• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာ

(No. 24, March 24, 2023)

၁။         မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် EAO ၃ ဖွဲ့နှင့် စစ်ကောင်စီ ဆွေးနွေးနေ
            March 23, 2023

ရှမ်းပြည်နယ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၃ ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတို့ မတ်လ ၂၂ ရက်မှစတင်ပြီး နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့ အလင်းသတင်းစာပါ ဖော်ပြချက်အရသိရသည်။ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ နေပြည်တော်သို့ လာရောက်ကာ စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။ ဆွေးနွေးပွဲကို EAOs များဘက်က UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP ဗဟို ကော်မတီဝင် စဝ်ဆေပိုင်ဖတို့ တက်ရောက်ပြီး စစ်ကောင်စီဘက်က NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ တက်ရောက်ကြောင်း မြန်မာ့အလင်းသတင်းတွင် ဖော်ပြထား သည်။ ဆွေးနွေးပွဲတွင် အဖွဲ့အသီးသီး၏ လိုလားချက်၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခြေခံကျသောပုဒ်မများ ပြင်ဆင်ရေး ဆွေးနွေးမည်ဖြစ် ကြောင်းသိရသည်။

UWSA၊ မိုင်းလားနှင့် SSPP တို့သည် ယခု မတ်လ ၁၆ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မြို့တော် ကူမင်းသို့သွားကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန်မစ္စတာ တိန့်ရှီကျင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မတ်လ ၂၂ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်သည်။ မကြာသေးသည့် မတ်လ ၁၅၊ ၁၆ ရက်များကလည်း UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့၌ မြောက်ပိုင်း EAOs ၇ ဖွဲ့ ပါဝင်သော ပြည်ထောင်စုနိုင်ငံ‌ရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) အစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေး ကျင်းပပြီးနောက် ထုတ်ပြန်သည့် FPNCC ကြေညာ ချက်တွင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည် ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ် တည်ထောင်ရမည်၊ ပြည်ထောင်စုကို တည်ဆောက်ရာတွင် နည်းလမ်းမျိုးစုံ ရှိနိုင်သော်လည်း နောက်ဆုံး တွင် မိမိတို့ တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးရမည်ဟု ဖော်ပြထားသည်။ https://www.faceb ook.com/theirrawaddyburmese/photos/a.1422251 62488311/6613444118699684/

၂။         မတူပီမြို့နယ်မှ  ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံး
           March 23, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား ၁၈ ယောက် သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) (CDF–Matupi) က ထုတ်ပြန် ထားသည်။ မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်မှ ကားသုံးစီး၊ အင်အား ၈၀ ခန့်ဖြင့် မတူပီ-ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့အခြေစိုက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာနှင့်အင်အားဖြည့်တင်းရန် ထွက်ခွာလာသည့်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆို သည်။ နံနက် ၁၀ နာရီအချိန် မတူပီ – ပလက်ဝလမ်း (၆)မိုင်တွင် ထိတွေ့မှုတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီအချိန်၌ (၇)မိုင်နှင့် (၈) မိုင်အကြားတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တွင် (၉)မိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ရက်ပေါင်း စစ်ကောင်စီတပ်မှ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိက က သူတို့ကထိုးစစ်ဆင်တဲ့သူ၊ ရွေ့နေတဲ့ပစ်မှတ်ဆိုတော့ သူတို့ဘယ်လမ်းကလာမလဲဆိုတာ သိနေရတဲ့ အတွက် ချုံခိုတိုက်လို့ရတာပေါ့။ ကိုယ်ကစောင့်ပြီး တိုက်ရတာဆိုတော့ အသာစီးရတာပေါ့” ဟု CDF – Matupi ပြန်ကြားရေး တာဝန်ခံ Aaron က ပြောသည်။ ယခုစစ်ကြောင်းသည် ယာဉ်များဖြင့်တက်လာသည့်အတွက် လမ်းမကြီးများကိုသာအသုံးပြု နေရပြီး တောလမ်းမှမလာနိုင်သောကြောင့် နယ်မြေကျွမ်းကျင်သည့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့အတွက် အားသာ ချက်ဖြစ် ကြောင်း ဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၂) တွီရှစ်ရွာတွင် ညအိပ်ရပ်နားခဲ့ ပြီး မတ်လ ၂၂ ရက်နေ့တွင် ဆက်လက်ထွက်ခွာလာရာ တွီရှစ်ရွာအထွက် သင်္ချိုင်းကုန်းနှင့် ပန်းတွီလမ်းခွဲ တွင် နံနက် ၆ နာရီ ၅၀ မိနစ်မှ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ပြီး အများ အပြားဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ ဘက်မှ အထိအခိုက်မရှိ ခုခံကာကွယ်နိုင်ကြောင်း မတ်လ ၂၃ ရက် ယနေ့တွင် CDF – Matupi မှ ထုတ်ပြန် ထားသည်။ စစ်ကောင်စီတပ်မှအထိနာလျှင် လေယာဉ်များအသုံးပြုနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ဘေးကင်း ရာသို့ပြောင်းရွေ့ကြပါရန်နှင့် ကတုတ်ကျင်းများ အဆင့်သင့်ထားရှိကြပါရန် CDF – Matupi မှ အသိပေး ထားသည်။ https:// www.facebook.com/ MizzimaDaily/photos/a.320351647999747/6534685893232927/

၃။         ဘားအံခရိုင်ရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး
             March 23, 2023

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ဘားအံခရိုင်ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ကရင်နယ်ခြားစောင့် တပ် (BGF) တပ်စခန်း နှစ်ခုသည် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရပြီး ရှစ်ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဘားအံခရိုင်၊ ကမာမောင်း- ဝါးဘိုးတော ကားလမ်းပေါ်ရှိ ညောင်ကုန်းကျေးရွာတွင် တပ်စွဲ ထားသော BGF တပ်နှင့် စစ်ကောင်စီတပ်စခန်း နှစ်ခုသည် ယမန်နေ့ နံနက် ၆ မှ ၈ နာရီအထိ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။  “ညောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ BGF နဲ့ စကစ စခန်းနှစ်ခုလုံး အတိုက်ခံရတာ၊  မနက် ၆ နာရီ ကနေ ၈ နာရီလောက်ထိပါ၊ စစ်ကောင်စီဘက်က ရှစ်ယောက်သေ၊ ၁၅ ယောက် ဒဏ်ရာရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်ကုန်းကျေးရွာတွင် တပ်စွဲထားသော ကရင်နယ်ခြားစောင့်တပ် (BGF) စခန်းနှင့် စစ်ကောင်စီတပ်စခန်း နှစ်ခု ပေါင်း အင်အား ၄၀ ခန့်ရှိပြီး နှစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများကပြောသည်။ သို့သော်လည်း အဆိုပါ တပ်စခန်း နှစ်ခုအား မည်သည့်တပ်ဖွဲ့က လာရောက်တိုက်ခိုက်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။  ကရင်နယ်ခြား စောင့်တပ် (BGF) သည် စစ်ကောင်စီတပ် လက်အောက်ခံ မဟာမိတ် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ကရင် ပြည်နယ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီးတိုက်ခိုက်မှုများဆောင်ရွက်နေသည်။ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ဖာပွန်နှင့် ကော့ကရိတ် ဒေသရှိ စစ်ကောင်စီ တပ်များ၊ BGF တပ်စခန်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ နုတ်ထွက်ကြရန် ၂၀၂၂ ခုနှစ်အတွင်း KNU လက်အောက်ခံ KNLA တပ်မဟာများက အသီးသီး ထုတ်ပြန်မှုများ ရှိခဲ့သည်။ https://www.facebook.com/MizzimaDaily/ photos/a.320351647999 747/653471 2513230265/

၄။         ပူတာအိုအနီး စစ်ရေးတင်းမာနေပြီး ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကို ဒေသခံများစိုးရိမ်နေ
            March 22,2023

ပူတာအိုမြို့ အနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ တို့ကြား စစ်ရေးတင်းမာ နေသဖြင့် တိုက်ပွဲပြင်းထန်ကာ ထပ်မံ ထွက်ပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မချန်းဘော ခလရ ၁၃၇၊ ၁၃၈ တပ်ရင်းမှ  စစ်အင်အား ၁၂၀ ဝန်းကျင်ခန့်သည် လုံရှာယန်ဘက်သို့ ဆင်းလာပြီး မတ်လ ၁၅ ရက် နောက်ပိုင်း မြစ်ကြီးနားဘက်မှ တက်လာသည့် စစ်အင်အား ကျော်ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည်လည်း လက်ရှိတွင် လုံရှာယန်နှင့် ဖတ်မာ ကျေးရွာအနီးတဝိုက် ရောက်ရှိနေပြီဟု ဒေသခံများပြောသည်။ “မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ အဖွဲ့ တွေက စစ်ကြောင်း ၃ ခုနဲ့ ပူတာအိုဘက်ကိုတက်လာကြတာဟုတ်တယ်။ အဲ့အဖွဲ့တွေက ပူတာအိုဘက်ကိုလည်း ကျော်လို့မရ သွားရင်လည်း KIA၊ PDF အဖွဲ့တွေက ကြားတိုက်တာတွေရှိတဲ့ အတွက် အဲ့ဒီကျေးရွာအနီးတဝိုက်တွေမှာ ပုန်းခိုနေကြတာဟုတ် တယ်။ အဲ့ကြောင့် ကျနော်တို့ ဒေသခံတွေက မနှစ်တုန်းကလို တဖန်တိုက်ပွဲတွေပြန်ဖြစ်လာကြမှာကို စိုးရိမ်နေကြတယ်” ဟု လုံရှာယန်ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားဘက်မှ တက်လာသည့် စစ်ကြောင်းနှင့် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်း ၂ ခုပေါင်း စစ်အင်အား ၂၀၀ ကျော်ရှိပြီး လက်ရှိ လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတဝိုက်တွင် တပ်ချထားသည်ဟု သိရသည်။ မတ်လ ၁၄ ရက်နေ့ မြစ်ကြီးနားဘက်မှ တက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ တို့မှ မြစ်ကြီးနားမြို့နယ် နှင့် ဆွမ်ပရာဘွမ့်မြို့နယ်ရှိ တယန်ဇွပ်၊ မိုင်ထောင်း၊ ဆွပ်ခါ၊ ကဝါးပန့် စသည့် နေရာများတွင် ၆ ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည့်အတွက် လက်ရှိအချိန်အထိ လုံရှာယန် နှင့် ဖတ်မာကျေးရွာတွင် ဒေသခံများကို အကာအကွယ်ယူကာ ကျေးရွာအတွင်းတပ်စွဲနေထိုင်လျက်ရှိနေပြီး မတ်လ ၂၀ ရက်နေ့ တွင် ပူတာအိုနှင့် မချမ်းဘောဘက်မှ စစ်ကူအဖြစ် စစ်အင်အားပြန်လည် တိုးချဲ့ထားခြင်း ဖြစ်သည်။ https://www.facebook. com/theKachinNews/photos/a.462 901870476228/5461096517323380/

၅။         ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး                         ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး
             March 24, 2023

