်းပဲ။ ရဲရယ်၊ လေတပ်ရယ်၊ ရေတပ်ရယ်၊ ဆရဖ ရယ် ဘယ်ထဲ ဝင်မလဲ မေးတော့ က လေတပ်ကို သွားဖို့လုပ်တယ်။ သူက  သူ့အလုပ်ပိုင်ရှင်ကလဲ ရဲမှူး ဆိုတော့ ရဲထဲ ဝင်မလား မော်တော်ပီကယ်ထဲ ဝင်မလား အရင်မေးတာ။ ကျနော်က နယ်က တက်လာတော့ ဘာမှမသိဘူး။ နယ်တွေမှာ တခါတလေ လာတဲ့ စစ်သား စုဆောင်းရေး တွေ ကျောင်းတွေမှာ စစ်ကားတွေ၊ ဘာတွေလာပြပြီး စုဆောင်းတာတွေ ရှိတယ်လေ။ အဲဒါမျိုးတွေ မြင်ဖူးတာကလွဲပြီး ကျန်တာတွေ ဘာမှမသိဘူး။ အဆင်ပြေတာ ထည့်လို့သာ ပြောလိုက်တာ ဘယ်ထဲဝင်မယ်လို့ စိတ်က ပိုင်းဖြတ်ထားတာ မဟုတ်ဘူး။ အဆင်ပြေတဲ့ အထဲ ဝင်လိုက်မယ်လို့ ပြောရင်း  လေတပ်ကဝင်ဖြစ်တာ ဒါပေမဲ့ အသက်မပြည့်လို့ လက်မခံဘူး၊ ရေတပ်ရောက်မှ လက်ခံတယ် အဲဒါနဲ့ ရေတပ်ထဲ ရောက်သွားတာ။ တပ်ထဲ ဝင်တာ အသက်က ၁၇ နှစ် မပြည့်သေးဘူး။ အဲဒီ အပတ်စဉ်မှာ အယောက် ၅၀ ရှိတာကို  အသက်မပြည့်တာက ၂၀လောက် ပါ တယ်။ အထူးနဲ့ စာတင်ပြီးမှ ခွင့်ပြုတယ်ဆိုပြီး ပေးဝင်လိုက်တာ။ ၂၀၁၁ မှာ စဝင်တယ်။ xxx စခန်းဌာနချုပ်။ သူက စုဆောင်းရေးတပ် အဲဒီကနေစုပြီးမှ xxx စုဆောင်းရေးတပ်ကို ပို့တာ ။

သင်တန်းမှာ အသက်အနိမ့်ဆုံး ၁၆နှစ် လောက်က စပါတယ်။ ပြည့်တာလည်းပါတယ် ကျော်တာလည်း ပါတယ်။ သူတို့ စည်းမျဉ်းကတော့ အသက် ၁၈နှစ်ကနေ အသက် ၃၀ အတွင်းဆိုပေမယ့် တချို့က ၃၅၊ ၃၆ တွေဆိုတော့ ၃၀ကျော်တာတွေလဲ ပါတယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့တော့ မညီဘူး။ အဓိကက လူအင်အားရဖို့ပဲ။ စာထဲမှာတော့ အသက် ၁၈ ပြည့်ရမယ်၊ ကိုယ်အလေးချိန်ဘယ်လောက်ဆို ကန့်သတ်ထားတာတွေ ရှိတယ်လေ။ တကယ်ခေါ်တော့ မကန့်သတ်ဘူး။ အဓိကက လူအင်အား ရသွားရင် ပြီးရော။ ဝင်တုန်းက ၅သိန်း ပေးတယ်။ ၂၀၁၁ တုန်းက တစ်ယောက်ကို ၅သိန်းပေးတယ်။ ကျနော့အစ်ကို ကို ပေးလိုက်တာ။

xxx ရေတပ်စခန်းဌာနချုပ်မှာ ၁၅ရက်လောက် နေရတယ်။ လူစုရတာကိုး။ အယောက် ၅၀ ပြည့်အောင်စုပြီးမှ အာမီကို သွားပေါင်းတယ်။ ကြည်းတပ်ကို သွားပေါင်းပြီးမှ ပြန်တက်ရတယ်။ ကြည်းတပ်နဲ့ ပတ်သက်တဲ့ အပတ်စဉ်က  အယောက် ၂၅၀ မှ တပတ်စဉ်လေ။ (စခရ ၁ ဖောင်ကြီး) အဲဒီမှာ တက်တယ်၊ ၄လခွဲ သင်တန်းပေါ့။

အဲဒီမှာ အရပ်သား တစ်ယောက်အနေနဲ့ ဝင်လာတဲ့ အချိန်မှာ မခံနိုင်တာတွေရှိတယ်၊ ဒဏ်မခံနိုင်လို့ ပြေး တာတွေ ဘာတွေ ရှိတယ်။ ပြေးတော့ သူတို့က ဖမ်းထားပြီးတော့ သင်တန်းသားက အယောက် ၂၅၀ မို့ တစ်ယောက်ကို တစ်ချက်နှုန်း နဲ့ ရိုက်ခိုင်းတယ်။ မထနိုင်ဘူး။ ခြေထောက်တွေ ဘာတွေ ပုပ်ပြီးတော့ ဆေးတွေ ဘာတွေ ထည့်ရတယ်။

