• Today is: Thursday, April 25, 2024

SNLD | သီးသန့် ဆက်သွယ်မေးမြန်းခြင်း

“ကျွန်တော်တို့တွေ အပါအဝင်ပေါ့နော် လွတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးကို ပိုပြီးမှ အားကိုးတယ်ဖြစ်ဖြစ် အလေးထားတယ့် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲ့လိုမဟုတ်ပဲနဲ့ အခြား နိုင်ငံရေးမျက်နှာစာ ကနေလုပ်နေသူတွေပဲဖြစ်ဖြစ် EAOsတွေပဲဖြစ်ဖြစ် အဖက်ဖက်ကနေပြီးတော့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အထူးသဖြင့် ကျွန်တော်တို့ရဲ့ နောက်မှမွေးလာတဲ့ လူငယ်တွေ ကလေးတွေအတွက် ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဲ့ဒီ နှစ်ခုကို အဓိက ထားပြီးတော့ အာရုံထားပြီးတော့မှ အလေး အနက်ပြုကြမယ်ဆိုရင်ဖြစ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်နိုင်မှာပါ” 

သီးသန့် ဆက်သွယ်မေးမြန်းခြင်း

SNLD | အထွေထွေအတွင်းရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ – စိုင်းလိတ်

———-

၁) ပထမဦးဆုံးအနေနဲ့ ရွေးကောက်ပွဲကိစ္စ အရင်မေးချင်တာဖြစ်လို့ ရွေးကောက်ပွဲတရပ် ကျင်းပတော့မယ်ဆိုရင် ဘယ်လို အခင်းအကျင်းမျိုး ရှိနေဖို့ လိုအပ်လဲ ပြောပေးပါဦး။

ဖြေ။ ။ ရွေးကောက်ပွဲတစ်ရပ်ကျင်းပတော့မယ်ဆိုရင် နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံပြုလိုသူ (stakeholder) တွေအကုန်လုံး ပါဝင်နိုင်ခွင့်ရှိရမယ်။ ပြည်သူတွေအကုန်လုံးကလည်း လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိရမယ်။ လုံခြုံရေး အရ ကြောင်းကြန့်စွာ ဆန္ဒပြုနိုင်ရမယ်။

အရေးကြီးဆုံး အချက်ကတော့ ရွေးကောက်ပွဲက အရွေ့တစ်ခုကို ဦးတည် ရမယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ အပြောင်းအလဲကိုရှိစေရမယ်လို့ အာမခံချက်ပေးထားရမယ်။ ဒီလိုအခြေ အနေမျိုးနဲ့ ကိုက်ညီမှာသာလျှင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မယ့် နိုင်ငံအတွက် အကျိုးရှိမယ့် ရွေး ကောက်ပွဲ ဖြစ်မယ်လို့ မြင်ပါတယ်။

၂)  အာဏာသိမ်းမှုအလွန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD)ရဲ့ ပါတီနိုင်ငံရေး အခန်း ကဏ္ဍကို မေးချင်ပါတယ်။ လက်ရှိ ပါတီအနေနဲ့ ဘာတွေ ဆောင်ရွက် နေပါသလဲ။ 

ဖြေ။ ။၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းကစပြီး ကျွန်တော်တို့ပါတီအနေနဲ့ ထူးထူးခြားခြား ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမျိုးမရှိသလောက်ပါပဲ။ စစ်ဘောင်တွေကျယ်ပြီး နိုင်ငံရေးဘောင်တွေလုံးဝကျဥ်းသွားတဲ့ အခြေ အနေမှာ ကျွန်တော်တို့ပါတီလည်း အခြားပါတီများနည်းတူ လူထုအတွက် ထိရောက်အကျိုးရှိမယ့်ကိစ္စတွေ မလုပ်ဆောင်နိုင်ခဲ့ဘူး။ လုပ်ပိုင်ခွင့်လည်း မရှိခဲ့ပါဘူး။

စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးတာ လောက်ပဲ နိုင်သလောက် လုပ်ခဲ့ရပါတယ်။ ပါတီရေးရာဆိုင်ရာ ကိစ္စတွေကတော့ အတွင်းရေးကိစ္စတွေဖြစ်တော့ ပါတီ အင်စတီကျူးရှင်း နည်းနည်းပါးပါး လုပ်နိုင်ခဲ့တာက လွဲပြီးတစ်ခြားသော ကိစ္စတွေ ‌‌ ကိုထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။