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ ပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့ များတယ်ပေါ့။ ပေါင်းလိုက်ရင်တော့ သူတို့စထွက်ကတည်းက အခု ဆို ရာကဏန်းလောက်ရှိပြီပေါ့။ တစ်ရာဝန်းကျင်လောက်ရှိပြီပေါ့ ဘာဖြစ်လို့လဲဆိုရင် တချို့ဆိုရင် မိုင်းနှင်းပြီးတော့မှ သေတာ ရှိတယ်။ တိုက်ပွဲမှာ သေတာရှိတယ်။ တိုက်ပွဲဆိုတာက ရင်ဆိုင်တိုက်ပွဲရှိတယ်။ နောက်ပြောက်ကျားတိုက်ပွဲရှိတယ် ကြားဖြတ် တိုက်တာမျိုးရှိတယ်ပေါ့။ နောက်ကျဆုံးများတာကတော့ ကျနော်တို့ရဲဘော် မျက်မြင်ကိုယ်တွေ့ရှိတယ်။ တချို့ကဒဏ်ရာနဲ့ ဆေးရုံမှာ ထပ်သေတာ၊ လမ်းတစ်ဝက်မှာသေတာ အဲမျိုးတွေရှိတာပေါ့။”လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီးခူညေးရယ် က ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီကျဆုံးမှုတွေမှာ ၃ ပွင့် အဆင့်ရှိ ဗိုလ်တွေလည်း ပါဝင်တယ်လို့ KNDF တပ်ရင်း (၉) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ထုတ်ပြန်ထားတာ ရှိပါတယ်။ (၂) ပတ်ကျော် တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ ဖက်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၀) မှ ရဲဘော် (၂) ဦး ၊ ကရင်နီတပ်မတော်မှ ရဲဘော် (၁)ဦး နဲ့ နေပြည်တော်PDF ရဲဘော် (၁)ဦး တို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း မှာတော့ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ်ရေးအခြေ အနေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ထိတွေ့တိုက်ပွဲက ဖြစ်နေတုန်းမလို့ ကျနော်တို့ သတင်းထုတ်ပြန်တာတွေလည်း မလုပ်သေးဘူးပေါ့။ လောလောဆယ်တော့ ကျနော်တို့ စစ်ရေးအခြေအနေအရ ပြောလို့မရသေးတဲ့ အနေအထားဖြစ်တယ်ဗျ။“ လို့ ဆိုပါတယ်။  ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးကာလအတွင်း ဒေသခံလူထုတွေရဲ့ နေအိမ်တစ်ရာဝန်းကျင် မီးလောင်ပျက်စီးတာ ရှိနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့  ဒါရိုက်တာ ဦးဗညား ကပြောပါတယ်။ “ ဒေါတငူးဖက်ကနေ သူတို့ ပြန်ဆုတ်ပြီးတော့မှ ဗက်သလင် တို့ ဇီးဖြူကုန်းတို့ဖက်ကို သူတို့ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီပြန်ဆုတ်ပြီး အဲဒီဖက်မှာ မီးခိုးထွက်တာတွေ့ရတယ်။ လောင် တဲ့ ပုံစံကိုသူတို့တွက်ကြည့်တယ်ပေါ့ တချို့ကအိမ်ခြေ ၇၀ လို့ပြောတယ်။ တချို့က ၅၀ နဲ့အထက်ပေါ့နော လောင်တဲ့ပုံစံကိုကြည့် ပြီးတော့အနည်းဆုံး ဘယ်လောက်ပါလဲဆိုတာ ကျနော်တို့ တွက်လို့ရတယ်လေ။ အဲဒါက တစ်နေရာဖြစ်တယ်။ ဒေါတမကြီး အုပ်စုထဲမှာတော့ အခုချိန်ထိပေါ့ ပျက်စီးနစ်နာသွားတဲ့ အိမ်ခြေက ၅၀ ဝန်းကျင်ရှိတယ်ဆိုတာ ကျနော်တို့ တွက်ထားတယ်ပေါ့။ “ လို့ ဦးဗညား က ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%8 0%99%e1%80%b1%e1%8

၆။         ကျိုက်ထိုက စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် နှင့် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
            March 23, 2023

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ တပ်မ-၄၄ ဌာနချုပ် နှင့် စစ်ကောင်စီ သံတံတားဂိတ်တို့ တိုက်ခိုက် ခံရပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ တပ်မ- ၄၄ ဌာနချုပ်ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်မှာ  ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်- KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး TPDF – Drone တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး Drone ဖြင့်သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှု မှာ တပ်မ ၄၄ ဌာနချုပ် တပ်မမှူး နေအိမ်နှင့် ဌာနချုပ်ရုံးတို့ကို Drone ဖြင့်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း TPDF မှ သတင်းထုတ်ပြန်ထားပါတယ်။

ထို့အပြင် မတ်လ ၂၁ ရက်နေ့ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြားက သံတံတားဂိတ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း TPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ သံတံတားဂိတ်ကို KNLA၊ PDF ၊ KRF နှင့် TPDF ၏ drone တပ်တို့ ပူးပေါင်းပြီး နံနက် ၁၀ နာရီ နှင့် ညနေ ၆ နာရီတို့ မှာ ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။  ယခု မတ်လအတွင်းမှာ မွန်ပြည်နယ်က စစ်ကောင်စီ တပ်ရင်း၊ တပ်မနှင့် တိုင်းစစ်ဌာနချုပ်တွေ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။  မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။ https://www.facebook.com/lagoneainbulletinmo n/photos/a.107682038109836/519945626 883473/

၇။        ကန်ပက်လက်မှာ လူသုံးရာခန့် ဝမ်းရောဂါဖြစ်၊ ကလေးငယ် သုံးဦးသေဆုံး
            March 24, 2023

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်က ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ  ဒေသခံ သုံးရာနီးပါး ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီး အဲဒီအထဲက လသားအရွယ်ကလေး သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  ဝမ်းရောဂါနဲ့ သေဆုံးသွားတဲ့ ကလေးငယ် သုံးဦးဟာ အမ်ပုံ၊ စမ္မသား၊ ငုံလောင်း စတဲ့ကျေးရွာတွေကဖြစ်ပြီး မတ်လ ၁၃ ရက်က နေ မတ်လ ၁၈ ရက်နေ့အတွင်း သေဆုံးသွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ” ရွာမှာဖြစ်တာများတာ။ တစ်နှစ်အောက် ကလေးတွေနဲ့ တစ်နှစ်ကနေ ဆယ်နှစ် ကလေးတွေမှာ ဝမ်းလျှောဝမ်းပျက်ဖြစ်တာများ တယ်။ လူကြီးတွေ ဖြစ်ကြတယ်။ ဝမ်းလျှောဝမ်းပျက်တာကြောင့် အဖျားဝင်ပြီး နမိုးနီးယားလည်း ဖြစ်နေကြတယ်။ တစ်နှစ် အောက်ကလေး သုံးယောက် သေတယ်” ဝမ်းလျှောဝမ်းပျက်ဖြစ်တာ တစ်နှစ်အောက် လသားအရွယ် ကလေးငယ် အယောက် ၅၀ ကျော်နဲ့ တစ်နှစ်ကနေ ၁၀ နှစ်အကြား ကလေး ၁၅၀ ယောက်ရှိနေပြီး အသက်ကြီးပိုင်း လူကြီးတွေ ဝမ်းလျှောဝမ်းပျက် ဖြစ်တာ အယောက် ၁၀၀ နီးပါး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့တဲ့ အပတ်လောက်ကစလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ကလေးနဲ့ လူကြီး စုစုပေါင်း ၃၀၀ ခန့်ရှိနေတယ်လို့ ပြောပါတယ်။ ဆေးဝါးမလုံလောက်မှုကြောင့် ဆေးကုသရာမှာ အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံ တွေက ဆိုပါတယ်။ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတာကြောင့် ကျန်းမာရေး အရေးပေါ်အခြေနေမျိုးမှာ အဆက်အသွယ်အခက်အခဲဖြစ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းကလည်း ကန်ပက်လက်မြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိလို့ လသားအရွယ် ကလေးငယ် ခုနစ်ဦးနဲ့ သက်ကြီးအရွယ်အို ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebo ok.com/photo/?fbid=592910616203678&set=a.583637430 464330

၈။        ကွီလုံးတိုင် ခံစစ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
           March 24, 2023

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေး ကျေးရွာအုပ်စု ကွီလုံးတိုင်ရွာသစ်အနီးတွင် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ပြောသည်။ တိုက်ခိုက်ခံရ သော စစ်ကြောင်းသည် စကခ (၁၃)  လက်အောက်ခံ ခမရ ၅၆၁၊ ခမရ (၄၃၂) ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး ကာကွယ် ရေးတပ်ဖွဲ့များဖြစ်သော နဂါးနီစစ်ကြောင်း၊ S.O. F၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၁၆ နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ခိုက် ခဲ့သည်။ ကြာချိန် ၂ နာရီခန့်ရှိသော ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှလည်း လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “သူတို့က ဆင်းလာတာ ပထမ ၁၆ ရက်နေ့တိုက်ပွဲဆိုတာ သူတို့ဆင်းလာတုန်းက ဖြစ်တာ၊ စခန်းထဲကိုတော့ သူတို့ရောက်သွားတယ်”ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ ယင်းနောက် မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကွီလုံးတိုင်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆန်အိတ်၂၀ ကိုလည်း အဓမ္မယူဆောင်သွားသည်ဟု သိရသည်။

ထို့ပြင် ထီးသဘျူဖိုးခီး ကျေးရွာအတွင်းရှိ ဈေးဆိုင်သုံးဆိုင်မှ ငွေကျပ် သိန်း ၃၀ ခန့် တန်ဖိုးရှိသော ပစ္စည်းများကို စစ်ကောင်စီတပ်မှ မွှေနှောက်ကာ ယူဆောင် သွားကြောင်းလည်း ဒေသခံများက ဆိုသည်။  “သူတို့ ခံစစ်စခန်းရှိတယ်၊ အဲ့စခန်းက လူအင်အားလဲ နည်းနေပြီ၊ ကျနော်တို့က စနိုက်ပါနဲ့ ပစ်ထားတော့ အဲ့အပေါ်မှာ လူနာတွေလဲရှိတယ်၊ စခန်းကိုလဲ ရိတ်က္ခာဖြတ် ထားတာ” ဟု  နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ ယင်းစစ်ကြောင်းကို မတ်လ၂၁ ရက်နေ့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တောင်ကလေးကျေးရွာ အနီးတွင် နံနက် ၅ နာရီမှ စတင်ကာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။ “လူနာတွေပြန်သယ်တာ၊ ပြန်သယ်ပြီးတော့ အပြန်မှာ ကျနော်တို့က ပြန်တိုက်တာ” ဟု  နဂါးနီစစ်ကြောင်း က ပြောသည်။ ဝိုင်းဝန်းတိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်မှ အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် သုံးကြိမ်၊ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ပူပေါင်းတပ်ဖွဲ့က ပြောသည်။ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဘာသာရေး အဆောက်အဦးအချို့ ပျက်စီးခဲ့ကာ နံနက်၅ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ သည်။ https://www.facebook.com/M izzimaDaily/photos/a.320351647999747/6537540866280763/

၉။         ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းမှ စစ်ရှောင် ၃၀၀ ကျော် အလှူရှင်မရှိ
            March 23, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ရှောင်ဦးရေ ၃၀၀ ကျော်အတွက် အလှူရှင် ပြတ်တောက်နေကြောင်းသိရှိရသည်။ သျှမ်း-ကယား(ကရင်နီ) နယ်စပ် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် လွယ်ကြိန်း ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ  ၃၂၀ ကျော်အတွက် လက်ရှိမှာ စားနပ်ရိက္ခာထောက်ပံ့ ပေးမည့်သူ မရှိ၊ ၃ လနီးပါးကြာ အလှူရှင်ပြတ်တောက်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး ကပြောသည်။ “ အဓိကတော့ စားဝတ်နေရေးတွေ လိုအပ်တာပေါ့။ ဆန်၊ ဆီ၊ ဆား တွေလိုအပ်တယ်။ အခုက အလှူရှင်မလာတာ ၃ လလောက်ရှိပြီ။ နေ့တိုင်း နေ့စားအလုပ်နဲ့ဘဲ ဖြတ်သန်းပြီး ရလာတဲ့နေ့စားခနဲ့ဘဲ ဝယ်စားရတယ်။ တချို့အသက်ကြီးတဲ့သူတွေက အလုပ်မလုပ်နိုင်တော့ နေ့စားမသွားနိုင်ဘူး။ သူတို့တွေတော့ တစ်ခါတလေ ဘုန်းကြီးကျောင်းက စွန့်ပေးတဲ့ဟာတွေဘဲ စားရတာပေါ့”ဟု ၎င်းက အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်များကို ထောက်ပံ့ပေးနေသည့် အလှူရှင်များ ပြတ်တောက်သွားသောကြောင့် စစ်ရှောင်ဦးရေ ၃၀ ခန့်သည် ဘုန်းကြီးကျောင်းမှ လှုဒါန်းထားသော စားနပ်ရိက္ခာများကို စွန့်ပြီး စားသုံးနေရကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်သည့် အချိန်ကာလမှာ ဒေသတွင်း သွားလာရန် ခက်ခဲနေသော ကြောင့် အလှူရှင်ပြတ်တောက်သွားသည့် လွယ်ကြိန်းဘုန်းကြီးကျောင်းမှ စစ်ရှောင်စခန်းအပြင် ဗန်းမောက်ရွာရှိ စစ်ရှောင်များ မှာလည်း စားနပ်ရိက္ခာ ထောက်ပံ့ပေးသူ အလှူရှင် လိုအပ်နေကြောင်း သိရသည်။ “ ဗန်းမောက်ရွာဘက်ကလည်း စစ်ရှောင်တွေ အများကြီးရောက်နေတယ်။ သူတို့လည်း အလှူရှင် မရှိဘူး။ စားနပ်ရိက္ခာတွေ၊ နေရာ အထိုင်အခင်းတွေ၊ ဆောင်တွေ အကူညီ အမျိုးမျိုး လိုအပ်နေတယ် “ ဟု လွယ်ကြိန်းဒေသခံ တစ်ဦးကပြောသည်။ လွယ်ကြိန်းဘုန်းကြီး ကျောင်းသည် ပင်လောင်းမြို့ နှင့် ၂၅ မိုင် ကွာဝေးပြီး တိုက်ပွဲဖြစ်သည့် နမ့်နိန်းကျေးရွာ နှင့် တစ်တောင်ခြားထားကြောင်း သိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ဗန်းမောက် ကျေးရွာတွင် စစ်ရှောင်ဦးရေ ၇၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။  https://www.facebook.com/shannewsburm ese/photos/pcb.6052642148161511/60 52641574828235/