သင်တန်းက စတော့ အဆဲ နဲ့ စတာပေါ့။ စဝင်ခါစတော့ ဆဲတာ ဘာညာဆိုတော့ ရိုင်းတယ်ထင်တာပေါ့။ နောက်ကျမှ တဖြည်းဖြည်း နားယဉ်သွားပြီး ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဖြစ်တာပေါ့။ အခြေခံကတော့ ဖောင်ကြီးမှာ စက်ပစ်ကွင်း နဲ့ သေနတ်ပစ် လေ့ကျင့်တယ်။ ကြံ့ခိုင်ရေး ဘာညာ လုပ်တယ်။ ဒီလောက် ပါပဲ အကြီးကြီး မဟုတ်ဘူး။ အဲဒီ သင်တန်းက  ဘာမှ မတတ်ပဲနဲ့လဲ သင်တန်း ဆင်းတဲ့ အချိန်မှာ တချို့ အာမီပါတဲ့ သူတွေက ရှေ့တန်း တက်လိုက်ရတာ ရှိတယ်လေ။ သိပ်မကြာဘူး သေတာ ပြုတာတွေလဲ ကြားတယ် ။

သင်တန်းဆင်းပြီးတော့ xxxတပ်ကို မရောက်သေးဘူး။ ရေတပ်မှာ ဆက်သွယ်ရေး နဲ့ ပတ်သက်တာ သင်တန်း၆လ  တခါပြန်တက်ရသေးတယ်။ အဲဒါပြီးမှ ပင်မတပ်ကို ရောက်တယ်။ ပင်မတပ်က xxx ထဲမှာပဲ။

ပင်မတပ်မှာ ၁နှစ်ကြာပြီး သင်္ဘောကို တန်းပြောင်းရပါတယ်။ သင်္ဘောက xxx ဘက်ကသင်္ဘော။ အဲဒီသင်္ဘောကို မကြာဘူး ၂ပတ်ပဲ ကြာလိုက်တယ်။ ပြီးတော့ နည်းပညာ သွားဖြေလိုက်တယ်။ xxxမှာ ၃နှစ်၊ အဲဒီမှာ ပိုကြမ်းတာပေါ့၊ ကြီးငယ်နိုင်ညှင်း သဘောတွေပေါ့ အကြောက် တရားနဲ့ အုပ်ချုပ်တာပါ။

ကျနော်က သင်တန်းတွေနဲ့ လည်ပတ်နေတဲ့ အချိန်မှာ ပြေးဖို့လုပ်သေးတယ်။ ပထမကတော့ နိုင်ငံရေးတွေ မဖြစ်သေးတော့ CDM လုပ်တာ မဟုတ်ဘူး။ ပြေးဖို့ စီစဉ်တာပေါ့။ တချို့ သူငယ်ချင်းတွေဆိုရင် မနေချင်လို့ တခြားနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားတွေ ဘာတွေ ထွက်သွားတာရှိတယ်။ xxx မှာကျ နယ်စပ်နဲ့နီးတော့ ထွက်သွားတာရှိတယ်။ အဲဒီလိုမျိုးတွေ လုပ်ကြတယ်။ အဲဒီ ၃နှစ်က တော်တော်လေး ဆိုးပါတယ်။ စီနီယာ ဂျူနီယာ အုပ်ချုပ်တာ ဆိုတော့ အရာရှိတောင်မှ DSA, DSTA နဲ့ DSMA ကမတူပြန်ဘူး။ DSA က ကြမ်းတယ် ရိုင်းတာပေါ့။ DSTA တို့ DSMA တို့ ဆိုဒ် ပိုင်းကျ နည်းနည်း သဘောကောင်းတယ် ။

အဲဒီကနေ xxx ရေတပ်သင်္ဘောကျင်းဌာနချုပ်ကို ပြန်ကျတယ်။ သင်္ဘော ဆောက်တယ် ပြင်တယ် အဲဒီနေရာမှာ တာဝန်ကျတာ။ တပ်ရောက်တော့ အဝေးသင် ပြန်တက်တယ် ခွင့်ပြုတယ်။ xxxတက္ကသိုလ်မှာ တက်တော့ တပ်က လူတွေနဲ့ အဖွဲ့လိုက်သွားတာ။ အဲဒီမှာ အပြင်က ကျောင်းသားနဲ့ ငါတို့ကစစ်သားကွဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်တွေဘာတွေ ဖြစ်တာတွေ ထိုးတာကြိတ်တာတွေ ရှိတယ်။ စစ်သားဆိုပြီး ကျောင်းအုပ်ဆရာမကြီးတွေက လွှတ်ပေးတာ၊ လျှော်ပေးတာမျိုးရှိတယ်။ လွန်တာက ကိုယ့်ဘက်ကလွန်တာပေါ့။ အဖွဲ့အစည်း တောင့်တယ်ဆိုပြီး အရပ်သားတွေကို အနိုင်ကျင့်ခဲ့ကြတဲ့ သဘောပေါ့။ တပ်က အကြီးအကဲတွေကလဲ ဆရာမတွေ နဲ့ သိလို့ နေမှာပေါ့။