၃) SNLD ပါတီအနေနဲ့ လက်ရှိရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံ မတင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိထားပါတယ်။ ဘာကြောင့် အဲဒီဆုံးဖြတ်ခဲ့ရတာလဲ။ 

ဖြေ။ ။ ပါတီ မှတ်ပုံမတင်ရတာကတော့ အဓိက အချက် ၂ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လုံခြုံရေး ကန့်သတ်ချက်ကြောင့်ပါ။ ကျွန်တော်တို့ပါတီဝင်တွေတဲ့ ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေကို သွားရောက်ပြီးမှ သူတို့ရဲ့ ဆန္ဒ သဘောထားတွေကို ရယူဖို့ မသွားနိုင်ခဲ့ဘူး။

နောက်တစ်ချက် ပေးထားတဲ့အချိန် ၂လအတွင်းမှာ ဒီကိစ္စတွေပြီးပြတ်အောင် လုပ်ရမယ်ဆိုတာလည်း ကျွန်တော်တို့ က ထိထိရောက်ရောက် လုပ်ဖို့က အချိန်မလုံလောက်ဘူး။

နောက်ဆုံးတစ်ချက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မတီရှင် ရွေးကောက်ပွဲကို ဘယ်အချိန် လုပ်မလဲ ဆိုတာ တိကျရောရာစွာ ထုတ်ပြန်ကြေညာထားခြင်းမရှိဘူး။ ဒီအခြေအနေအရပ်ရပ် တွေ ကြောင့် ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ တက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ရ တာပါ။

၄) လက်ရှိ အခင်းအကျင်းအရ၊ မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းခံရနိုင်တဲ့ အလားလာထိ ပြဌာန်းချက်တွေလဲ ရှိနေတယ်လို့ နားလည်ထားပါတယ်။ SNLD အနေနဲ့ ပါတီမှတ်ပုံ မတင်ဖို့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်လို သက်ရောက်မှု ရှိလာနိုင်မယ်လို့ သုံးသပ် ထားပါသလဲ။  

ဖြေ။ ။ အဲ့ဒါကတော့ UEC အပိုင်းဖြစ်သွားပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ်ဖြစ်သွားပါပြီး ကျွန်တော်တို့ကတော့ ကိုယ့်အခက်အခဲနဲ့ ကိုယ်မို့ မှတ်ပုံမတင်တာကလွဲရင် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထား တာမရှိဘူး။ ဒါကြောင့်မို့လို့ ထူးထူးခြားခြား ထိခိုက်နိုင်စရာ မရှိဘူးလို့ပဲ ယူဆပါတယ်။ 

၅) တဘက်က စစ်ကောင်စီရဲ့ ဒီနိုင်ငံရေးပါတီ ဥပဒေကို ပြန်လေ့လာကြည့်တော့ မှတ်ပုံတင်ပြီးရင်  တနိုင်ငံလုံးအဆင့် ယှဉ်ပြိုင်မယ့် ပါတီတွေက ပါတီဝင်အင်အား ၁ သိန်း ရှိရမယ်နဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ဆိုရင်တော့ အင်အား ၁၀၀၀ ရှိရမယ်အပြင် ပါတီရံပုံငွေ ကိစ္စတွေလည်း သတ်မှတ်ထားတာ ရှိပါတယ်။ ဒီပြဌာန်းချက်တွေအရ တနိုင်ငံလုံးအဆင့်သွားမယ့် ပါတီတွေအတွက် လက်ရှိအခင်းအကျင်းအရ ခက်ခဲမယ်လို့ သုံးသပ်ကြပါတယ်။ တနိုင်ငံလုံးအဆင့် ပါတီတွေအပါအဝင်၊ တိုင်းရင်းသားပါတီတွေကို ဘယ်လို သက်ရောက်မှုကို ဖြစ်စေနိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အခက်အခဲကတော့ ပါတီကြီးကြီး ငယ်ငယ် အကုန်ခက်ခဲကြမှာပါပဲ။ တကယ်တမ်းကျတော့ ပါတီဆိုတာ လူထုထောက်ခံမှုနဲ့ ရပ်တည်ရတာမျိုးပါ။ လူထုထောက်ခံမှုမရှိရင် အဲ့ဒီပါတီ ကျရှုံးရတာပါပဲ။ လူထုထောက်ခံမှုရှိရင် သူ့မှာ ပါတီဝင်ဦးရေ နည်းသည်များသည် အကြောင်းမဟုတ်ဘူး။ ဆက်လက်ရပ်တည်မှာပဲ။ ဒါက နိုင်ငံတကာ မှာလည်း ဒီလိုပဲယူဆကြတာပဲ။