၁၀။      ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းပြီး ဒုက္ခသည်များကို အဓမ္မနေရပ်             ပြန်ခိုင်း
           March 23, 2023

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိ စစ်ဘေးရှောင်စခန်း အပါအဝင် စခန်း ၃ ခုကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းခိုင်းထားပြီး စစ်ဘေးရှောင်တွေကို အတင်းအဓမ္မ နေရပ်ပြန်ကြဖို့ ဖိအားပေးထားတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတွေဆီက သိရပါတယ်။ စခန်းတာဝန်ခံတဦးက “မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်း ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ မနေ့က လာပြောသွားတာ။ စခန်းတွေ ဖြိုပြီးတာနဲ့ နေရပ်ပြန်ကြဖို့ အမိန့်ပေး သွားတာ”လို့ ပြောပါတယ်။ ဖျက်သိမ်းပြီး အတင်အဓမ္မ နေရပ်ပြန်ဖို့ ဖိအားပေးခံနေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မဟာမုနိ စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနဲ့ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြောင်း စစ်ဘေးရှောင်တွေထံက သိရပါတယ်။ “သူတိုကတော့ နေရပ်ပြန်တဲ့ စစ်ဘေးရှောင် အိမ်ထောင်စုကို ငွေကျပ် ၆ သိန်းနဲ့ သုံးလစာ ရိက္ခာထောက်ပံ့ပေးသွား မယ်လို့ ပြောတယ်” လို့ စစ်ဘေးရှောင်တဦးက ​ပြောပါတယ်။ စစ်ဘေးရှောင်အများစုကတော့ နေရပ်ပြန်ချင်ကြပေမဲ့ စစ်ကောင်စီ ကရပ်ရွာအနီး စစ်ကျန်လက်နက်နဲ့မြေမြှုပ်မိုင်းတွေရှင်းလင်းမပေးသေးတဲ့အပြင် ကျေးရွာအနီးတပ်စွဲထားတာကြောင့် လွတ်လပ် စွာသွားလာလုပ်စားခြင်းမပြုနိုင်ဘဲ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့လာမှာကို စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတာပါ။

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်က စစ်ဘေးရှောင်ဦးရေ ၁,၁၇၀ ကျော် နေရပ်ပြန်ဖို့ စာရင်းပေး ထားပေမဲ့ လက်ရှိ စစ်ကောင်စီမှာ ဘတ်ဂျက်မရှိသေးတာကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၄၄ စုကို ပထမဆုံး နေရပ် ပြန်ခိုင်းနေတာဖြစ်တယ်လို့ ကျောက်တော်မြို့မှ စစ်ကောင်စီအဖွဲ့ဝင်တဦးက ဆိုပါတယ်။ စစ်ကောင်စီက ဖိအားပေး နေရပ်ပြန် ခိုင်းထားတဲ့ မဟာမုနိ စစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၄၄၃ စုက ၄၂၆ စု နေရပ်ပြန်ကြမှာဖြစ်ပြီး ကျန် ၁၇ စုကတော့ မဖျက် သိမ်းသေးတဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်သွားမှာဖြစ်ပါတယ်။ အလားတူ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၆ စုရှိကာ ၉ စုမှာ နေရပ်ပြန်မှာဖြစ်ပြီး ကျန် ၁၇ စုကတော့ အနီး အနားရှိ သိမ်ပြင်ကျောင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်သွားမှာဖြစ်ပါတယ်။ ရှမ်းရွာစစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၄၃ စုရှိပြီး သူတို့အားလုံး မိမိနေရပ်ကို ပြန်ကြမှာ ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတွေထံက သိရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂ဝ၁၈၊ ၂ဝ၁၉၊ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော် အထိ ရှိခဲ့ပြီး လက်ရှိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၆၀,၀၀၀ ကျော် ရှိနေသေးကြောင်း ထွေအုပ်စာရင်းတွေအရ သိရပါတယ်။ https://burmese.dvb .no/archives/584911

၁၁။      ရွှေကူနယ်တွင် စစ်ကြောင်းဝင်ရောက်ထိုးနေသဖြင့် ရွာသားတစ်ချို့ထွက်ပြေးတိမ်းရှောင်နေရ
           March 23, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးတဝိုက်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ကျေးရွာနေပြည်သူတစ်ချို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိ ရသည်။ ယနေ့နံနက်ပိုင်းမှစတင်ပြီး ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ဝင်ဝ၊ ငှက်တံတား၊ စီသာရွာ စသည့်ကျေးရွာများ ဘက်တွင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းဝင်ရောက်လာသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွှေကူလေးလမ်းဆုံမှာလာချသွားတာပါ့။ မနက်အစောကြီးမျက်စိရှေ့တင် လာချ သွားတာ ၁၀၀ ကျော်လောက်တော့ရှိတယ်။ စစ်သားတွေကိုကားနဲ့လာချပြီး အဲ့ကနေခြေလျင်နဲ့ သူတို့က ရွာစင်တွေတစ် လျှောက်တော့ဝင်ထားကြပြီ”ဟုပြောသည်။ ယင်းစစ်ကြောင်းသည် တပ်မ ၇၇၊ တပ်မ ၁၀ တို့ပူးပေါင်းတပ်တို့ဖြစ်ကြသည်ဟု သိရပြီး မံဝိန်း နှင့် စီသာကျေးရွာဘက်တွင်တစ်ကြောင်း၊ ဝင်ဝရွာဘက်တစ်ကြောင်း၊ ငှက်တံတားရွာဘက်သို့တစ်ကြောင်း သုံးကြောင်းခွဲ၍ လှည့်လည်စစ်ကြောင်းထိုးနေကြောင်းသိရသည်။

လက်ရှိ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ရွှေကူအရှေ့ဘက်ခြမ်းရှိကျေးရွာနေပြည်သူများသည် စစ်ကြောင်းဝင် ရောက်ရှိသေးသည့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းအရင်းအမြစ်က ဆက်ဆိုသည်။ “ရွာသားတွေကတော့ပြေးနေကြတယ်။ ရွှေကူနဲ့နီးတဲ့ရွာတွေကတော့ဒီဘက်တွေကိုရောက်ခဲ့ကြပြီ။ မနက်ကတည်းကရောက်ခဲ့ ကြတာ တချို့တော့လည်းစစ်ကြောင်းနဲ့လွတ်တဲ့ရွာတွေဘက် ထွက်ပြေးနေတယ်”ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ များသည် ကျေးရွာများအတွင်းသို့ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်ကာ ဝင်ရောက်လာကြပြီး စစ်ကြောင်းတစ်ချို့မှာ ရွာဘုန်းကြီးကျောင်းများတွင် တပ်စွဲထားသည်ဟု သိရသည်။ လက်ရှိ စစ်ကြောင်းဝင်ရောက်နေသည့် ကျေးရွာများမှာ ရွှေကူမြို့ ပေါ်မှ ၈ မိုင်၊ ၉ မိုင်ခန့် အကွာတွင်ရှိပြီး အိမ်​ခြေ ၂၀၀ ဝန်းကျင်တွင်ရှိသည့်ကျေးရွာများဖြစ်သည်။ https://burmese.kachinne ws.com/2023/03/23/az4-7/

၁၂။       ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့
            March 23, 2023

ကရင်နီပြည် ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ် တစ်ချို့ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေကပြောပါတယ်။ “ကျနော်တို့ ဘောလခဲအခုလက်ရှိကတော့ ဘောလခဲ ကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ ပစ်ခတ်တာကြောင့် နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။ ဘာသာရေးအဆောက် တချို့တော့ ပြိုကျပျက်စီးတာတွေရှိတော့ လူတွေလည်း တစ်ယောက်မှ မနေရဲကြတော့ဘူး။ အထူးသဖြင့်ကတော့ မိုင်းထမ်း အုပ်စုပေါ့။ မိုင်းထမ်းရယ်။ ရေနီပေါက်ရယ်။ ဝမ်ချယ်ရယ်။” လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျေးရွာ အတွင်းပြန်နေထိုင်လို့မရသေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ရေနီပေါက်ကျေးရွာအနီးက ကြိုးတံတားပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာ တိုက်ပွဲဖြစ်ပွား ခြင်းမရှိတော့ပဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဟိုဝမ်ကျေးရွာကို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာ တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ ကျေးရွာသုံးရွာက လူဦးရေ တစ်ထောင်ဝန်းကျင်ဟာ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ရက်မှာလည်း စစ်ကောင်စီဘက်က ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေး မေးမြန်းမှုတွေလုပ်ပြီးတဲ့နောက် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ကလည်း ရေနီပေါက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ရေးအခြေအနေ တင်းမာနေပြီး ဘောလခဲ-ဖားဆောင်း လမ်းမကြီးနဲ့ ဘောလခဲ-ရွာသစ်လမ်းမကြီးကို သွား လာခွင့် ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် အဲဒီလမ်းကို အသုံးပြု နေတဲ့ ပြည်သူတွေရဲ့ အသက်ဘေးအန္တာရာယ်ကို ထိခိုက်စေနိုင်တဲ့အတွက် ပိတ်ထားရတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.kantarawaddytimes.o rg/%e1%80%9b%e1%80%b1%e1%80%94%e1%80%ae%e1 %80%95%e1%80

၁၃။      KNDF မှ ရဲဘော် နှစ်ဦး တိုက်ပွဲတွင် ကျဆုံး
           March 24, 2023

ကရင်နီပြည်သို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ခုခံတိုက် ခိုက်ရင်း KNDF တပ်ရင်း အမှတ် (၁၀) မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း KNDF ထံမှသိရသည်။ “မတ်လကနေစပြီး ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်ကို စစ်ကြောင်း သုံး ကြောင်းနဲ့ ထိုးစစ်ဆင် လာတဲ့ အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း အမှတ် (၁၀) ရဲ့ ရဲဘော်တွေဖြစ်တဲ့ ရဲဘော် ခူးဦးရယ်နဲ့ ရဲဘော် နိုရယ် ကျဆုံးခဲ့ပါတယ်” ဟု KNDF ကဆိုသည်။ ရဲဘော် ခူးဦးရယ်မှာ မတ်လ ၂၁ ရက် တိုက်ပွဲအတွင်လည်ကောင်း၊ ရဲဘော် နိုရယ် မှာ မတ်လ ၂၂ ရက် တိုက်ပွဲတွင်လည်းကောင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာ တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော် နှစ်ဦးကို အာဇာနည် သူရဲကောင်း အဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင် ထားမည်ဟု KNDF တပ်ရင်းအမှတ် (၁၀) က ဆိုသည်။ စစ်ကောင်စီတပ်သည် ယခုနှစ် ဖေဖော်ဝါရီလ မှစ၍ ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်နှင့် ဘောလခဲမြို့နယ် အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်းစစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ် ဆင်လျက်ရှိသည်။ စစ်အာဏာသိမ်းခဲ့သည့်အချိန်မှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည် တွင် တိုက်ပွဲပေါင်း ၆၀၀ နီးပါးဖြစ်ပွားခဲ့ပြီး KNDF/PDF/KA ကျဆုံးသူ (၂၂၄ ) ဦး ကျဆုံးခဲ့ပြီးဖြစ် ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု-PKPF ထံမှသိရသည်။ https://www.facebook.com/p hoto/?fbid=596499675830898&set=pcb.596500379164161