အာဏာသိမ်းတုန်းက ကျနော်က xxx ကုန်း ဂိတ်မှာ။ အာဏာစသိမ်းတော့ လိုင်းတွေပျက်သွားတာမို့ အာဏာသိမ်းတယ် ဆိုတာ မသိဘူး။ မနက်မိုးလင်းတော့ တစ်ထောင်ကျော်ရှိတဲ့ ကျနော်တို့ တပ်မှာ ဌာနချုပ်မှုး က အာဏာသိမ်းတာ မဟုတ်ဘူး လိုင်းပေါ်က မီဒီယာတွေက ဗရုတ်သုတ်ခတွေ ပြောတာ၊ အာဏာ ခဏ ထိန်းထားတာလို့ ပြောတာ။ အဲလိုလဲ ပြော ပြီးရော တပ်ရင်း ၂ရင်းစာ လုံခြုံရေး အင်အားကိုခွဲ လိုက်တယ်။ ဌာနချုပ်မှူးက ဇော်ဝင်းကြီး၊ ဇော်ဝင်းလေး ၂ယောက် ရှိတယ။ ဗိုလ်ချုပ် ဇော်ဝင်းကြီးနဲ့ သူ့ဌာနချုပ်မှူး က ဗိုလ်မှူးချုပ် ဇော်ဝင်း ပဲ။ အဲဒီတုန်းက သူ မကျသေးဘူး ဗိုလ်ချုပ် သန့်စင်ဌေး က သက်ပြည့် နဲ့ ထွက်သွားတဲ့ အချိန် မှာ ယာယီ ဗိုလ်မှုးကြီး တစ်ယောက်ကနေ ခဏ ကိုင်ထားတာ။ ဌာနချုပ် ဇော်ဝင်းကြီး က မရောက်သေးဘူး ။ အဲဒီ အချိန်မှာ ယာယီ ဌာနချုပ်မှူးက အဲဒီလို ပြောတာ။ အာဏာ ခဏ ထိန်းထားတာ၊ မီဒီယာတွေက မဟုတ် မမှန် ပြောနေတာ မယုံနဲ့ပေါ့။ အဲဒီနေ့ ဖြစ်ဖြစ်ချင်း မနက်က စပြောတာ ပြီးလဲပြီးရော အဲဒီနေ့ လုံခြုံရေးတွေ အကုန် တပ်ရင်း ၂ရင်းစာ အယောက် ၁၀၀၀ လောက်ကို ခွဲလိုက်ပြီးတော့ ဘယ်သူ ဘယ်နေရာသွားဆိုပြီး သေနတ်တွေ ထုတ်ပေးပြီးတော့ လွှတ်တော့တာ။ အာဏာ ထိန်းထားတယ်လဲ ပြောသေးတယ် လုံခြုံရေး တန်းခွဲလိုက်တာ xxxတပ်နယ် တစ်ခုလုံးဆို မနည်းဘူးလေ။ အပြင် လုံခြုံရေး ထွက်ရတာ တတပ်တတပ်ကို ၂၀၀ လောက် ရှိတယ်။ တချို့ သေးတဲ့ တပ်ကတော့ ၅၀-၁၀၀ ပေါ့ အများကြီးပဲ။

တပ်ထဲမှာအကုန်လုံးကို လော့ဒေါင်း ချလိုက်တယ်။ ပထမက ကိုဗစ် ဖြစ်လို့ လော့ဒေါင်းက ပြန်ဖြည် ပြီးသွားပြီ။ အာဏာသိမ်းတဲ့ အချိန်မှာ လော့ဒေါင်း ပြန်ချလိုက်တယ် အပြင်မထွက်ရတော့ဘူး။ ဆန္ဒထွက်ပြမှာ ကြောက်လို့၊ ပါသွားမှာ ကြောက်လို့ သူတို့က အဲလိုသဘောနဲ့ လော့ဒေါင်း ပိတ်လိုက်တယ်။ လုံခြုံရေးကိုချုပ်တယ်၊ ဂိတ်တွေကို စီစစ် ပြီး ကိုယ့်ထဲက လူတွေ အပြင်မထွက်အောင် ခိုင်းတယ်။ တာဝန်ကျတဲ့သူလောက်ပဲ အပြင်ထွက်။ ဒါပေမယ့် အရာရှိ မပါဘူး အောက်ကလူတွေပဲ ပိတ်တာ။

ဒီအပေါ်မှာ အားလုံးကတော့ တစ်ယောက်တမျိုးပဲ။ မွေးလာကတည်းက တခါမှ မကြုံဖူးဘူးလေ။ ၈၈ လဲ မီမှ မမီတာ မသိဘူး။ အာဏာသိမ်းလိုက်တယ်ဆိုတော့ ကိုယ့်စိတ်ထဲမှာတော့ အကုန်လုံးက ဆုတ်ယုတ်မှုတွေ ဖြစ်ကုန်ပြီ။ အဓိက က အသွားအလာတောင် အဆင်မပြေတော့ဘူး။ ကိုယ်က စစ်သား ဖြစ်နေတဲ့ အချိန် တခါမှ မကြုံဖူး တော့ စိတ်ထဲတော့ တမျိုးကြီး ဖြစ်သွားတယ်။ တချို့ကျတော့ စစ်ကောင်စီ ကို အားပေးတဲ့သူ ရှိတယ် မှန်တယ်လို့ ထောက်ခံတဲ့သူ ရှိတယ်။ အရာရှိတွေက အစ အာဏာသိမ်းလိုက်လို့ ထမင်းမစားနိုင်ပဲ မှိုင်နေတဲ့သူ ရှိတယ်။ ကျနော်တို့နဲ့ အတူတူ နေတဲ့ ဗိုလ်မှူးဆို သူက အမေစုဘက်က။ အာဏာသိမ်းလိုက်တဲ့ အချိန်မှာ သွားပြီ ဘာမှ လုပ်မရတော့ဘူး ဒီကောင်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ်ပြောတာ။

ပြီးတော့ သီချင်းတွေရှိတယ်လေ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဘာတို့ ကို ညဘက် လူပျိုတွေက လူပျိုဆောင်မှာ မူးပြီးတီးပြီးဆိုကော၊ ဆိုလည်း ဆိုရော လာဖမ်းပြီး အချုပ်ထဲ ထည့်သွားရော။ စစ်သားတွေပဲ လူပျို ဆောင်က သက်သက် ပေါက်ကွဲပြီး သောက်ပြီး ဂစ်တာ တီးပြီး သီချင်းဆိုတော့ လာဖမ်းပြီး အချုပ်ထဲ ထည့် ပြန်မလွှတ်ဘူး ။