သို့သော်လည်း ပါတီရုံးခန်းအရေအတွက်ဘယ်လောက်ရှိတယ်။ မြို့နယ်ဘယ်လောက်မှာ ဝင်ပြိုင်တယ်ဆိုတဲ့ အပေါ်မှာ သူ့ရဲ့ရပ်တည်မှုကို ပိုင်းဖြတ်တယ်ဆိုတာက စံလွဲနေတယ်လို့ပဲ မြင်ပါတယ်။ ပါတီ အကြီးတွေ အဖို့မှာလည်း သူ့အနေနဲ့ ပါတီအင်အား ၁သိန်းရဖို့ဆိုတာ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု ဘယ်လောက်ရှိလဲ။ သူ့အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားပြီး စည်းရုံးနိုင်မလဲဆိုတာ မေးခွန်းအများကြီးပေါ်ပေါက်စေမှာပါ။

ကိုယ့်အနေနဲ့ ရည်မှန်းထားတဲ့ နဂိုပါတီဝင်အင်အား သိန်းချီရှိမယ်ဆိုရင် တိုင်းပြည်အခြေအနေအရ အဲ့ဒီပါတီအခေုအနေအရ အပြောင်းအလဲ မရှိနိုင်ဘူးလား ဘယ်လောက်ထိများပြောင်းလဲသွားပြီးလဲ ဒါတွေကိုရော ထည့်ပြီးတွက်ဖို့လိုအပ်ပါတယ်။

တခါရုံးခန်းပေါင်း ၁၆၅ ရုံးအနည်းဆုံးဖွင့်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်မြို့နယ်တွေက ဘယ်လောက်ထိ အေးချမ်း နေလဲဆိုတာ ကျွန်တော်တို့မပြောမရပါဘူး။ နကစ ဥက္ကဋ္ဌ ရဲ့ ဇန်နဝါရီလ ၁ရက်နေ့ မိန့်ခွန်းအရ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်ပဲရှိတယ်။ အဲ့ ဒီ ၁၉၈ မြို့နယ်ကလည်း တစ်ဆက်တည်း ရှိလား ပြောလို့မရပါဘူး။ သွားရေးလာရေး လုံခြုံရေး အဲ့ဒီကိစ္စတွေကြောင့် အခက်အခဲတော့ ရှိနေလိမ့်မယ်လို့ မြင်ပါတယ်။ တစ်ခါ ပါတီအငယ်တွေ အတွက်ကျတော့လည်း ဥပမာ – အင်းတိုင်းရင်းသားတွေပေါ့။ အင်းလူမျိုးတွေက ညောင်ရွှေမြို့နယ်မှာပဲ ရှိတာ ကျွန်တော်တို့ အသိပါ။

သူတို့အနေနဲ့ကလည်း သူတို့လူမျိုးစု ပါတီတည်ထောင်မယ်ဆိုရင် နောက်ထပ် ၅မြို့နယ် ဘယ်မှာသွားရှာမလဲ။ သူ့ကိုထောက်ခံမယ့်သူကရော ဘယ်လိုစည်းရုံးမလဲ သူ့အတွက်ဒါလည်း အခက်အခဲဖြစ်စေမှာပဲ။ အဲ့ဒါကြောင့်မို့လို့ ပါတီကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အကုန်လုံးက အခက်အခဲ ရှိနေမှာပဲ။

၆) ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက်ယူမယ်လို့ စစ်ကောင်စီဘက်က ကြေညာလာတာ တွေ့ရပါတယ်။ ဒီအပေါ်ရွေးကောက်ပွဲကလည်း ၂၀၂၄ ထဲမှာမှ ဖြစ်လာ နိုင်တယ်လို့လည်း ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ် ရှုမြင်ပါသလဲ။ 