၁၄။      ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နိုင်ငံရေးပါတီ မှတ်ပုံ ပြန်မတင်ဖို့ဆုံးဖြတ်
          March 23, 2023

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်နဲ့ အခြေအနေ အခက်ခဲ အမျိုးမျိုးကြောင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီအနေနဲ့ နိုင်ငံရေးပါတီမှတ်ပုံ ပြန်မတင်ဖို့ မတ်လ (၂၂) ရက် နေ့မှာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ CNLD ဥက္ကဌ ဦးငိုင်ဆာခ့် က “အခုလောလောဆယ်အနေနဲ့တော့  ပါတီမှတ်ပုံတင် ဖို့က မတင်ဖြစ်နိုင်သေးဘူးလို့ ကျနော်တို့သဘောထားရှိပါတယ်။ ချင်းပြည်နယ် ကိုးမြို့နယ်ထဲမှာ ပလက်ဝကလွဲရင် ရှစ်မြို့နယ် က စစ်အုပ်ချုပ်ရေးအမိန့်နဲ့ အုပ်ချုပ်နေတယ်။ တချို့မြို့နယ်က ဖုန်းလိုင်းဆက်သွယ်လို့မရဘူး နောက် ထန်တလန်မြို့နယ် လိုမျိုး ဆိုရင် ကျနော်တို့ CNLD မြို့နယ်ကော်မတီကို လုံးလုံး ဆက်သွယ်လို့ မရတော့ဘူး။ တွန်းဇံဘက်ကိုလည်း ဆက်သွယ်လို့မရ တော့ဘူး။ ဒီလို အခြေအနေတွေကြောင့် ဒီချင်းပြည်နယ်မှာ ပါတီအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေမှာလည်း အခက်အခဲ ရှိတယ်။ သွားရေးလာရေးခက်တယ်။ မြို့နယ်ကော်မတီထိုင်ဖို့တောင် ခက်ခဲနေတာပေါ့လေ” လို့ ပြောပါတယ်။

CNLD ဟာ ချင်းပါတီ (၃) ပါတီကို စုစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အပါအဝင်မဲဆန္ဒနယ် ၅၀ ကျော်ပါ၀င် ယှဉ်ပြိုင်ခဲ့ပြီး၊ ကိုယ်စားလှယ်တနေရာအနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ဦးငိုင်ဆာ့ခ် က“ကျနော်တို့က ပြည်ထောင်စု တ၀န်းလုံးအတွက် မှတ်ပုံတင်ခဲ့တဲ့ ပါတီဖြစ်တယ်။ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ ဥပဒေက- စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာ ရှိတဲ့ ချင်းအမျိုးသားတွေကို ထားခဲ့ပြီး မှတ်ပုံတင်ရမယ့် အနေအထားဖြစ်နေတယ်။ အဲ့ဒီဒေသက သူတွေရဲ့ ဆန္ဒကိုလည်း ဒီကော်မရှင်ပေးတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာလည်း စုစည်းနိုင်တဲ့ အနေအထားလည်း မရှိပါဘူး။” လို့ပြောပါတယ်။ မတ်လ ၂၂ ရက်နေ့အထိ စာရင်းအရ နိုင်ငံရေးမှတ်ပုံ ပြန်တင်တဲ့ ပါတီ ၃၃ ပါတီထိရှိလာပြီး၊ အဲ့ဒီအထဲမှာ ပြည်ထောင်စုတ၀န်းလုံးမှာ ပါ၀င်ယှဉ်ပြိုင်ဖို့အတွက် ၈ ပါတီနဲ့ ကျန်တဲ့ ၂၅ ပါတီကတော့ ပြည်နယ် အဆင့် ပါတီတွေဖြစ်ပါတယ်။ ရှမ်းနိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်း ပြန်လည် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။ https://www.facebook.com/photo/?fbid=603547098474292&set=a.273500801478925

၁၅။      မြစ်ကြီးနား-ဆော့လော်လမ်းရှိ စစ်တပ်ဂိတ်များက အဓမ္မ ငွေကြေး‌ကောက်ခံနေ
           March 24, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားကနေ ဆော့လော်မြို့ကိုသွားရာလမ်းတလျှောက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားပြီး တရားမဝင်အခွန်ကောက်ခံနေပါတယ်။ ဆော့လော်မြို့ကိုသွားရာ လမ်းတ လျှောက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်ထိုင်ရာဂိတ်တွေ အရင်ထက် ပိုမိုများ ပြားလာပြီး ငွေကြေးကောက်ခံနေတဲ့အတွက် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မော်တော်ယာဉ်မောင်းနှင်သူတဦးက“စစ်ဆေးရေးဂိတ်တိုင်းမှာ ပေးရတယ်။ ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ စစ်တပ်ဂိတ် ရောက်ရင် ပေးရတော့တာပဲ။ ဆီတပုံးပါရင် ၅,၀၀၀ ပေးရတယ်။ ဆန်တအိတ် ၃,၀၀၀ ပေးရတယ်။ အရင်ကလို လက်ဖက်ရည် ဖိုးဆိုပြီး ပေးလို့မရတော့ဘူး။ ကုန်ပစ္စည်း ဘာပါလဲဆိုတာ ကြည့်ပြီးပေးရတာ။ အဲ့လိုတွေပေးနေရတော့ ကုန်စည်တွေလည်း ဈေး တွေတအားမြင့်တက်သွားတယ်။ ဆော့လော်မြို့ကသူတွေလည်း ဈေးနှုန်းကြီးမြင့်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်”လို့ ပြော ပါတယ်။ မြစ်ကြီးနားမြို့ကနေ ဆော့လော်မြို့ကို စစ်ဆေးရေးဂိတ် ၂၀ ခန့်ကို ဂိတ်ကြေးပေးဆောင်ပြီး ဖြတ်သန်းနေရတဲ့အတွက် ဆော့လော်မြို့နယ်မှာ စက်သုံးဆီနဲ့စားသောက်ကုန်ပစ္စည်းတွေ အဆမတန်ဈေးနှုန်းမြင့်မားနေပါ တယ်။

ဆော့လော်ဒေသခံတဦးက “ဆော့လော်လမ်းမှာတင် ဂိတ်က ၂၀ ကျော်လောက်ရှိတယ်။ ဂိတ်တိုင်း ဂိတ်ကြေးပေးနေရ တော့ ပစ္စည်းတွေက ဆော့လော်မှာ မတန်တဆဈေးတွေ ဖြစ်သွားရော။ ဓာတ်ဆီတဘူး ၈,၅၀၀/၉,၀၀၀၊ ငွေတိုးဆန်တအိတ် တသိန်းကျော်နဲ့ ကြက်ဥတဖာ ၁ သိန်း ၂ သောင်း၊ ၁ သိန်း ၃ သောင်းလောက် ဖြစ်နေပြီ” လို့ ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ မြောက်ပိုင်းဒေသမှာရှိတဲ့ ဆော့လော်မြို့နယ်က ဒေသခံတွေဟာ အရင် ကိုဗစ်-၁၉ ရောဂါမဖြစ်ခင်ကာလက တရုတ်နိုင်ငံက ကုန်စည်နဲ့ စားသောက်ကုန်တွေ ဝယ်ယူသုံးစွဲခဲ့ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ကတဆင့် ကုန်ပစ္စည်း တွေ မှာယူသုံးစွဲရပါတယ်။ မြစ်ကြီးနားမြို့ကနေ ဆော့လော်မြို့သွားရာ လမ်းတလျှောက် ဗလမင်းထင်တံတား စုပေါင်းဂိတ်၊ ဝါရှောင်ဂိတ်၊ မန်ဝိန်းဂိတ်၊ မန်ဒေါင်ဂိတ်၊ ရှငေါ်ဂိတ်၊ ၅၉ မိုင်ဂိတ်၊ ရှမ်းကျော်ဂိတ်၊ ၄ မိုင်ဂိတ်၊ စုစည်း စစ်ကောင်စီဂိတ်၊ မက်လင်ကော်ဂိတ်၊ မလုံတုံဂိတ်နဲ့ တခြား အမည်မသိ စစ်ကောင်စီဂိတ် စုစုပေါင်း ၂၀ ကျော်ကို ဖြတ်သန်းသွားလာခွင့် ဂိတ်ကြေး ပေးဆောင်ကြရတာ ဖြစ်ပါတယ်။ https://burmese.dvb.no/archive s/585026

၁၆။      လားရှိုးမြို့နယ် အတွင်း လက်နက်ကြီး ပေါက်ကွဲ ရွာသား ၂ ဦး ပွဲချင်းသေ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ
           March 24, 2023

သျှမ်းပြည် လားရှိုးမြို့နယ် နားစောက်ကျေးရွာအုပ်စု ခုမ်စုံရွာ (ကုန်းဆုံရွာ) တွင် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေ ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၃  ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ခုမ်စုံရွာနေ ဒေသခံများသည် ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသော ယာခင်းအစပ် တောင်ပို့အနီးတွင် မပေါက်ကွဲသေးသည့် လက်နက် ကြီး တစ်လုံး တွေ့ရှိသဖြင့် ယာတဲအနီး သို့ သယ်သွားစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ရွာသား (၂) ဦး သေ ဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အသက် (၄၀) ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦး ပြောသည်။ “ထော်လာဂျီ ပေါ်မှာ ရွာသားစုစုပေါင်း (၁၀) ကျော်ရှိတယ်၊ အမျိုးသမီး ၅/၆ ယောက်လောက်ပါတယ်၊ တခြား သူတွေက ထော်လာဂျီပေါ်က ဆင်းပြီး တော်တော်လှမ်းဝေးတဲ့ နေရာအရောက်မှာ လူငယ် (အမျိုးသား) ၄ ယောက်က နောက်ဆုံးမှ ဆင်း တာ၊ သူတို့ ဆင်းမယ် လုပ်တဲ့အချိန်မှာ လက်နက်ကြီးလည်း ပေါက်ကွဲတာပဲ၊ နှစ်ဦးက ပွဲချင်းပြီး သေတယ်၊ နောက်နှစ်ယောက် ကလည်း ပြင်းပြင်းထန် ထန် ဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ အချိန်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသည့် လူငယ်အမျိုးသား နှစ်ဦး အနက် တစ်ဦးက မျက်စိ တစ်ဖက် ဆုံးရှုံးရပြီး နောက်တစ်ဦးက ရင်ဘတ်တစ်ဝိုက် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ အဆိုပါ လက်နက်ကြီး ပေါက်ကွဲ မှုကြောင့် သေဆုံးရသည့် အမျိုးသားနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ နှစ်ဦးတို့သည် အသက် ၂၅ နှစ်မှ ၃၀ ကြားရှိ လူငယ်များ ဖြစ်နေကြောင်းလည်း သိရသည်။ ထို့အပြင် လက်ရှိ ခုမ်စုံရွာတွင်း နှင့် အနီးတစ်ဝိုက်၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်ရှိနေ သေးသည့် အကြောင်း ဒေသခံများကပြောသည်။ “အခုမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေက ရွာနား တစ်ဝိုက်မှာ အများကြီး ရှိနေသေးတယ်၊ ဒါတွေက တိုက်ပွဲမှာမပေါက်ကွဲပဲ ကျန်နေတဲ့လက်နက်ကြီးတွေပေါ့၊ တိုက်ပွဲငြိမ်နေတာ တော့ တစ်ပတ်လောက် ရှိပြီ၊ စစ်ရှောင်တွေလည်း အိမ်တွေကို အကုန်ပြန် ရောက်ပြီ၊ ဒါပေမဲ့ မကွဲသေးတဲ့ လက်နက်ကြီး တွေက ရှိနေသေးတော့ စိတ်ပူနေရသေးတယ်” ဟု ၎င်းက ဆက်ဆိုသည်။ https://burmese.shannews.org/archives/33730