ဆန္ဒပြပွဲတွေ လာတော့ ခွဲလိုက်တာက xxx ရဲစခန်းနဲ့ သွားပြီးတော့ ပူးပေါင်းဖို့။ xxx စခန်းမှာ ရဲတစ်ဖွဲ့ ပါမယ် တပ် ၂တပ်ပါမယ်။ တပ် ၂ တပ် ရယ် ရဲ ရယ်က daily အလှည့်ကျပေါ့။ အယောက် ၃၀ နဲ့ ၆၀ ပေါင်းပြီး မြို့တွင်းကို အကုန် လိုက်ပတ်တာ။ ဆန္ဒပြပွဲတွေ ဖြစ်တော့ ဝင်ခွဲတော့  ပြည်သူက မျှားခေါ်သွားတာ ချောင်ထဲလည်း ရောက်တော့ ဝိုင်းပစ် ကြတာ။ ဂျင်ကလိတွေ မှန်တယ်။ အဲဒီတုန်းက လက်နက် တွေ ဘာတွေ သိပ်ပြီးတော့ မရှိသေး ဘူး။ စဖြစ်ကာစက အပစ်ခံရတဲ့ အချိန်မှာ ရေတပ် က  သိပ်မလုပ်ဘူး။ ကိုယ့် ထဲလဲ ဖြစ်တော့ မလုပ်ကြတော့ ရေတပ် နဲ့ မနိုင်ဘူး ဆိုပြီး တပ် မ ၇၇ ဝင်လာတာ။ တွေ့သမျှ ရပ်နေတာ မှန်သမျှ အကုန်ပစ်တာ။ ဆိုင်တွေပါ အကုန် တစ်ယောက်မှ တံခါး မဖွင့်ရဲဘူး လယ်ကွင်းထဲ ဖြတ်ပြီး လိုက်ပစ်။ လူသေတာ ၂ယောက်လောက် သေသွားတယ်။ ပြည်သူလား ဘာမှ မလုပ်တဲ့သူလား မသိဘူး ၂ယောက် သေသွားတယ်။ ဆန္ဒပြတဲ့သူကို အကြမ်းဖက်သူတွေ ဆိုပြီး သေတဲ့သူ ၂ယောက်ကို ခေါင်းစဉ် တပ်ပြီး တင်လိုက်တာပေါ့ ။ အတိအကျတော့ မသိဘူး ။

ပထမ ဆန္ဒမပြခင်က အထဲမှာ သင်္ဘော တည်ဆောက်ရေး ပြင်ဆင်ရေး အပိုင်းပဲ လုပ်တယ်။ သင်္ဘော တစ်စီးမှာ သေနတ် ကိုင်တဲ့အပိုင်းက သပ်သပ်၊ စက်ပိုင်း ပြင်ဆင်ရေး ပြုပြင်ရေး အပိုင်းက သပ်သပ်။ ကျနော်တို့က စက်ပိုင်း ကပါ။ စဖြစ်ထဲက လုံခြုံရေးခွဲထားတာ တထောင်ကျော် ရှိပေမယ့် လူငယ် အပိုင်းက ၅၀၀လောက်ပဲ ရှိတယ်၊ သက်ကြီးပိုင်း နဲ့ တခြား ဆေးနားတွေ ပင်စင်ယူဖို့ နီးတဲ့လူတွေက အများကြီးပဲ။ ဒီတော့ ရှိတဲ့လူငယ် ၅၀၀လောက်ကိုပဲ လုံခြုံရေး ခွဲလိုက်တော့ ကိုယ်ပါ ပါတယ်။ စထွက်တယ်ဆို တစ်ယောက်ကိုကျည် ၁၂၀စီ ပေးလိုက်တယ်။ ပေးလိုက်ပြီး ကားနဲ့ ပတ်တာက အစ လူစုလူဝေး ဖြစ်ရင် အရင် မီးခိုးဗုံးတွေ နဲ့ ပစ်ခိုင်းတာ လူစုမခွဲရင်ပစ်ပဲ။ အပြင်ထွက်တာနဲ့ မောင်းတင်ပြီးသား ခလုတ်ဖွင့်ပြီးသား stand by အနေအထားနဲ့ ထွက်ခိုင်းတာ။ ညဘက် လုံခြုံရေး အချိန်ကြီး၊ အချိန်က ၇နာရီပဲ ရှိသေး တယ် လူတယောက် ဆိုင်ကယ်နဲ့ အရက် နည်းနည်း သောက်လာတာ။ ပထမ ရှေ့မှာ ရဲ က တားတယ် ရပ်မပေးဘူး၊ ပြည်သူ ဆိုတာတော့ သေနတ် မြင်ရင် ကြောက်တယ်၊ ရှိန်တယ် ကြောက်တော့ ရပ်မပေးဘူး။ စစ်သားဂိတ် တစ်ဂိတ်က လှမ်းတားတယ် မရပ်ဘူး။ ရှေ့မှာ သေနတ် stand by ရှိတဲ့ ကောင်တွေက လှမ်းပစ်လိုက်တာ ကတ္တရာလမ်းကို ထောက်ပြီးမှ မှန်သွားတာ၊ သေရော။ အဲဒီအချိန်တုန်းက မာရှယ်လောက ည ၈နာရီ။ ၁၂လပိုင်းလောက် နှစ်ကုန် ခါနီးလောက်မှာ ဖြစ်တာ ။

စဖြစ်ကတည်းက ထွက်ဖို့။ ဟိုမှာ နေတဲ့ အကို တစ်ယောက် နဲ့ ချိတ်တယ်၊ သူက ပြည်သူ့ပန်းတိုင်မှာလုပ်တာ။ ကိုယ်ပိုင် နံပါတ်တွေ နာမည်ကော ပုံတွေကော ပို့ပြီးသွားပြီ။ ပြီးလည်း ပြီးရော သူက ပျောက်သွားတယ်။ ကိုယ်က ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး ဘယ်သူ့ ချိတ်လို့ ချိတ်ရမှန်း မသိတော့ဘူး။ ယုံလဲ မယုံရဲဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို ထွက်ဖို့ဆိုတာ တော်တော် စဉ်းစားရတယ်။ သူလည်း မဆက်သွယ်လာ၊ တဖြည်းဖြည်းနဲ့ အဆင်ကလည်းမပြေတော့တာနဲ့ ကိုယ်လဲ စဖြစ်ကတည်းက လုံခြုံရေးပဲ ထွက်ဖြစ်နေတော့ ကိုယ့် အစီအစဉ် နဲ့ ကိုယ်ပဲ တပ်မတော်နေ့ ပြီးတာနဲ့ တပ်ထွက်ဖို့ လုပ်လိုက်တာ။ တစ်ခါတည်း xxx ကိုတန်းဆင်းတာ။