ဖြေ။ ။ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုပြီးတော့မှ လဝက ဝန်ကြီးက တစ်လောကမှ အင်တာဗျူးပေးသွားတာ သိရပါတယ်။ အဲ့ဒီလုပ်ငန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ ၁ရက်နေ့မှာစမယ်ဆိုတော့ နောက်ထပ် တစ်နှစ်ကျော် လိုပါသေးတယ်။ သို့သော် သန်းကောင်စာရင်းကောက်ယုတယ်ဆိုတာ ၁၅ရက်လောက် ကောက်ယူပြီး ပြီးပြတ် သွားတယ်ဆိုတာမျိုးမဟုတ်ပါဘူး။ သူ့ဆက်စပ်လုပ်ငန်းတွေက အများကြီး လုပ်ရဦးမှာမို့လို့ ၂၀၂၄ကုန်တဲ့ အထိတော့ လုပ်နိုင်စရာအကြောင်းမရှိပါဘူးလို့ သုံးသပ်ရပါတယ်။

၇) ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အာဏာရအစိုးရ NLD လက်ထက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရက်ပေါင်း ၉၀ မျှ နေရုံဖြစ် မဲပေးခွင့် ပေးခဲ့တဲ့မူကိုကျင့်သုံးခဲ့လို့ ပြည်နယ်အခြေခံပြု တိုင်းရင်းသားပါတီတွေကြား နှစ်နာမှုတွေ ရှိခဲ့သလို အငြင်းပွားမှုရှိခဲ့ပေမယ့် တစုံတရာ ကျေနပ်မှုရှိအောင် ဖြေရှင်းပေးနိုင်ခဲ့တာ မတွေ့ရဘူး။ ဆိုတော့ ပုံမှန်ကာလတွေ ပြန်ရောက်ရင်၊ ဒါမှမဟုတ် နောက်ထပ် ရွေးကောက်ပွဲတွေမှာ ဒီလိုအငြင်းပွားမှုဖြစ်စေမယ့် မဲပေးခွင့်ဆိုင်ရာမူတွေကို မဖြစ်စေဖို့ ဘယ်လိုပြဌာန်းကျင့်သုံးဖို့ လိုအပ်မယ်လို့ အကြံပြုချင်လဲ။ 

ဖြေ။ ။ အလွယ်ဆုံးပြောရရင်တော့ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ရွေးကောက်ပွဲ ဥပဒေ အသစ် လိုအပ်နေပြီး။ UEC ကိုရွေးကောက်တင်မြှောက်တဲ့စနစ်မှာပဲ ချို့ယွင်းချက်တွေ  အားနည်းချက်တွေ အများကြီး ရှိပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပါတီက UEC ကို သူ့စိတ်ကြိုက် ရွေးချယ်ခန့်ထားတယ်ဆိုမျိုးက ဒါ ကွဲလွဲမှုတွေ သဘောထားအမြင်တွေအရ လက်မခံနိုင်စရာတွေ အများကြီး ပေါ်ပေါက်စေပါတယ်။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ရွေးချယ်တာမျိုး နိုင်ငံရေးပါတီတွေကနေ ရွေးချယ်တာမျိုးထက်ကို ဘက်မလိုက်တဲ့ ပညာရှင်တွေနဲ့ စုပေါင်းထားတဲ့ UEC မျိုးကို ရွေးချယ်ရမှာဖြသ်ပါတယ်။

ခြုံပြီးပြောရရင်တော့ NLD လက်ထပ်မှာလုပ်ခဲ့တဲ့ ကိစ္စကလည်း လူထုအကုန်လုံး လက်သင့်ခံနိုင်တဲ့ အနေအထား မဟုတ်သလို ၂၀၁၀တုန်းက ရွေးကျင့်သုံးတဲ့ပုံစံကလည်း ထိုနည်းလည်းကောင်းပဲ။ ချို့ယွင်းချက်တွေ အားနည်း ချက်တွေ ထောက်ပြစရာတွေ အများကြီးရှိတယ်။ ဆိုတော့ ကျွန်တော်တို့ အဓိကလိုအပ်တာက ရွေးကောက်ပွဲ ဥပဒေအသစ်ပြကိုပြဌာန်းရမယ်။ အားလုံးလူစုံပြီးဆွေးနွေးပြီးမှ ဘယ်သူ့ ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိစေတဲ့ ဘက်လိုက်မှုကင်းတဲ့ UEC မျိုးပြန်ဖွဲ့ဖို့ ဆိုရင် ဥပဒေက အရက်အသစ်လာရပါမယ်လို့ပဲ အချုပ်အနေနဲ့ ဖြေကြားလိုပါတယ်။

(၈) စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်ဖို့ဆိုရင် ဘယ်လို ရောက်အောင်သွားလို့ရနိုင်မလဲ။