၁၇။      ၁၅၅ နှစ်ပြည့် ဂေဘားအမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်
           March 24, 2023

၁၅၅ နှစ်ပြည့် ဂေဘားအမျိုးသားနေ့ အခမ်းအနားတစ်ခုကို မနေ့မတ်လ ၂၃ ရက်နေ့က ကရင်ပြည်နယ် ၊ လိပ်သိုမြို့နယ်၊ သဲပျော်အထက်ကျေးရွာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂေဘားအမျိုးသားနေ့ အခမ်းအနားမှာ လူဦးရေ ၅၀၀ နီးပါး တက်ရောက် ဂုဏ်ပြုခဲ့ကြပြီး စတုတ္ထအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ ဂေဘားအမျိုးသားနေ့လည်း ဖြစ်ပါတယ်။ ဂေဘားလူမျိုးတွေရဲ့အ ကြောင်းပိုမိုသိရှိလာစေဖို့၊ ဂေဘားစာပေနဲ့ယဥ်ကျေးမှုတွေကိုပြန်လည်ဖော်ဆောင်နိုင်ဖို့ ဆိုတဲ့ရည်ရွယ် ချက်နဲ့ ဂေဘားအမျိုးသား နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ https://www.facebook.com/ photo/?fbid=651112487025813&set =pcb.651112863692442

၁၈။      ရခိုင်တွင် တိုက်ပွဲကာလအတွင်းပျက်စီးဆုံးရှုံးသွားသည့် နေအိမ်အများအပြား ပြန်လည်ဆောက်လုပ်နိုင်ခြင်းမ             ရှိသေး
           March 23, 2023

ရခိုင်တွင် တိုက်ပွဲကာလများအတွင်း လက်နက်ကြီးထိမှန်မှု၊ မီးလောင်မှုများနှင့်အတူ ပျက်စီးဆုံးရှုံးသွားသည့် နေအိမ် အများအပြားမှာ ပြန်လည်ဆောက်လုပ်နိုင်မှုမရှိဘဲ ရှိနေသေးကြောင်း သိရသည်။  ၂၀၁၉ မှ ၂၀၂၀ ခုနှစ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကာလအတွင်း ဆုံးရှုံးသွားသည့် နေအိမ်အရေအတွက် စုစုပေါင်း ၂၅၅၀ အထိရှိခဲ့ကြောင်း REC ၏ ပြုစုထားသည့် စာရင်းအချက်လက်များအရ သိရသည်။ ထိုအထဲမှ နေအိမ် ၃၀၀ ကျော်သာ ပြည်နယ်အစိုးရမှတာဝန်ယူ ဆောက် လုပ်ပေးခဲ့ပြီး ကျန်နေအိမ်များမှာ ကိုယ်ထူကိုယ်ထဆောက်လုပ်သည့်နေအိမ် အနည်းအကျည်းရှိပြီး၊ ပြန်လည်မဆောက်လုပ်နို င်သည့် နေအိမ်များမှာ အများအပြားရှိနေသေးခြင်းဖြစ်သည်။ အစိုးရမှ တာဝန်ယူဆောက်လုပ်ပေးခဲ့သည့် နေအိမ်များမှာ ‌မင်းပြားမှ ဖားပြိုကျေးရွာ၊ မြောက်ဦးမှ လက္ကာကျေးရွာ၊ ကျောက်တော်မှ ဘုရားပေါင်း၊ တောင်ပေါက် စသည့် ကျေးရွာများ ဖြစ်သည်။ ပြန်လည်ဆောက်လုပ်မပေးသည့် နေအိမ်များမှာမူ ရသေ့တောင်မြို့နယ်မှ အမျက်တောင်၊ မညှင်းတောင်၊ ကြိမ်သာ၊ ကျောက်တန်း၊ ငတောက်တူချေ၊ ဆောက်ခတ်၊ ဘူးသီးတောင်မှ ဥယျာဉ်သာ စသည့်ကျေးရွာများဖြစ်ပြီး ထိုအထဲမှအများ အပြားမှာ စစ်ကောင်စီတပ်များသည် ရွာထဲတွင် တပ်စွဲနေထိုင်းခြင်းများ ရှိနေကြသည်။ 

နေအိမ်မဆောက်လုပ်နိုင်သည့် အခြေနေနှင့်ပတ်သက်၍ ကျောက်တန်းမှ ဒေသခံတစ်ဦးက “နေအိမ်ပြန်မဆောက်နိုင် ဘူး။ ဒီတော့ စစ်ဘေးရှောင်စခန်းမှာပဲနေရတယ်။ ‌တောင်းဆိုတာတွေဘာတွေလည်း သိပ်မလုပ်ချင်ဘူး။ ဖိအားတွေရှိလာမှာ လည်းစိုးတယ်”ဟု ပြောသည်။ ယင်းအပြင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်းကလည်း ‌လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံ ရမှုတို့ကြောင့် ပုဏ္ဏားကျွန်းမှ ဆင်အင်းကြီး၊ ဘူးသီးတောင်မှ သပိတ်တောင်၊ မောင်တောမှ ဖားဝပ်ချောင်း စသည့်ကျေးရွာများမှ နေအိမ်ဆုံးရှုံးမှုတို့ရှိခဲ့သည်။ ထိုသို့ဆုံးရှုံးမှုရှိခဲ့သည့် နေအိမ်များကို ပြည်နယ်စစ်ကောင်စီပိုင်းမှ တစ်စုံ တစ်ရာတာဝန်ယူ ဆောက် လုပ်ပေးခြင်းမရှိသေးဟု ဆင်အင်းကြီးမှ နေအိမ်ဆုံးရှုံးသူတစ်ဦးက ပြောသည်။ “အိမ်က ပြာပုံပဲကျန်ခဲ့တာ။ မီးမကျွမ်းနိုင်တဲ့ ဟာတွေ တစ်ပိုင်းတစ်စပဲရတယ်။ အခုဝါးတဲလေးတွေကိုယ်စီ ဆောက်နေကြရတာပဲ။ ဘာတာဝန်ယူမှုမှ မရှိလာဘူး” ဟု ပြော သည်။ ရခိုင်တွင် အရပ်ဘက်အဖွဲ့အစည်းများစာရင်းအရ စစ်ဘေးရှောင် ရှစ်သောင်းကျော်ရှိနေသည့်အထဲက စစ်ကောင်စီ ၏စာရင်းအရ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင် နှစ်သောင်းနီးပါးကျော်ရှိကြောင်း သိရသည်။ https://www.facebook.co m/westernnewsagency/photos/pcb.73429827 5043346/734297368376770/

၁၉။      ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ
           March 23, 2023

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂ နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါး မှုပြဿနာကို ပိုမိုခက်ခဲစွာရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေသိရှိရပါတယ်။ မိုးရာသီမှာသိုလှောင်ထားတဲ့ရေတွေမလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူ နေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်ကပြောပြပါတယ်။ “ အခက်အခဲတော့ ရှိတယ်ဗျ။ အများကြီးရှိတယ်ဗျ။ ဟို စစချင်းမှာတော့ ကျနော်တို့ဒီ စပြီးတော့မှရေရှား ဒီမိုးအကုန် ခံပြီးမှ ကျနော်တို့ ဒီရေလှောင် ကန်ကနေ ရပ်ကွက်အတွင်းမှာ ပို့ပေးတာတွေပေါ့နော။ အဲ့မှာတချို့ရပ်ကွက်တွေက ရေရတယ်။ ဒီတချို့ရပ်ကွက်တွေမှာကျ တော့ ရေမရဘူးပေါ့နော။ ပြီးတော့မှ အခက်အခဲကတော့ သူတို့အနေနဲ့ အဝေးကြီးသွားခပ်ရတယ်ပေါ့နော။ သူတို့ဒီတစ်ခြားသော ရေထွက်ပေါက်ရှိတဲ့နေရာ နည်းနည်းရေရှိတဲ့နေရာမှာ သူတို့သွားခပ်ရတာတို့ဘာတို့ အဲ့လိုမျိုးတော့ရှိတာပေါ့နော။ ” သောက်သုံး ရေရရှိဖို့ အချိန်အများကြီးပေးရပြီး ပင်ပင်ပန်းပန်းနဲ့ သွား ရောက်ခပ်ယူပေမယ့်လည်း လုံလုံလောက်လောက်မသုံးရဘူးလို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဆာဖော က ပြောပါတယ်။

“အခုက ရေကတစ်ပတ်မှ တစ်ခါပဲ လွတ်လာတယ်ဆိုတော့ အဲ့လိုမျိုး ရေကတန်းစီပြီးမှ ရေခပ်ရတယ်လေ။ ရပ်ကွက်ထဲ မှာဆို တန်းစီပြီးမှ ရေခပ်ရတယ်ဆို ကိုယ့်အလည့်ရောက်ဖို့ဆိုရင်တော အကြာကြီး စောင့်ရတယ်လေ။ အဲ့တာတစ်အိမ်ထောင်ကို နှစ်ပုံးပဲ ခပ်ရတယ်။ နှစ်ပုံးစီဘဲ ယူလာတယ်။ နောက်ပြီး အဲ့ဒီဟာ မလုံလောက်တော့ တစ်ခါတစ်လေ အဝေးကြီးသွားခပ်ရတယ် လေ။ အဲ့တာအဲ့လိုမျိုးသွားခပ်ရတယ်။ အသွားတစ်နာရီ ကြာမယ်ထင်တယ်။ အ‌ဒေါ်တို့က တောင်မတက်နိုင်ဘူးကော။ တက် လိုက်နားလိုက်တက်လိုက်နားလိုက် အကြာကြီးသွားရတယ် ရေတစ်ပုံးရဖို့အ‌ရေးက။” ယခုအချိန်ထိ ရေစုဆောင်းဖို့ ပြဿနာ ကြုံတွေ့နေရတဲ့ ဒေါ်ယူအေး က “သူများကတော့လှောင်ထားတယ်။ အမိုးကတော့မလှောင်ဘူး။ ပုံးနဲ့ဘဲလှောင်ထားသေးတယ် ပေါ့နော။ ရှေ့ဆက်ကတော့ဘယ်လိုလာမလဲ။ လှောင်မှာဘဲလေး။ ရေရှားလာပြီဆိုတော့ ပလတ်စတစ်အိတ်တွေ လိုက်ရှာဝယ်။ မရသေးဘူး။ ဒါပေမယ့်ရလို့ရှိရင်တော့ လှောင်ထားမယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းစီမံရေးမှူး ခွန်းရောဘတ် ကလည်း ရေရှားပါးမှုပြဿနာကို အုပ်ချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်ရာတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပြီး ငွေကြေး (Budget) အခက်အခဲ ကြောင့် အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတယ်လို့ ထပ်မံ ပြောပါတယ်။ အဲဒီ စစ်ရှောင်စခန်းဟာ ၂၀၂၁ ခုနှစ်က စတင်တည် ထောင်ခဲ့တာြဖစ်ပြီး လက်ရှိအချိန်ထိ အိမ်ခြေ ၄ ရာကျော်၊ လူဦးရေ ၃ ထောင်နီးပါး ရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်ဦးရေ တွေတိုးလာနေပြီး ရေလုံလောက်ဖို့အတွက် အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ သိရပါတယ်။ https://www.kantarawaddyti mes.org/%e 1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80