တပ်မတော်နေ့ မတိုင်ခင် ၂ပတ်လောက် စောပြီး နယ်မြေရှင်းလင်းရေး အကုန်လုပ်ခိုင်းတယ်လေ။ xxx တစ်မြို့လုံးကို ရပ်ကွက်တိုင်းကို လိုက်ဖမ်းခိုင်းတယ်။ ကျနော်တို့က xxx ဘောလုံးကွင်း မှာ စခန်းချတာ ခေါင်းဆောင်ကတော့ ဗိုလ်မှူး အဆင့်ပဲ ရှိတယ်။ ဗိုလ်မှူး ညီညီခင်ကျော် ဆိုတာ၊ သူက တစ်ယောက်ပဲ ရှိတယ်။ ကျန်တာကတော့  အရာရှိက ဗိုလ်ကြီး ၃ယောက် နဲ့ စစ်သည်က ၁၂၀ လောက် ရှိမယ်။ အဲဒီ ဘောလုံးကွင်းမှာ စခန်းချပြီး တမြို့လုံးကို အဲဒီမှာ စစ်ကြောရေး ပုံစံမျိုးကြီးလုပ်တာ။ ကြိုက်တဲ့လူလာ အကုန်စစ်တယ် အကုန်ထုထောင်း ဘာညာ ဖမ်းစရာရှိလည်း အဲဒီကပဲ ထွက်တယ်။

အဲဒီမှာ သွားပြီး လုံခြုံရေး ကျတဲ့ အချိန်မှာ ဖောက်ခွဲရေး လုပ်တဲ့ မိသားစုတစုကို သွားဖမ်းတယ်။ သူတို့နေတာက အိမ်တွေ ရပ်ကွက်တွေထဲက ချောင်ကြိုချောင်ကြားမှာနော လုံးဝမသိသာဘူး။ သတင်းပေးတဲ့သူ ရှိလို့ နေမှာပေါ့။ အဲလိုအိမ်မျိုးကို အတိအကျ  သွားဖမ်းတော့  မိသားစု တွေ ကလေးတွေပါ အကုန်ပါတယ်။ ဖောက်ခွဲရေး ပစ္စည်းတွေ အကုန် တွေ့ သွားတယ်။

သွားဖမ်းတုန်းက ည ၁နာရီခွဲလောက်ကြီး။ ခရာမှုတ်ပြီးတော့ အရေးပေါ် ဆိုလို့ အကုန်လုံးက ဖိနပ်တွေ စီးပြီး သေနတ် ယူပြီး ထွက်သွားကြပြီး အဲ့ဒီအိမ်ကို အကုန် ဝိုင်းလိုက်တယ်။ လူတွေက မလှုပ်ရဲဘူး ဒါပေမယ့် ပစ္စည်းက ရှာမတွေ့ဘူး။ အိမ်က နှစ်လုံးတွဲ၊ ခြေတံရှည်အိမ်မို့ အိမ်အောက်ကိုပါ ဝင်ရှာပြီးတဲ့ အချိန်မှာ မတွေ့တော့ သတင်းမှားတယ် ဘာညာနဲ့ ပြန်တော့မယ် လုပ်ပြီးမှ ရှာတဲ့ဟိုကောင်က မနေနိုင်မထိုင်နိုင် မြေကြီးကို တုတ် နဲ့ သွားထိုးတဲ့အချိန် တာလပတ် အစလေး သွားတွေ့တော့မှ လှန်ကြည့်တော့ မြေအောက်ခန်း တူးပြီးထားတာ။ ဖောက်ခွဲရေး ပစ္စည်းတွေ အများကြီးပဲ မိသွားရော။

အဲဒီမှာ ယောင်္ကျား ၂ယောက်နဲ့ မိန်းမ ၃ယောက် ကလေးက ၂ယောက် အကုန်လုံးဖမ်းတာ။ အိမ်ပါ ချိတ်ပိတ်ခဲ့တယ်။ ဟိုကျတော့ ယောင်္ကျားလေးတွေကို ထုထောင်းပြီး စစ်တာ ရစရာ မရှိပါဘူး။ မိန်းကလေးတွေကတော့ မလုပ်ဘူး။ ဒီအတိုင်း မေးမြန်းရုံလောက်ပဲ။ ကလေးတွေက သူတို့မိသားစု ကို ရဲစခန်းကို သွားအပ်လိုက်တဲ့ အချိန်မှာ ရဲစခန်းက ဆက်လုပ်မှာပေါ့။ ကလေးတွေတော့ ပြန်လွှတ်ပေးရမှာပေါ့။ ကျနော်ကတော့ စစ်ဆေးမေးမြန်းတဲ့ အထိပဲ မြင်ခဲ့ရတာ။ အဲဒီမှာ နာမည်စာရင်းတွေ ဘာတွေ အကုန် တွေ့ သွားတယ်လေ။ သူတို့ ဖောက်ခွဲရေး ပစ္စည်းတွေ ပေးတဲ့လူနာမည်တွေလားတော့ မသိဘူး။ နာမည် list ကြီးနဲ့ အကုန်ရသွားတယ်။ တအား နှိပ်စက်တော့လည်း နောက်ဆုံး ထွက်ရတော့တာပေါ့။ လက်ကို ကြိုးတုပ် ထားတယ်၊ လက်ပြန်ကြိုး တုတ်ထားပြီးတော့ ရှေ့မှာ ဒူးထောက်ခိုင်းပြီး နည်းမျိုးစုံနဲ့ နာကျင်အောင် လုပ်ရတာပေါ့။ နာကျင်အောင် လုပ်မှ ထွက်မှာ ဆိုတော့ နာကျင်အောင် အကုန်လုပ်ရတာ။

