• Today is: Friday, April 19, 2024

ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံများ

ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံများ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၅၊ ၂၀၂၃

ကျနော် နာမည်က xxx။ မြန်မာနိုင်ငံ xxxရဲတပ်ဖွဲ့ရဲ့အကူတပ်ဖွဲ့ တပ်ရဲတပ်စိတ် တာဝန်ပေါ့။ ကျနော်က xxxရဲတပ်ဖွဲ့ ရုံးရဲ့ ဝင်ဝင်ချင်း ပင်မဂိတ်မှာ တပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ထိန်းသိမ်း စောင့်ရှောက်ရတဲ့ စည်းကမ်းပိုင်း ကို ကြပ်မတ်ပေးရတဲ့ တာဝန် ထမ်းဆောင်ရတယ် ။

လုပ်သက် က ၉နှစ် ။ ရဲထဲ စရောက်တာ ၂၀၁၂ ၁၀လပိုင်း ၁ရက်နေ့မှာ သင်တန်း စတက်တယ် အမှတ် ၁ တပ်ရင်း xxx မှာပါ။

အသင်းအဖွဲ့ နဲ့ လုပ်ရတာတွေ စိတ်ဝင်စားတယ်။ ရဲထဲ မရောက်ခင် အရပ်သားဘ၀ မှာ နေတုန်းက ရပ်ကွက်ထဲမှာ သာရေးနာရေး အဖွဲ့အစည်း တော်တော်များများမှာပါတယ်။ အမေကလည်းပြောပြတယ်။ မင်း volunteer တွေ လုပ်နေမယ့်အစား တည်တည်တံ့တံ့နဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခု လုပ်ပါလားဆိုတော့ စဉ်းစားဖြစ်သွားတာ။ မိတ်ဆွေ တစ်ယောက် အကူအညီနဲ့  ရဲတပ်ဖွဲ့ထဲဝင်လိုက်တာ။ အဓိကက ဝန်ထမ်း ဖြစ်တယ်ဆိုရင် လစာနည်းတာတော့ဟုတ်တယ်၊ သူ့ဂုဏ်လေးနဲ့ သူရှိတယ်ဆိုပြီး ရည်ရွယ်ပြီး ဝင်လိုက်တာ။ အမေကလဲ ဝန်ထမ်းတယောက်ပါပဲ။

ကျနော် ဝင်ကတည်းက လက်နက်ကိုင် ဆွေမျိုး ဘာညာ မရှိဘူးလေ။ ရဲအကြောင်းလဲ မသိဘူး။ စစ်သားအကြောင်းလဲ မသိဘူး။ ကျနော်သိတဲ့ ရဲ က လူဆိုးဖမ်းမယ် မှုခင်းနဲ့ ပတ်သက်ပြီး ပြည်သူ တွေကို ကာကွယ် စောင့်ရှောက်မယ် မှုခင်းပိုင်းနဲ့ ပတ်သက်ပြီး လေ့လာရမယ်ပေါ့။ မှုခင်းတွေကို စုံစမ်းမယ် ဖော်ထုတ်မယ် ပြီးရင် တရားဥပဒေအရ ဆောင်ရွက်မယ်၊ ဒါ ကျနော် သိတယ် ဆိုတာ စာတွေ့ ပေါ့။  ကျနော် လုပ်ချင်တဲ့အပိုင်းက ဒီလိုမျိုး အသင်းအဖွဲ့နဲ့ လုပ်ရတယ် ပူးပေါင်း ဆောင်ရွက်မယ် ပြည်သူကို တရားဥပဒေ နဲ့ အညီ ကူညီ ဆောင်ရွက်မယ် ဆိုတဲ့ အခြေခံ စိတ်နဲ့ပဲဝင်ခဲ့တာ။ ရဲထဲကို ရောက်လာတော့ သင်တန်း တက်လိုက်တဲ့အချိန်ထိက ဒီလောက်ထိ မဖြစ်သေးဘူး။

သင်တန်းဆင်းပြီးတော့ xxx ရဲတပ်ရင်းမှာ တာဝန်ကျတယ်။ အဲဒီမှာ ဘာတခု သိလိုက်လဲ ဆိုတော့ ငါတို့သည် ဝန်ထမ်း ဖြစ်သွားတဲ့အခါမှာ သူတို့စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်သွားပြီ ကျနော်တို့ စိတ်အတိုင်း ဘာမှ လုပ်လို့ မရတော့ဘူး၊ လုံခြုံရေး တပ်ဖွဲ့ခွဲမှာ ဆိုတော့ မှုခင်းကျဆင်းရေး လုပ်ငန်းတွေကို မဆောင်ရွက်ရသေးဘူး၊ အရေးကြီးပုဂ္ဂိုလ်လုံခြုံရေး၊ အရေးကြီး အဆောက်အဦး လုံခြုံရေး ဒီ လုံခြုံရေးကို အဓိက လုပ်ရတယ်။ အဲ့ဒီမှာ ကျနော် ၁နှစ်ခွဲ တာဝန်ကျတယ် ။ xxx တပ်ရင်းမှာ ၁နှစ် ခွဲတာဝန်ကျတယ် ။ အဲ့ဒီမှာ ဘာလုပ်ရလဲ ဆိုတော့ လူကြီးလမ်းကြောင်း၊ အရေးကြီး အဆောက်အဦလုံခြုံရေး၊ အရေးကြီး ပုဂ္ဂိုလ်လုံခြုံရေး၊ ဒါနဲ့ပဲ ဟို ပလက်ဖောင်းအိပ်လိုက် ဒီ ပလက်ဖောင်းအိပ်လိုက်။ လမ်းဘေးအိပ်ရတာ များတယ်။ ဒီလိုနဲ့ပဲ ၁နှစ်ခွဲကြာတယ်။