၂၀။       ကွတ်ခိုင်မြို့နယ် ရွှေတူးဖော်မှုကြောင့် လယ်ယာ စိုက်ပျိုးမှုအတွက် ရေများ ခမ်းခြောက်နေ
           March 23, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်  မိုင်းယုလေး နှင့် နမ့်ဖက်ကာကြား ရွှေတူးဖော်မှုကြောင့် ဒေသခံများ၏ လယ်ယာ စိုက်ပျိုးမှု အတွက် ရေများ ခမ်းခြောက်မှု ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။ မိုင်းယုလေး နှင့် နမ့်ဖက်ကာကြားရှိ နမ့်မောချောင်း တစ်လျှောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်း ကာလမှ စတင်ကာ ရွှေတူးဖော်မှုများ စတင် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် ရေများ ခမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။ “အဲ့နားတစ်ဝိုက်က လယ်တွေ တော့ ဒီနှစ်ထဲ စိုက်ပျိုးဖြစ်တော့မယ် မထင်ဘူး၊ ရေမရှိတော့ဘူးလေ၊ ကုမ္ပဏီ တွေက ရွှေတွေတူးနေတာ၊ စက်တွေနဲ့ လာတူးနေ တယ်လို့ သိရတယ်၊ အခုချိန်မှာ နမ့်မောချောင်းရဲ့ ရေက ခြေသလုံးလောက်ပဲရှိတော့တယ်”ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးက ပြောသည်။ အဆိုပါ နမ့်မောချောင်းသည် နမ့်ဖက်ကာနှင့် (၈)မိုင်ခန့်ကွာဝေးပြီး ရွှေတူးဖော်လုပ်ငန်းသည် တစ်ပတ် မှ တစ်ရက်နားကာ ချောင်းရေထဲ ‌ရွှေကျင်လုပ်ငန်းများ  အဆက်မပြတ် လုပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နမ့်မောချောင်းကို မှီခိုအားထားရသည့် ကျေးရွာများ အနေဖြင့် လင်လိုင်ရွာ၊ ဟိုခိုရွာ၊ မိုင်းယု၊ ပန်လော၊ မန်တုံ၊ ကုန်စုံ၊ ဟိုနားရွာ စသည့် ကျေးရွာများ ဖြစ်နေကြောင်း သတင်းသိရသည်။ “ဘယ်ကုမ္ပဏီက လာပြီး တူးနေတာလဲတော့ မသိဘူး၊ ရေတွေ ခမ်းခြောက် ရင်တော့ ဒေသခံတွေရဲ့ စားဝတ်နေရေး အပိုင်း ထိခိုက်လာတယ်၊ လယ်စိုက်ဖို့အတွက် မိုးရေတစ်ခုတည်း ကိုပဲ အားကိုးလို့ မရနိုင်ဘူးလေ၊ ဒါကြောင့် ဒီချောင်းရေသာ မရှိရင် မလွယ်ဘူး” ဟု အထက်ပါ အမျိုး သမီးက ဆက်ပြောသည်။ ကွတ်ခိုင်မြို့နယ်အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ အပြင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့များ သွားလာလှုပ် ရှားနေသော်လည်း ယခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်အထိ ပြုလုပ်သည့် ရွှေတူးဖော်မှုများကို တားမြစ် လုပ်ဆောင် ခြင်းမရှိသည့်အပြင် ရှယ်ယာပါဝင်ခြင်းလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။  https://www.facebook.com/sh annewsburmese/photos/pcb.60518429649080 96/6051842494908143/

၂၁။       ကရင်နီစစ်ရှောင်စခန်းများသို့ Clean Yangon အဖွဲ့က သွားရောက်ဆေးကုပေး
           March 24, 2023

ကရင်နီဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ရွေ့လျားဆေးခန်း (Mobile Clinic) အခမဲ့ ကုသတာနဲ့ အခြေခံလို အပ်ချက်တွေကို Clean Yangon အဖွဲ့က ဖြည့်ဆည်းပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။  တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေက သက်ကြီးရွယ်အို တွေ ကလေးငယ်တွေနဲ့ကိုယ်ဝန် ဆောင်မိခင်တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရွေ့လျားဆေးခန်းကို တပတ်မှာ ၃ ရက်ကနေ ၄ ရက်အထိ သွားရောက် ကုသပေးတယ်လို့ Clean Yangon ကတာဝန်ရှိသူ ကိုဇေယျာထွန်း က ပြောပါတယ်။ ကရင်နီပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် အခမဲ့ ရွေ့လျားဆေးခန်း ပြုလုပ်ပေးတာအပြင် စားနပ် ရိက္ခာမျှဝေတာ ပညာရေးဆိုင်ရာ အထောက်အကူပြု တာနဲ့ နေထိုင်ဖို့အိမ်တွေဆောက်လုပ်ပေးတာအပါအဝင်  ကလေးငယ်တွေအတွက်လည်း စိတ်ဓာတ် ခွန်အား မျှဝေပေးတာနဲ့ အာဟာရဒါန ကျွေးမွေးတောတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ကလေးငယ်အများစုဟာလည်း စိတ်ဒဏ်ရာတွေရနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို ပြုလုပ်ပေးဖြစ်လို့ Clean Yangon မှ မသဥ်ဇာအေးက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင် အရေ အတွက် တစ်သိန်းကျော်ထိ ကူညီပေးခဲ့ပြီး တစ်အိမ်ထောင် ကို ပျမ်းမျှ ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ဆန်၊ ဆီ ၊ဆား၊ ရိက္ခာနဲ့ အသုံးပြုဖို့ ရေကိုလည်း  စစ်ရှောင်စခန်းတွေကို လှူဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိနေပြီး ရေရှားပါးမှုကြောင့် အရေပြားရောဂါဖြစ်ပွားမှုဒဏ်ကိုလည် ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ https://burmese.dvb.no/archives/584977

၂၂။       အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုး မိမိကိုယ်ကို အဆုံးစီရင်ခဲ့
           March 24, 2023

ကရင်လူမျိုးတို့၏ အမျိုးသားရေး လက္ခဏာ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုသမိုင်းအကြောင်းအရာများကို အရှေ့ပိုးကရင် ဘာသာဖြင့် သီချင်းရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုးသည် ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် ၎င်း၏နေအိမ်၌ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်ဟု ကရင်အနုပညာရှင်များထံမှသိရသည်။ ကရင်ယဉ်ကျေးမှု အနုပညာအစည်း အရုံး-KCO နာယကတစ်ဦးဖြစ်သူ ဆရာစောဝင်းစိုး အသက် ၅၇ နှစ်သည် မတ်လ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီဝန်းကျင်အချိန်တွင် ၎င်းနေထိုင်သည့် ဖားအံမြို့ရှိနေအိမ်၌ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားပြီး သားဖြစ်သူ စောဆန်းမင်းဦး အသက် ၂၈ နှစ်ပါ ၎င်း၏ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

တေးရေး/တေးဆို စောကေဖိုးခွားက “ ဆရာက လက်ချည်ပွဲသီချင်းတွေ အခြားကရင်အမျိုးသား ရေးအ ကြောင်းတွေနဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကို သီချင်းရေးစပ်တယ်။ ဆိုလည်းဆိုတယ်။ ဗဟုသုတ စာပေလည်း ရေးတယ်။ သူခုလို လုပ်သွား လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ သူဆုံးသွားတာက ကရင် အနုပညာလောက ဆုံးရှုံးမှုတစ်ခုပါပဲ”ဟု ယနေ့ မတ်လ ၂၄ ရက်တွင် ပြောသည်။ ဆရာစောလပေါ်အွာ(ခ) စောဝင်းစိုးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် “ကျန်းမာရေး အခြေအနေကြောင့် အွန်လိုင်းကို အကန့်အသတ်မရှိ ရပ်နားထားပါတယ်” ဟု နောက်ဆုံးရေးသားခဲ့သည်။ ထို့အပြင် မူးယစ်ဆေးစွဲနေသည်ဟု ပြောဆိုကြသည့် ၎င်း၏သားအပြုအမူများကြောင့်သည်လည်း စိတ်ခံစားမှုများ နှစ်ရှည်ဖြစ်ပွားခဲ့ပြီးနောက် ယခုလို မိမိကိုယ်ကို အဆုံးစီရင်သွားသည့်အထိ ဖြစ်နိုင်သည်ဟု ၎င်းနှင့်နီးစပ်သည့် အသိမိတ်ဆွေများထံမှ သိရသည်။ စောလပေါ်အွာ နှင့် သားစောဆန်းမင်းဦးတို့အား ယနေ့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲအချိန်တွင် ဖားအံပြည်သူ့ဆေးရုံမှ ထန်းကိုးပင်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဟု နာရေးဖိတ်စာတွင် ဖော်ပြထားသည်။ သူသေဆုံး ချိန်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦး၊ သမီးတစ်ဦးကျန်ရစ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။ https://kicnews.o rg/2023/03/%e1%80%a1%e1%80%99 %e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1

၂၃။       စစ်ဘေးရှောင်စခန်းများမှ မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ
           March 23, 2023

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော မသန်စွမ်းသူများသည် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိနေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ငွေကြေး အခက်အခဲများကြောင့် ဆေးဝါးကုသခံယူမှုအပိုင်းတွင်လည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိပြီး ယင်းအထဲက မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းမှာ မိသားစု၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြသူများဖြစ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ “အခုက ခြေအ ကောင်း၊ လက်အကောင်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေမှာတောင် အလုပ်တစ်ခုရဖို့မလွယ် ဖြစ်နေတဲ့ကာလလေ။ ပြီးတော့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြရသူတွေဖြစ်တဲ့အတွက် ပိုပြီးခက်ခဲကြတယ်။ လက်ရှိမှာက စားနပ်ရိက္ခာထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရပါဘူး။ ဒါကြောင့် အခု မသန်စွမ်းတွေအတွက် လိုအပ်နေတာဆိုရင်တော့ ဆေးကုသ တာတွေအတွက် ငွေကြေးအကူအညီတွေ လိုအပ်နေပါတယ်။ နောက် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းလှအောင်က ပြောသည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းအတွင်း  ခြေ၊ လက်မသန်စွမ်းသူ၊ အမြင်နှင့် အကြားအာရုံ မသန်စွမ်းသူဦးရေ ၃၅ ဦးရှိကြောင်း သိရသည်။ ယင်းအထဲတွင် မွေးရာပါ ခြေ၊ လက်မသန်စွမ်းခြင်း၊ အမြင်နှင့်အကြားအာရုံ ချို့တဲ့သူဦးရေ ၂၉ ဦး၊ ကျန်းမာရေးအခြေအနေအမျိုးမျိုးကြောင့် လတ်တလောတွင် မသန်စွမ်းဖြစ်ခဲ့ရသူ ၄ ဦးနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ၂ ဦးပါ၀င်ကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်မှ ကဏန်းတောင်စစ်ဘေးရှောင်စခန်းတွင်လည်း မြေမြုပ် မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ၁ ဦးနှင့် မွေးရာပါမသန်စွမ်းသူ ၅ ဦးရှိကြောင်း သိရသည်။ မြေမြုပ်မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသည့် အမျိုးသားမှာ မိသားစုစားဝတ်နေရေးအတွက် တောတောင်အတွင်း ထင်းခုတ်၊ ဟင်းရှာသွားစဉ် မိုင်းနင်း မိခဲ့ခြင်းဖြစ်သည်။ မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက်ဆုံးရှုံးခဲ့ရသည့် ဦးဘရွှေက “အိမ်ထောင်ဦးစီးတစ်ယောက်က အခုလိုထိ ခိုက်သွားတော့ မိသားစုစားဝတ်နေရေးအတွက် အကုန်အခက်အခဲဖြစ်တာပေါ့။ ကျနော်ကလည်းမိုင်းနင်းမိပြီး ဘယ်ခြေထောက် ပြတ်သွားတော့ အလုပ်မလုပ်နိုင်တော့ဘူးလေ။ ကျောင်းတက်အရွယ်ကလေးရှိပေမယ့် အဆင်မပြေတော့လို့ ကျောင်းနားလိုက်ရ ပါတယ်”ဟု ပြောသည်။ ရခိုင်ပြည်က ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့များရှိ စစ်ဘေး ရှောင်စခန်းများတွင် မွေးရာပါမသန်စွမ်းသူများနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူများရှိနေပြီး စားနပ်ရိက္ခာနှင့် ငွေကြေး ထောက်ပံ့မှု အကူအညီများရရှိရန် မျှော်လင့်နေကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများမှ ကျန်ခဲ့သော စစ်ကျန်လက်နက်များနှင့် မှိုင်းပေါက်ကွဲမှုများကြောင့် ရခိုင်တွင် မသန်စွမ်းသူ ဦးရေ ပိုမိုတိုးများလာနေကြောင်း သိရသည်။ https://www.facebook.com/dmgnewsagency/photos/a.466679 38348447 8/2551152658370463/