လုပ်ချင်တဲ့သူက သပ်သပ် ရှိတယ်။ ဖမ်းတဲ့သူက သပ်သပ်။ လုပ်ချင်တဲ့သူက တွေ့တာနဲ့ကို ပြေးကန်တာတို့ တုတ်နဲ့ ပြေးရိုက်တာနဲ့ အမျိုးမျိုး နှိပ်စက်ပြီး လုပ်တော့ ဟိုက  မျက်နှာတွေလဲ ဖူးယောင်ပြီး ရစရာမရှိဘူး ခြေထောက်တွေ လက်တွေလဲ လမ်းမလျှောက်နိုင်တော့ဘူး။ အဲလိုကျတော့ မခံနိုင်တဲ့သူက နာလာတော့ ပြောလိုက်မှာပေါ့။ ပြောလိုက်တော့ နာမည် list တွေရတယ်၊ နာမည် list တွေ အတိုင်း လိုက်ဖမ်းတယ်။ ပစ္စည်းတွေ တော့ မမိဘူး လူတော့ မိတယ်။

နောက်ပြီးတော့ စခန်းနားကို ကလေး ၂ယောက် မိုင်း လာထောင်တယ်။ တကယ်က တပ်မတော် နေ့ ၂၇ရက်နေ့ ပြီးတဲ့အထိ တစ်မြို့လုံးမှာ ဘာမိုင်း မှ မကွဲဘူး။ ကျနော်တို့က ည ၈နာရီလောက်မှာ ပတ်ကင်း ပတ်ရတယ်။ ၈နာရီထိုးမှာ ပြန်ဝင်တဲ့ အချိန်မှ ကလေး ၂ယောက်က မိုင်းပြန်ဝင်ရှာတယ်။ သူတို့က ဆိုင်ကယ်နဲ့။ အဲဒီမှာ ရဲ ပတ်ကင်းကား နဲ့ သွားတွေ့တာ။ အဲဒီ ကလေး ၂ယောက်ကို သေနတ် နဲ့ ပစ်ပြီး ဖမ်းလိုက်တာ။ တယောက်က ပေါင်ကို ထိတယ်၊ တယောက်က ခြေသလုံး ထိတယ်။ ခြေသလုံး ထိတဲ့သူက ကျည်က ပေါက် သွားတယ်။ ပေါင် ထိတဲ့သူက မပေါက်ဘူး။ အဲဒါကို xxx ကုတင် ၁၀၀ ဆေးရုံမှာ ကျည်သွား ထုတ်တယ်။  ကျနော်လိုက်သွားတယ်။ ပထမတော့ သွေးပူနေတုန်း မနာဘူးပေါ့။ နည်းနည်း ကြာလာ တော့ သူတို့ လမ်းလဲ မလျောက်နိုင်ဘူး။ ဆေးရုံ မှာ တပ်နယ်မှူးက ရောက်လာပြီး ပါးတွေ နားတွေ ရိုက်လိုက်သေးတယ်။ ဒဏ်ရာ ရတဲ့သူတွေကို မင်းတို့ကို ဘယ်သူ လုပ်ခိုင်းတာလဲ ဘာညာနဲ့ ရိုက်တာ။

ကျနော်က လူကြီးတွေဆီ မရောက်ခင် ဆေးခန်း လိုက်ပို့ရင်း ချော့မေးတော့ သူတို့ကို လိုင်းပေါ်ကနေပဲ လှမ်းခိုင်းတာ၊ ခိုင်းတဲ့သူကိုမသိဘူးတဲ့။ ပစ္စည်းတွေက ဘယ်ကသွားယူလဲ ဆိုတော့ အထုပ်နဲ့ကို တစ်နေရာမှာ ချထားတယ် အဲ့ဒီကို ကျနော် တို့ ဘာသာ ကျနော်တို့ ဆိုင်ကယ်နဲ့ သွားယူ ရတာတဲ့၊။ သူတို့ ၂ယောက်ရဲ့ ဆိုင်ကယ် အရောင်နဲ့ နံပါတ်က မနက်ကတည်းက သတင်းရလို့ ကျနော်တို့က လိုက်ရှာနေတာ မတွေ့ဘူး။

၁၆နှစ် တစ်ယောက် ၁၇နှစ် တစ်ယောက် စခန်းဘေးကို လာထောင်တာ မိသွားတာ မကွဲလိုက်ဘူး။  ကလေးတွေတော့ အဖမ်းခံ ထိပြီး နှိပ်စက်ခံရတယ်။ တစ်ယောက်က စစ်မှုထမ်းဟောင်း သားလေး တစ်ယောက်ပါတယ်။ ငယ်ငယ်လေးတွေ မြင်တော့ စိတ်မကောင်းဘူး။ ကိုယ်တွေလဲ မပစ်ဘူး။ ရဲတွေက တွေ့တော့ ပစ်ဖမ်းလိုက်တာပေါ့။

