• Today is: Friday, April 19, 2024

မြ၀တီမြို့မှ ကျုံဒိုးဒေသအထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ဒေသခံပြည်သူများ ပိတ်မိနေ

Photo-CJ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၅၊ ၂၀၂၃
 
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှ မြ၀တီအာရှလမ်းမကြီး တစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးမြို့တွင်း၊ မြို့ပြင်နေရာများအထိ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲနေရာစုံ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရပါတယ်။
 
ယနေ့ မတ်လ၂၅ ရက် နံနက်ပိုင်း ၅နာရီကျော်အချိန်မှစတင်ကာ မြ၀တီကုန်သွယ်ရေးဇုန်ရှိ BGF နှင့်ရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အကောက်အခွန် ရုံးအဆောင်အနီး စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာမှတစ်ဆင့် သင်္ဃန်းညီနောင် ရဲစခန်း၊ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်ရင်းတို့ဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားလျှက်ရှိပါတယ်။
 
ထို့နောက် ကော့ကရိတ်၊ အာရှလမ်း၊ ကျုံဒိုးရဲစခန်း၊ ခြေမြန် တပ်ရင်း-ခမရ ၅၄၆ တပ်ရင်းနေရာဘက်များအထိပါ ဆက်တိုက်နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေကြောင်း သိရပါတယ်။
 
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှာ လက်နက်ကြီးများကို အများအပြားပစ်ခတ်တိုက်ခိုက်နေပြီး ရဟတ်ယာဥ် ၂စီးဖြင့် နေရာအစုံကို ဗုံးကြဲလျှက် ရှိနေကြောင်းသိရပါတယ်။
 
မြ၀တီကုန်သွယ်ရေးဇုန်နေရာများ အဓိကတိုက်ပွဲ ပြင်းထန်နေမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး တံတားအမှတ် ၂ ယာယီ ပိတ်ထားရပြီး မြ၀တီမြို့တွင်လည်း ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၁၀ နာရီအထိ အရေးပေါ် အပြင်မထွက်ရအမိန့် ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။
 
တိုက်ပွဲကြောင့် မြဝတီ မှ ကျုံဒိုး လမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ ရွာသားများ ပိတ်မိနေတဲ့ အခြေအနေများရှိပြီး နှစ်ဖက် တပ်သားများ အထိအခိုက် အကျအဆုံးများလည်း ရှိနေနိုင်ကြောင်း သိရပါတယ်။