၂၄။       ကွတ်ခိုင်မြို့နယ် မီးသွေးဖုတ်မှု များပြားမှုကြောင့် ဒေသအတွင်း သစ်တောပြုန်းတီးနေ
           March 24, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် သစ်ခုတ် မီးသွေးဖုတ် ပြုလုပ်မှု များလာသဖြင့် ဒေသအတွင်း သစ်တောပြုန်း တီးမှုလည်း များပြားနေကြောင်း သိရသည်။ ကွတ်ခိုင်မြို့ နှင့် နမ့်ဖက်ကာ အနီးတစ်လျှောက်ရှိ သစ်တော၊ သစ်ပင်များရှိသည့် နေရာများကို ဒေသခံရွာသားများက သစ်တောခုတ်ထွင်ရှင်းလင်းပြီး မီးသွေးပြုလုပ်နေမှု ယခင်နှစ်ထက်ပိုမိုများပြားလာကြောင်း ဒေသခံများကပြောသည်။ “ဒေသခံတွေကသစ်တွေခုတ်ပြီးတော့ မီးသွေးဖုတ်ကြတယ်လေ၊ ပြီးတော့ပိုက်ဆံရှိတဲ့သူတွေကလည်း သစ်တောဝိုင်း ဝယ်ပြီးတော့ မီးသွေးဖုတ်ကြတယ်၊ သစ်တောရှိတဲ့ နေရာဆိုရင် သစ်တွေခုတ်ပြီး မီးသွေးဖုတ်ကြပြီ၊ ကြည့်လိုက် ရင် သစ်တောတွေပြုန်းပြီး ရာသီဥတုကလည်း အရမ်းပူလာတယ်” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။ လက်ရှိတွင် ကွတ်ခိုင်မြို့နှင့်နမ့်ဖက်ကာ တစ်လျှောက်ရှိ သစ်တောဝိုင်းများသည် မီးသွေးဖုတ်ကျင်းများနှင့် ပြည့်နေပြီး ယင်းကဲ့သို့ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုလည်း ပူလာသည့်အပြင် ချောင်းရေတွင်းရေ ခမ်းခြောက်မှုများလည်းရှိလာကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် နွေဦးရာသီရောက်ခါစ ဖြစ်နေသော်လည်း မီးသွေးဖုတ်မှုကြောင့် သစ်တောပြုန်းတီးမှုများလာပြီး အချို့ကျေးရွာ ရပ်ကွက်များရှိ တွင်းရေများလည်း ယခင်ကထက် လျှော့နည်းလာကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ “အခုလို မျိုး သားဆက်ဖြစ်သွားရင်တော့ မလွယ်လောက်တော့ဘူးထင်တယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေလည်းရှိလာမယ်၊ ပြီး တော့ အဓိက ကတော့ ရာသီဥတု ပိုပူလာမယ်၊ ဆောင်းတွင်းဆိုလည်း ပိုအေးမယ်ပေါ့၊ အခုတောင် တချို့ရေတွင်းက ရေတွေ လျှော့ကုန်ပြီ” ဟု ၎င်းက ဆက်ဆိုသည်။ ယခုနှစ်အတွင်းတွင် ကွတ်ခိုင်မြို့နယ် နှင့် ၈ မိုင်ခန့် ကွာဝေးသည့် မိုင်းယုလေး ဘက်မှ နမ့်မောချောင်း တစ်လျှောက် ရွှေတူးဖော်လုပ်ငန်း၊ ရွှေကျင်လုပ်ငန်း လုပ်နေခြင်းကြောင့် လက်ရှိတွင် နမ့်မောချောင်း လည်း ရေတိမ်နေကြောင်းသိရသည်။ အဆိုပါ နမ့်မောချောင်းသည် မိုင်းယုလေး၊ နမ့်ဖက်ကာ နှင့် ကွတ်ခိုင်မှ ဒေသခံတချို့၏ လယ်ယာများ အားကိုးအားထား ပြုနေရကြောင်းလည်း သိရသည်။ https://burme se.shannews.org/archives/33727

၂၅။       မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီက ငွေကျပ်  ၅ ဘီလီယံ အကုန်အကျခံပြီး ပြင်ဆင်ထား
           March 24, 2023

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် မြန်မာကျပ်ငွေ ၅ ဘီလီယံ အကုန်ကျခံပြီး စစ်ကောင်စီက ပြင်ဆင်ထားကြောင်း သိရသည်။ လက်ရှိ စီစဉ်ဆောင်ရွက်နေသည့် Pilot Project (ရှေ့ပြေးစမ်းသပ်စီမံကိန်း) တွင် မွတ်ဆလင်ဦးရေ ၁,၅၀၀ ခန့်ကို ပြန်လည်လက်ခံရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ပြန်ဝင်လာသူများအား မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းတွင် ကနဦး စိစစ် လက်ခံကာ လှဖိုးခေါင်ကြားစခန်းတွင် ၂ လခန့်ကြာယာယီထားရန် စီစဉ်နေခြင်းဖြစ်သည်။ “အဲဒီမှာခဏထားပြီး မောင်တော မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန် လည်လုပ်ကိုင် စားသောက်ဖို့အတွက် အဲဒီ အနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့်ရှိပါတယ်။ သူတို့အသက်မွေး ဝမ်းကျောင်းအတွက် ရေတိုရေရှည်ပြန်လည်လုပ် ကိုင်စားသောက်ဖို့ စီစဉ်ထားပါတယ်”ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး က မြန်မာ့အလင်းသတင်းစာတွင် ပြောဆိုထားသည်။

စစ်ကောင်စီမှ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နှင့် တာဝန်ရှိသူတို့ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေး စခန်းရုံးတွင် မတ်လ ၁၅ ရက်နေ့ကစပြီး မွတ်ဆလင်ဒုက္ခသည် ၁,၅၀၀ ခန့်နှင့်တွေ့ဆုံကာ အချက်အလက်များစစ်ဆေးခဲ့သည်။ ထို့အတူ ပြန်လည်ဝင်ရောက်လာမည့် မွတ်ဆလင်ကိစ္စနှင့် ပတ်သက်ပြီး ပြင်ဆင်ထားမှု အခြေအနေများကို ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံတို့မှ သံတမန်များအား စစ်ကောင်စီက လိုက်လံပြသခဲ့သည်။ “ဦးစားပေးအနေနဲ့ လမ်းတွေ၊ အဆောက်အဦးတွေ ကောင်းမွန် အောင် လျှပ်စစ်မီး၊ ရေရရှိရေး၊ သူတို့နေထိုင်ရေးနဲ့ ပြန်လည် လက်ခံတဲ့အခါမှာလည်း စနစ်တကျ အဆင့်ဆင့် လက်ခံဆောင်ရွက် လျက်ရှိပါတယ်”ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း က သတင်းစာတွင် ပြောဆိုထားသည်။ လက်ရှိမှာ မောင်တောမြို့နယ်မှ မွတ်ဆလင် ပြန်လည်လက်ခံရေးစခန်းများအား အသစ်ပြင်ဆင်မှုများကို မတွေ့ရသေးကြောင်း မောင်တော ဒေသခံများက ပြောဆိုကြသည်။ “ငါးခူရဘက်မှာ မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့အတွက် ဆောက်လုပ်ထားတဲ့ စခန်း အဆောင် ၁၀ ကျော် ရှိတယ်။ အခုအထိတော့ သူတို့ဘက်က အဲဒီစခန်းတွေကို အသစ်ပြန်လုပ်ပေးတာတွေကို မတွေ့ရဘူး။ ပြီးခဲ့ တဲ့ ၄ လလောက်ကတော့ အဲဒီစခန်းပြိုပျက်နေတာကို အစိုးရက ပြန်ပြင်ဆင်တာကို တွေ့ခဲ့ရပါတယ်” ဟု မောင်တောမြို့နယ်၊ ငါးခူရကျေးရွာသားတစ်ဦးက ပြောသည်။ https://www.facebook.com/dmgnewsagency/photos/a.466679383484478/2 551834598 302269/

၂၆။       ပီလောပီနံဥ စျေးကောင်းရသည့်အတွက် သီးနှံအစားထိုးစိုက်ပျိုးမှု ပိုများလာနေ
           March 23, 2023

ကရင်ပြည်နယ်တွင် လက်ရှိ ပီလောပီနံဥစျေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာသည့်အတွက် ဥယျာဉ်ခြံနှင့် လယ်ယာကိုင်း ကျွန်းများအတွင်း အစားထိုးစိုက်ပျိုးလာမှု ပိုများလာသည်ဟု စိုက်ပျိုးတောင်သူများထံမှ သိရသည်။ နေအခြောက်လှန်းထား သည့် ပီလောပီနံဥတစ်တန်လျှင် ကျပ် ၅ဝဝ,ဝဝဝ (ငါးသိန်း)ကျော်အထိ စျေးနှုန်း ရှိပြီး ၁ ပိဿာလျှင် ပြည်တွင်းဝယ်စျေး ၉ဝဝ ကျပ်နှင့် အပင်ကိုင်းခြောက်တစ်ကိုင်းလျှင် ကျပ် ၂ဝဝ ကျော်အထိ စျေးကောင်းရနေသည့်အတွက် အစားထိုးစိုက်ပျိုးလာမှု ယခင် နှစ်ထက် ၁ဝ ဆနီးပါးရှိလာသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ အဝယ်ဒိုင်တစ်ဦးကပြော သည်။ ၎င်းက “ပီလောပီနံ စျေး ကောင်းရတော့ လယ်ယာမြေ၊ ကိုင်းကျွန်း၊ နှမ်းစိုက်တဲ့နေရာမှာရော ရာဘာခြံတွေမှာရော လူနေအိမ်ခြံက မြေလွတ်တွေပါမကျန် အစားထိုးစိုက်ပျိုးလာကြတယ်။ တစ်ချို့ဥ ယျာဉ်ခြံတွေ တောင်ယာတွေမှာလည်း အစားထိုးစိုက်လာကြတယ်။ ကုန်ကျစရိတ် နည်းနည်းနဲ့ အမြတ်ပို ရကြတော့ အရင်နှစ်တွေထက် ၁ဝ ဆနီးပါးစိုက်လာကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ကျိုက်ဒုံနှင့် ဘုရားသုံးဆူ စသည့် မြို့နယ်များရှိ ကျေးရွာများတွင် ရွာလုံးကျွတ်နီးပါး ပီလောပီနံအစားထိုးစိုက်ပျိုးကြပြီး မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်ပွဲရုံများနှင့် မြဝတီနယ်စပ် တို့တွင် အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။ ဘုရားသုံးဆူဒေသမှ တောင်သူတစ်ဦးက “အရင်နှစ်က တစ်တန်ကို ၂၅ဝ,ဝဝဝ (နှစ်သိန်းငါးသောင်း) ကျပ်လောက်ပဲ စျေးရတယ်။ ထိုင်းဘက်မှာတော့ ၁ ကီလို ၃ ဘတ် ခွဲ ကနေ အခုဒီနှစ်က ၆ ဘတ်ခွဲ စျေးရှိတော့ စျေးထက်ဝက်တက်သွားတယ်။ တပို့တွဲ(ဖေဖော်ဝါရီလ)၊ တပေါင်း(မတ်လ)မှာ ဥတူး တဲ့ရာသီကာလပေါ့နော်။ ဒီနှစ်က ကိုင်းမျိုးတွေအများကြီး မှာဝယ်လာကြတယ်” ပြောသည်။ ပီလောပီနံပင်သည် စိုက်ပျိုးပြီး ၈ လ သက်တမ်းအကြာတွင် ဥတူးယူနိုင်ကြပြီး ရေဝပ်သည့်ဧရိယာနှင့် အရိပ်ရသည့်နေရာမှလွှဲ၍ အခြားမြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်ဟု တောင်သူများထံမှ သိရသည်။ ပီလောပီနံဥများကို တရုတ်နှင့်ထိုင်းနိုင်ငံတို့တွင် ကုန်ကြမ်းအဖြစ် အများဆုံးတင်ပို့ကြပြီး စားသုံးကုန်ုလုပ်ငန်း၊ ကြက်၊ ဝက်၊ ငါးအစာနှင့် အခြားတိရစ္ဆာန်အစားအစာများအဖြစ် ကုန်ချောပြန် လည်ထုတ်လုပ်ကြသည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။ https://kicnews.org/2023/03/%e1%80%95%e1%80%ae%e1 %80%9c%e1%80%b1 %e1%80%ac%e1%80%95%e1%