မင်းတို့ အဆင်ပြေမှာပါ လုပ်လဲ လုပ်ပြီး သွားပြီ လုပ်ပြီးသွားရင် ဒီလိုပဲ ခံရတာပဲ ဒီလိုပဲ ပြောရတယ်။ လိုက်ဖော်လို့ရှိရင်လဲ အကုန်ပေါ်ကုန်မှာပေါ့ လုပ်ခိုင်းတဲ့သူကလည်း သူ့ဘာသာ လုံခြုံအောင် ရုပ်လဲ မပြဘူး၊ ပစ္စည်းပဲ လာထားပေးတာ လိုင်းပေါ်ကနေပဲ ပြောဆိုဆက်သွယ်ပြီး ခိုင်းခဲ့တာ။

xxxဘက် တစ်ခေါက်သွားတုန်းက  PDF ၃ယောက် ကို သေနတ်နဲ့ တစ်ခါတည်း ပစ်တဲ့အဖွဲ့ထဲမှာ ပါခဲ့သေးတယ်။ ကင်းက ၂ နာရီ တစ်ခါ ၅ယောက် တစ်ဖွဲ့ ချိန်းတယ်။  ချိန်းပြီး နောက်အဖွဲ့မှာ ည ၁၂နာရီ လောက်ကြီးကို PDF ၃ယောက် အဖွဲ့က ဂိတ်ကို ဝင်ပစ်တာ။ ဝင်ပစ်လည်းပစ်ရော ကျနော်တို့ဘက်က လူတွေက အင်အား များတော့ ဝိုင်းပစ်ရင်း ခေါင်းတွေထိပြီး သေသွားတာ လက်တွေဘာတွေဖြောင့်လို့တော့ မဟုတ်ဘူး။ အဲဒီတစ်ခါ ဖြစ်ပြီးသွားတော့ သူတို့က ဒီအဖွဲ့ထဲမှာ ပါတဲ့သူတွေကို ။ လက်နက်ရော လူပါဖမ်းမိလို့ ဆိုပြီး ရာထူး တိုး ပေးတယ်။ ပိုက်ဆံ ဆုချတယ်။ ကင်း ၅ယောက်အဖွဲ့ကိုပေါ့။ အဲဒီဘက်မှာဆို ကြမ်းတယ်။ ပြည်သူတွေ ကားလာပြီဆိုတာနဲ့ လမ်းဘေး ဆင်းရပ်ခိုင်းပြီး ကြောက်အောင် လုပ်ထားတာ၊ ခြိမ်းခြောက်တာပေါ့။ လမ်းပေါ်ကျနော်တို့  ကားသွားလို့ရှိရင် ဆိုင်ကယ် ဖြစ်ဖြစ် စက်ဘီး ဖြစ်ဖြစ် ရပ်မပေးရင် ကားချက်ခြင်းရပ်ပြီး ပါးဆင်းရိုက်တာ။  လာတာ မတွေ့ဘူးလား ဘာညာ နဲ့  တွေ့တဲ့နေရာမှာ ထုထောင်း လိုက်တယ်။ တစ်ယောက် လောက်လုပ်ပြလိုက်ရင် နောက်လူ က သိပ်မလုပ်ရဲတော့ဘူးလေ။

ကျနော်ကတော့ ဆုံးဖြတ် ထားပြီးသား။ ကိုယ့်ဆီကို တည့်တည့်ကြီး လာပြီး မပစ်ရင် ဘာမှမလုပ်ဘူး။ ဒီကျည်လဲ ငါ ထုတ်စရာမလိုဘူးလို့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ပြီး လုံခြုံရေး လိုက်တယ်။ အဲဒါကြောင့်လည်း ကိုယ့်ဆီ တစ်ယောက်မှ မလာပါဘူး ကိုယ်လည်း ကျည် တစ်တောင့်မှ မသုံးခဲ့ရဘူး။

ကြာလာတော့ လော့ဒေါင်းတွေ လဲ ပိတ်တယ် ကိုဗစ်တွေလဲ ဖြစ်တော့ စစ်သည် တွေလဲ အဆင် မပြေတော့ဘူး။ အထဲမှာ စီးပွားရေး ဘာညာ လုပ်လို့ မရတော့ လုံခြုံရေး ထွက်တဲ့ အချိန်မှာ ကျနော်တို့ထဲက ၂ယောက်က ဘာလုပ်လဲ ဆိုတော့ ယူနီဖောင်း တွေ ချွတ်တယ်။ ကျော်ပိုးအိတ်ထဲ ထည့်တယ်။ သေနတ်က 94အတိုလေးတွေ ဆိုတော့ ဖြုတ်ထည့်လို့ ရတယ်။ ပြီးရင် xxxတံတား အဆင်း ကို ဆိုင်ကယ် ကယ်ရီ ငှားသွား။ ဟိုကျမှ ယူနီဖောင်းတွေပြန်ဝတ်ပြီး ဆိုင်ကယ်တွေ အကုန်တား ဖမ်းပြီး  သိမ်းတာ။ သိမ်းပြီးရောင်းစားတာဆိုတော့ သေနတ်ပြပြီး ဓားမြ တိုက်သလို ဖြစ်သွားတာပေါ့။ xxx တံတားအဆင်း အမှန်က လုံခြုံရေး ဂိတ်က xxxဘုရားနားမှာ ရှိတာ၊ သူတို့ကို အနား ပေးထားတဲ့ အချိန်မှာ ၂ယောက်ထဲ ကယ်ရီ ငှားပြီးတော့ အရာရှိတွေ တခြား အဖွဲ့ တွေ မသိအောင် နောက်လမ်းကနေ သွားဖမ်းတာ။ ဆိုင်ကယ်က ၁၀ စီး။ ဖုန်းတွေ သိမ်းတယ်၊ ဆိုင်ကယ်တွေ ဖမ်းတယ်၊ လိုင်စင် ပါပါ မပါပါ အကုန်ဖမ်းတယ်။ ဟိုနေရာ လာရွေး ဆိုပြီး  နေရာတွေ လွှဲပြော လိုက် တာ။ အဲဒီကောင်တွေ လုပ်တာ ၂ခေါက် ပထမ အခေါက်က ဌာနချုပ်မှူးက သိသွားတဲ့အချိန်မှာ လျော်ပေးလိုက်တာ ဘာမှ မလုပ်ဘူး။ ဒုတိယအခေါက်လဲ ၁၀စီး၊ ဖမ်းတဲ့ အချိန်မှာ သိသွားတယ် အချုပ်ထဲ ၄ ၊ ၅ ရက် ထည့်လိုက်တယ်။ ဘာမှ အရေးမယူဘူး ရာထူးလဲ မဖြုတ်ဘူး သိသိကြီး နဲ့ လွှတ်ပေးလိုက်တယ် ။