ဖြေ။ ။ လောလောဆယ်က ဖက်ဒရယ်ဒီမိုကရေစီကိုသွားဖို့ အတွက် အဖွဲ့အစည်းတိုင်းရဲ့ အင်စတီကျူးရှင်းက ထုတ်ဖော်ပြောကြားနေတယ်ဆိုပေမယ့် လက်တွေ့မျက်တွေ့မှာ ဘယ်သူမှလုပ်နိုင်တာ မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကိုယ်တိုင်က တည်ငြိမ်အေးချမ်းမှု မရှိလို့။ rule of law တွေပျောက်နေတယ်။ တရားဥပဒေစိုးမိုးမှုတွေ လုံးဝ ခန်းခြောက်သလောက်ဖြစ်နေတယ်။ တိုင်းပြည်ရဲ့အနာဂတ်အတွက်ကို လူငယ်တွေ အတွက် လမ်းပြပေးနိုင်ဖို့ နေနေသာသာ လူကြီးတွေကိုယ်တိုင်က လမ်းပျောက်နေတဲ့ သဘောမှာ ရှိတယ်။

အကုန်လုံးတွေ့ဆုံပြီး မဆွေးနွေးနိုင်ဘူး ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူး နောက် စိတ်သဘောထားတွေကိုယ်၌က နိုင်ငံရေး စိတ်ဆန္ဒတွေ ကွဲလွဲမှုတွေ ဆန့်ကျင်မှုတွေ သိပ်ပြီး ပြင်းထန်နေတယ် ကာလမှာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ပညာရေးဘက်ကို ပဲ အရင် ဦးတည်ရမယ်လို့ မြင်ပါတယ်။

အဲ့ဒါကြောင့် ဒီနေ့ ဒီအချိန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွားနိုင်မယ့် အခင်းအကျင်းဆိုတာ အတော်ကိုပဲ ပါးလျား နေတယ်။ စိတ်သဘောထားတွေအကုန်လုံး သက်ဆိုင်သူအကုန်လုံးက ဖက်ဒရယ် ဒီမိုကရေစီ ကို အမှန်တကယ်သွားချင်ရဲ့လား ဆိုတာ ကိုယ့်ဟာကို မလိမ်စတမ်း မညာစတမ်း အရင်သုံးသပ်ပြီးမှ ပြုပြင်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းစီမှာ အဲ့လိုစိတ်ဆန္ဒတွေ မရှိဘူးဆိုရင် ပြောမှသာပြော သင်္ကြန်အမြောက်ပဲ ဆက်ဖြစ်နေဦးမယ်လို့ မြင်ပါတယ်။

၉) ဖြည့်စွက်ချက်

ဖြေ။ ။ ကျွန်တော်တို့တွေ အပါအဝင်ပေါ့နော် လွတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးကို ပိုပြီးမှ အားကိုးတယ်ဖြစ်ဖြစ် အလေးထားတယ့် ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲ့လိုမဟုတ်ပဲနဲ့ အခြား နိုင်ငံရေးမျက်နှာစာ ကနေလုပ်နေသူတွေပဲဖြစ်ဖြစ် EAOsတွေပဲဖြစ်ဖြစ် အဖက်ဖက်ကနေပြီးတော့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အထူးသဖြင့် ကျွန်တော်တို့ရဲ့ နောက်မှမွေးလာတဲ့ လူငယ်တွေ ကလေးတွေအတွက် ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဲ့ဒီ နှစ်ခုကို အဓိက ထားပြီးတော့ အာရုံထားပြီးတော့မှ အလေး အနက်ပြုကြမယ်ဆိုရင်ဖြစ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်နိုင်မှာပါ။

သို့သော်လည်းပဲ ကိုယ့်ရဲ့တစ်ကိုယ်ရည် ခံယူချက်  ယူဆချက် အပေါ်မှာပဲ ရပ်တည်ပြီးမှ အချင်းချင်းတိုက်ခိုက် ဒီလိုတိုက်ခိုက်သတ်ဖြတ်နေတာကိုမှ နည်းလမ်းမရှာနိုင်ဘူးဆိုရင် ကျရှုံးတိုင်းပြည်မှ နောက်ဆုံး ဒီထက်ဆိုးတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ဆိုတာကိုတော့ မိချောင်း မင်းရေခင်းပြ ပြောပါရစေ။ အားလုံးကို တပ်လှန့် နှိုးဆော်တဲ့အနေနဲ့ ပန်လည်း ပန်ကြားလိုတယ်ဆိုတာ ကိုတော့ အချုပ်ပြောလိုပါတယ်။