၂၇။       ရခိုင်ပြည်နယ်ရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် သိန်း ၁၀,၀၀၀ ကျော် ထုတ်ချေး
           March 24, 2023

ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း ၁၀ မြို့နယ်ရှိ   ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေကို  ငွေကျပ် သိန်း ၁၀၀၀၀ ကျော် ထုတ်ချေးပေးနေတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံနဲ့ မင်းပြား မြို့နယ်တို့မှာ ရေလုပ် ငန်းနဲ့  အသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့ ကျေးရွာပေါင်း ၁၈ ရွာကို ချေးငွေထုတ်ချေးပေးသွားမယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရ ပါတယ်။ “ချေးငွေရယူလိုတဲ့  ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်တွေက ကော်မတီ အဖွဲ့တွေကတဆင့် ငါးလုပ်ငန်းဦးစီးဌာနကိုတင်ပြပြီး ချေးယူနိုင်ကြပါတယ်။”လို့ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူကပြောပါ တယ်။

အခုလို ချေး​ငွေ ထုတ်ချေးတာဟာ ငါးလုပ်ငန်းလုပ်ကိုင်နေကြသူတွေအတွက် အရင်းအနှီး တခု ရဖို့ မတည် ထုတ်ချေး ပေးတဲ့သဘောဖြစ်ပြီး ထိုချေးငွေဟာ တရွာနဲ့တရွာမတူသလို အိမ်ခြေအရေအတွက်အပေါ်မူတည်ပြီး ထုတ်တာလို့ တာဝန်ရှိသူ က ဆိုပါတယ်။ “ဥပမာ- အိမ်ခြေ ၅၀ ရှိတဲ့ရွာဆိုရင် သိန်း ၂၀၀၊  အိမ်ခြေ ၁၀၀ အထက်ဆိုရင် သိန်း ၆၀၀၊ အိမ်ခြေအလိုက်ထုတ် ချေးပေးသွားရမှာပါ။” ချေးငွေတွေကို ငါးဖမ်းသမားတွေ၊ ပုဇွန်မွေးမြူရေးလုပ်ကိုင်သူတွေနဲ့ တပိုင်တနိုင် ငါးဖမ်းသူတွေအပြင် ရေ လုပ်ငန်းနဲ့ ပတ်သက်လုပ်ကိုင်သူအားလုံးကို  ငွေကျပ် တစ်သိန်းအား တလ အတိုးနှုန်း ၅၀၀ ကျပ်နဲ့ ထုတ်ချေးနေတာ လည်းဖြစ် ပါတယ်။ ရခိုင်ပြည်အတွင်း မြစ်ချောင်းတွေကို မှီခိုနေတဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ ငါးဖမ်းဆီးရရှိမှု နည်းပါး လာတာ၊ ရေလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်တာတို့ကြောင့် ရေလုပ်ငန်းကို စွန့်ခွာကာပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြသလို တချို့မှာလည်း လုပ်ငန်း ရပ်နားထားကြရတာပါ။ https://burmese.dvb.no/archives/584960

၂၈။       တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဝင်များကို ငွေကြေးနှင့် ရိက္ခာထောက်ပံ့
           March 24, 2023

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို မတ်လ ၂၂ ရက် မနက်ပိုင်းမှာ ရိက္ခာနဲ့ ငွေ ကြေးထောက်ပံ့ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။ အဆိုပါမြို့နယ်တွေထဲမှာ ထားဝယ်မြို့ နယ်၊ မြိတ်မြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပါဝင်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကန်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နဲ့ အရာရှိတွေက တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဘုတ်ပြင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မြိတ်၊ ထားဝယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ပြည်သူ့စစ်တွေကို ငွေကြေးနဲ့ ရိက္ခာ ထောက်ပံ့ပေးတာဟာ ပြည်သူ့စစ်အဟောင်းတွေပါ။ နောက်ထပ်လည်း စကစက ပြည်သူ့စစ်သင်တန်းကို ၂၂၄ တပ်ရင်းမှာ သင်တန်းတွေပေးနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတွေ့ဆုံပွဲတွေကို မြို့နယ်အခြေစိုက် တပ်နယ်စခန်းအသီးသီးမှာပြုလုပ်ခဲ့ပြီး မြို့နယ်တခုစီမှာ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေအရ သိရပါတယ်။ တနင်္သာရီတိုင်းရှိ မြို့နယ်အသီးသီးမှာရှိတဲ့ လက်နက်ကိုင် ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေ၊ ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေနဲ့ စစ်ကောင်စီဒေါက်တိုင်တွေ အားလုံးကို ပြည်သူ့နဲ့အတူ ပူးပေါင်းရပ်တည်ဖို့နဲ့ စစ်ကောင်စီလက်အောက်မှ နုတ်ထွက် ကြဖို့ ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကသတိပေးထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/arc hives/585027

၂၉။       ရခိုင်တွင် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
           March 24, 2023

ရခိုင်ပြည်အတွင်းမှ ဒေသခံပြည်သူများတွင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု ယခင်ထက် ပိုမိုများပြားလာနေကြောင်း ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ပြောဆိုထားသည်။ (ယနေ့ မတ်လ ၂၄ ရက်နေ့သည် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက် ရေးနေ့ ဖြစ်သည်။) မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့်နှစ်စဉ် ရိုးရိုးတီဘီနှင့် ဆေးယဉ်ပါးတီဘီ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၄၀,၀၀၀ ခန့်ရှိပြီး ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၃၀ ထဲတွင် မြန်မာနိုင်ငံပါ၀င်ကြောင်း တီဘီရောဂါတိုက် ဖျက်ရေးဌာန တာဝန်ရှိသူများကပြောဆိုကြသည်။ ရခိုင်ပြည် စစ်တွေမြို့ရှိ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနတွင် ဒေသခံ များကို တီဘီရောဂါရှိ၊မရှိ အခမဲ့ သလိပ်ဆေးစစ်ပေးခြင်းများ ပြုလုပ်ပေးနေပြီး ရောဂါပိုးတွေ့ရှိပါက ဆေးကုသပေးလျက်ရှိရာ လက်ရှိ၌ ဒေသခံများတွင် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှု များပြားလာနေကြောင်း သိရသည်။ “တချို့တွေက တီဘီရောဂါ ဖြစ်နေတာသိတယ်။ ဒါပေမယ့် ဆေးကို ဆရာဝန်တွေ ညွှန်ကြားလိုက်တဲ့အတိုင်း ဂရုတစိုက် မသောက်တာတို့၊ ဆရာဝန်ခွင့်ပြု ချက်မရှိဘဲ ဆေးသောက်တာ ရပ်လိုက်ကြတာတို့ကြောင့် အခုဆိုရင် တီဘီဆေးယဉ်ပါးမှုကို ခံစားရတဲ့သူတွေ များလာတာ တွေ့ရပါတယ်” ဟု စစ်တွေဆေးရုံကြီးရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးယဉ်ပါးတီဘီရောဂါဖြစ်ရခြင်းမှာ တီဘီရောဂါကုသဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ မသောက် ခြင်း၊ ပုံမှန်ဆေးသောက်ရန် မေ့လျော့ခြင်း၊ ဆေးသောက်ရမည့် ကာလပြည့်အောင် မသောက်ခြင်းနှင့် ဆရာဝန်ညွှန်ကြား ချက် မပါဘဲ ဆေးသောက်ရပ်နားခြင်းတို့ကြောင့် ရောဂါမပျောက်ကင်းသည့်အပြင် ဆေးယဉ်ပါးတီဘီရောဂါ အဆင့်ထိ ဖြစ်ပွားလာနေ ခြင်းဖြစ်သည်။  “ရိုးရိုးတီဘီရောဂါ ကူးစက်ခံရရင် ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ဆေးသေချာသောက်မယ်ဆို ပျောက်ကင်းနိုင် သေးတယ်။ တကယ်လို့ ဆေးယဉ်ပါးတီဘီအဆင့်ထိ ဖြစ်သွားခဲ့ရင်ကျတော့ ပျောက်ကင်းဖို့အလားအလာက မရှိသလောက် နည်းသွားပါပြီ” ဟု စစ်တွေမြို့တွင် နေထိုင်သည့် ဒေါက်တာကျော်မင်းစိုးက ပြောဆိုသည်။  ဆေးယဉ်ပါးတီဘီရောဂါ မဟုတ်ဘဲ ပုံမှန် တီဘီရောဂါဖြစ်ပွားခဲ့ပါက ၆ လ(သို့) ၈ လအတွင်း ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် အချိန် မှန်သောက်သုံးပါက ပျောက်ကင်းနိုင်ကြောင်း သိရသည်။  “တီဘီရောဂါက တစ်ယောက်နဲ့တစ်ယောက် ကူးစက်လွယ်ပါတယ်။ တီဘီဆိုတာက Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာ။ တီဘီရောဂါပိုးရှိတဲ့သူက ချောင်းဆိုးမယ်၊ စကားပြောမယ်ဆိုရင် သူ့ရဲ့အဆုတ်နဲ့ လေပြွန်မှာရှိတဲ့ ပိုးတွေက လေထဲကိုရောက်ပြီးတော့ အဲဒီလေကို အနီးအနားမှာရှိတဲ့လူက ရှူမိရင် ကူးစက်ခံရနိုင်ပါတယ်” ဟု ဒေါက်တာကျော်မင်းစိုးက ပြောသည်။ https://www.facebook.com/dmgnewsagency/photos/ a.466679383484478/2551854378300291/

၃၀။      ဖတ်မာကျေးရွာ လူနေအိမ်များတွင် စစ်သားများတပ်စွဲနေ၊ ခရီးသွားကားများကိုလည်း စစ်ဆေး
          March 23, 2023

ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ (Hpak Ma Mare) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ကျေးရွာအတွင်း လူနေအိမ်များ နှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။ မူလာရှီးဒီ အခြေစိုက် ခလရ ၁၃၈၊ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှအင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် လွန်ခဲ့သည့် ၅ ရက်ခန့် ကတည်းက ဖတ်မာ (Hpakma) ကျေးရွာအတွင်းသို့ ရောက်လာပြီး လူနေအိမ်များတွင် တပ်စွဲနေသည့်အပြင် ခရီးသွားကားများ ကိုလည်း ရပ်တန့်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဖတ်မာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “စစ်သားတွေက ရွာထဲမှာရောက်နေတာ ဖတ်မာရွာဟိုဖက်ကမ်းမှာကော ဒီဘက်ကမ်းမှာကော ရွာအထဲမှာပဲသူတို့က ဂိတ်လိုမျိုးထိုင်နေတာ ဦးလေးတို့အိမ်အနီးမှာပဲ ခရီးသွားကားတွေကိုလည်း တစ်ရက်တစ်ရက်စစ်နေတာ။ ရွာထဲကလူ တွေလည်းစိတ်ပူပြီးနေကြ တယ်”ဟု ပြောသည်။

ယင်းစစ်ကြောင်းသည် ဖတ်မာရွာထဲတွင် တပ်စွဲမနေထိုင်မှီက ဖတ်မာကျေးရွာအနီးတောထဲတွင် တပ်စွဲပြီး စစ်ရေး လှုပ်ရှားမှုများရှိခဲ့ရာ ကျေးရွာတွင်းတပ်စွဲနေထိုင်လာသည်မှာ ၅ ရက်ခန့်ရှိပြီဟု သိရသည်။ စစ်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် ပူတာအိုမြို့တွင်းဘက်သို့ စစ်ကြောင်းထိုး ချီတက်လာနေကြောင်း မြစ်ကြီးနားသို့ဆင်းလာသည့် ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်လမ်းလုံးစိမ်းနေတာပဲ လုံရှာယန်ကိုတော့ကျော်ခဲ့ပြီ အများကြီးပဲခြေလျှင်တက် လာကြတယ်။ ပူတာအိုဘက်ကိုသွားနေတာ။ ၁၀၀ ကျော်လောက်တော့ရှိမှာ စစ်သားတွေက”ဟုပြောသည်။ ယခုရက်ပိုင်း ပူတာအို–မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုများရှိနေပြီး ဖက်မာရွာ၊ လုံရှာယန်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် စစ်ကောင်စီစစ်သားများ စစ်ကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုများရှိနေ ကြောင်း သိရသည်။ https://burmese.kachinnews.com/2023/ 03/23/az3-25/