ထွက်လာတဲ့ အချိန်မှာ အိမ်ကို အရင်သွားတယ်။ တပ်မှာ မနေတော့ဘူး ထိုင်းမှာ အလုပ်သွားလုပ်မယ် ဆိုပြီး ပြောတယ်။ အိမ်က အမေတို့က အစိမ်းလေ။ ကြံ့ခိုင်ရေး၊ ပြည်ခိုင်ဖြိုးဆိုတော့ အမေက သဘောမတူဘူး ငိုတာ ဘာညာ လုပ်တယ်။ မဟုတ်ဘူး သား အလုပ်သွား လုပ်မှာ တော်လှန်ရေး နဲ့ ပတ်သက်တာ ဘာမှ မလုပ်ဘူး CDM မလုပ်ဘူး အလုပ်ပဲ သွားလုပ်မှာ ဆိုပြီး ညာပြော လာတာ။ အိမ်က သဘော မတူဘူး ဆွေးမျိုးသားချင်းတွေကလည်း အစိမ်းတွေ။  ကျနော်တို့နယ်မှာ အဲဒီလို အဖွဲ့တွေ များတယ်။ မသိအောင်တော့ ထွက်ရတာပေါ့။

ထွက်တော့လဲ လုံခြုံရေး ဆိုတော့ ဆက်ရှင်အင်ချပ်ကို ပြောလိုက်တယ်။ ကျွန်တော် သောကြာနေ့ အိမ်ကို ပြန်မယ် စနေ၊တနင်္ဂနွေ ၂ရက် ပြန်မယ် ခွင့်ပေး ဆိုတော့ ပေးလိုက်တယ်။ ခွင့်သဘောမျိုးနဲ့ ၂ရက် အတွင်း xxx ကို ရောက်အောင် လာလိုက်တယ်။ တနင်္လာနေ့ကျ ဖုန်းဆက်တဲ့ အချိန်မှာ ဒီရောက်နေပြီ ပြန်မလာတော့ဘူးပေါ့။ အဲဒီတော့ contact တွေ ဘာတွေက မဖျက်ရဘူး viber တွေက မဖျက်ရသေးဘူး ဌာနမှူးက ပြန်ခေါ်တယ်။ ဒီကို ပြန်လာ ဘယ်သူမှ ဘာမှ မလုပ်စေရဘူး သက်သက် အိမ်တလုံးမှာ ထားမယ် မင်းတို့ စိတ်ကြိုက်နေ ဆိုပြီး ပြန်ခေါ်တယ်။ မလာတော့ဘူးလို့ ဌာနမှူးတွေ၊ ဆက်ရှင်အင်ချက်၊  ဗိုလ်မှူး တွေကော အကုန် ပြန်ခေါ်တယ်။ ကျနော်မပြန်တော့ဘူး။

တစ်နှစ်ပတ်လုံး ကိုယ်တိုင် လူမသတ်ပေမယ့် သူတို့ လုပ်နေတာတွေက ဘယ်လိုမှ အဆင်မပြေတော့ဘူး။ စစ်သား တစ်ယောက် ရပ်ကွက်ထဲသွားပြီဆို အိမ် ၁၀ လုံးမှာ ၉လုံးလောက်က ကိုယ့်ကို မုန်းတဲ့သူတွေချည်းပဲ။ ဘယ်လို သွားလုပ်မလဲ။ ကိုယ့်ကိုအမြင် ပြန်ကြည်လာအောင် လုပ်ခါစပဲ ရှိသေးတယ် ဒီလိုကြီးလုပ်လိုက်တော့ ဘယ်သူမှ အဆင်မပြေတော့ဘူး ။

CDM လုပ်တဲ့သူတိုင်းက အဆင်တော့ မပြေကြဘူး။ အဖွဲ့အစည်းတွေမှာ လုပ်တဲ့ အရာရှိလောက်ပဲ နေရာရပြီး အလုပ်လေးရပြီး အဆင်ပြေတယ်။ တခြားအဆင့်တွေကတော့ ကိုယ်တိုင် အလုပ်မရရင် အဆင်မပြေဘူး။ ပြည်သူ့ရင်ခွင်က  အင်တာခေါ်ဗျူးသေးတယ်။ ကျနော်နေခဲ့တဲ့ xxx မှာတော့ ဘယ်နား ဘယ်တပ် ရှိတယ် ဆိုတာ မြေပုံ ထဲမှာ အကုန် ပြောပြီး သွားပြီ။ တကယ်လို့  မြို့သိမ်းဝင်လို့ xxx ထဲမှာ ဘယ်နေရာ ဘာရှိတယ် မသိရင် ကိုယ်တိုင်ပြန်လိုက်ပေးမယ်။ လောလောဆယ်တော့ မြန်မာပြည်ထဲ ပြန်လို့မရသေး၊ အိမ်ကလဲ သဘော မတူတော့ ပြန်လို့ မရသေးဘူး။ နာမည်တွေ ဘာတွေလဲ မပေါက်ချင်သေးဘူး။ အရေးကြီးလို့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင် xxx ပိုင်းဆို ပြန်လိုက်ပေးမယ်။ ဒီမှာ အဆင်ပြေအောင် နေရမယ်။ ကိုယ့်ကိုယ်ကို အဆင်ပြေမှ သူများကို ပြန်ကူညီနိုင်မှာလေ ။