• Today is: Friday, March 29, 2024

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြပါရန် NUCC ဖိတ်ခေါ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃  

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြပါရန် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖိတ်ခေါ်ပါတယ်။

ပဋိညာဉ် နှစ်ပတ်လည် ကာလအတွင်း အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ ဆက်လက်ဆောင်ရွက်ပေးကြပါရန် အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က လေးစားစွာ ကြိုဆို ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် (၂) နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့ များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို NUCC က အသိအမှတ်ပြု မှတ်တမ်း တင်ထားတယ်လို့လည်း ဆိုပါတယ်။

အလားတူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာလည်း တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်း ရရှိခဲ့သော နိုင်ငံရေး သဘောတူညီချက်တစ်ရပ်ဖြစ်သကဲ့သို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်း တစ်ခုလည်း ဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်သော အင်အားစုများ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့ NUCC က ပြောဆို ထား ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာ စာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်း နှစ်ရပ်ကိုလည်း (NUCC) က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ်၊​ ပြည်သူ့ညီလာခံမှာ ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာပါ။

လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည့် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၏ စုဖွဲ့မှု (၂)နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။