• Today is: Sunday, April 14, 2024

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်း အရာရှိများအပါအဝင် တပ်သားများ ထိခိုက် သေဆုံးမှုများ 

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
 
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၅၊ ၂၀၂၃
 
ကယား(ကရင်နီ)ပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ် ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ မတ်လ (၈)ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီ ပူးပေါင်းတပ်များဖွဲ့တို့ကြား ယခုလ မတ်လအတွင်း နေ့စဥ်ထိတွေ့ တိုက်ပွဲ ပြင်းထန် နေပြီး စစ်ကောင်စီ စစ်ကြောင်းက အရာရှိများအပါအဝင် တပ်သားများ ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်တဲ့ ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများဟာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင် စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့တာပါ။
 
KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ” လက်ရှိတော့ အဲဖက်မှာ စစ်ကောင်စီတပ်တွေ‌ တပ် အင်အား ထပ်ဖြည့်လာတာတွေလည်း မရှိသေးပါဘူး၊ ပြန်ဆုတ်သွားတာလည်း မရှိသေးဘူး၊ တိုက်ပွဲကတော့ ပိုပြင်းထန် လာဖို့ဘဲ ရှိတယ်” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်များတို့ကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်း တပ်ဖွဲ့တို့က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
 
ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက် ခဲယမ်းများဟာ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များလည်း ပါဝင်တာ တွေ့ရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့နေတဲ့ တိုက်ပွဲအတွင်းမှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ စုစုပေါင်း ၅ ဦး ကျဆုံးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်တဲ့ ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲ များအတွင်း ထိခိုက် ကျဆုံးမှု များခဲ့ပြီး ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ စစ်ကောင်စီ လက်နက် ကြီး တပ်ဖွဲ့များက နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ်၊ ရဟတ်ယဥ်များ ဖြင့်လည်း နေ့စဥ် နီးပါး လာရောက် ပစ်ခက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်ဆီးခဲ့ရပါတယ်။
 
စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာ များအတွင်း တပ်စွဲထားဆဲ ဖြစ်ပြီး ကရင်နီပူးပေါင်းတပ်များနှင့်လည်း နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန် ခုခံစစ်နှင့် ထိုးစစ်ဆင်နိုင်တဲ့ တိုက်ပွဲများကို အရှိန်ကောင်းစွာ ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ KNDF က ထုတ်ပြန် ထားပါတယ်။