အဲဒီ အုပ်ချုပ်ပုံကလဲ ဘာနဲ့ သွားတူလဲဆိုတော့ ရဲတပ်ရင်းဆိုတာ တကယ်တမ်းကျ ရဲ အစစ်တွေမှာ ရဲတပ်ရင်းဆိုတာမရှိဘူး။ ကျန်တဲ့ နိုင်ငံတွေမှာ ဒါမျိုး မရှိဘူး။ ကျနော်က အဲဒီ အချိန်ုတုန်းက သိပ် နားမလည်ဘူး။ ဒါပေမယ့် လုံခြုံရေး တပ်ဖွဲ့ခွဲ ဆိုတာ သူတို့ရဲ့ ရည်ရွယ်ချက်က အဲ့ဒီအချိန်က နားမလည်ပေမယ့် သေချာပြန်စဉ်းစားကြည့်တော့ ရဲတပ်ရင်းတွေက ဒီလို အထိကရုဏ်း နှိမ်နင်း ရေး  ဖြစ်လာရင် လက်ကိုင်တုတ် တွေနဲ့ အသုံးချဖို့ ဖွဲ့စည်းထားတယ်ဆိုတာ ဒါ နောက်ပိုင်းမှ သိလာရတာ။ ဖွဲ့စည်းပုံက စစ်တပ် ဖွဲ့စည်းပုံ အတိုင်းပဲ။ တပ်ရင်း တစ်ခုမှာ တပ်ရင်းမှုး ၊ ဒုတပ်ရင်းမှုး ၊ တပ်ရင်းမှုး တပ်ခွဲမှုး သူ့ဟာနဲ့သူ ဖွဲ့စည်း ထားတဲ့ပုံက စစ်တပ်ပုံစံ။ အုပ်ချုပ်မှု ပုံစံ သည် စစ်တပ်ပုံစံ။ ရဲတပ်ရင်းမှာ ရဲလုပ်ငန်း ဘာမှမလုပ်ရဘူး။ လုံခြုံရေး နဲ့ စစ်တပ် ဖွဲ့စည်းပုံအတိုင်းထားတာ။ ရဲတပ်ရင်းမှာ သင်တန်းဆင်းပြီး ၁နှစ်ခွဲ ကြာခဲ့တယ်။ ရဲတပ်ရင်း မှာ ရှိစဉ်ကတော့ ဘာ သိလာရလဲ ဆိုတော့ ကိုယ့်စိတ်နဲ့ကိုယ် ဘာတစ်ခုမှ မလုပ်ရဘူး။ သူ့တို့စိတ်နဲ့ ကိုယ့်ကိုယ် လုပ်ရတယ် လို့ နားလည်လိုက်တယ်။

ပြီးတော့ xxx နယ်မြေရဲစခန်းကို ၂၀၁၄၊ ၈ လပိုင်းမှာ ရောက်တယ်။ ရောက်ရောက်ချင်း ၆လ ၁နှစ်မှာ ဘာသွားကြုံ လည်းဆိုတော့တာဝန်ကျပြီး ၂လ ၃လလောက်ပဲ ရှိသေးတယ် EU ကနေ ဖွင့်တဲ့ သင်တန်းတက်ရတယ်။ ဦးသိန်းစိန်ကနေ ဖိတ်လိုက်လို့ EU ကနေ လာဖွင့်တဲ့ မစ္စတာဒေးဗစ် တို့ ဦးဆောင်တဲ့ အဖွဲ့ကနေ ပြည်သူဗဟိုပြုရဲလုပ်ငန်း သင်တန်း စနစ်ကို လာဖွင့်တာ။ ဖွင့်တဲ့အချိန်မှာလဲ အနောက်ပိုင်း ခရိုင် ကိုယ်စားပြု အနေနဲ့အခြေတည်တာ။ ကျနော်တို့ xxxမှာ တက်တဲ့သူတွေက ဆင့်ပွား သင်တန်းတွေ ပြန်ပေးရမယ်ဆိုပြီး xxxကို တည်တာ။ ကျနော်တို့ သင်တန်း ၃ပတ် တက်ရတယ်။  ဘာတွေ အဓိက သင်လဲဆိုတော့ ဝန်ဆောင်မှု ပေးခြင်း၊ မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ တာဝန်ယူမှုတာဝန်ခံမှု ဒီလို ခေါင်းစဉ်တွေနဲ့ မဏ္ဍိုင်ကြီး ၅ရပ်နဲ့။ သင်တော့ ကိုယ်ကလဲ ရဲဘော် ပေါက်စ သင်တန်း တက်လိုက်ရတော့ တော်တော်ပျော်သွားတယ်။ လက်တွေ့လည်း လုပ်ရတယ်။

ရပ်ကွက်တွေထဲဆင်းပြီး သက်ကြီး ရွယ်အိုတွေရှိတဲ့အိမ်တွေ သွားမေးတယ်။ အဖွား ဘာတွေ စိုးရိမ်ကြောင့်ကျမှု ရှိလဲ၊ ဘာအခက်အခဲတွေ ရှိလဲ၊ ရဲတပ်ဖွဲ့ အနေနဲ့ ကူညီ ဆောင်ရွက်ရမယ်ဆို အဖွား ဘယ်လို အကြံပြုချင်လဲ  ဒီလိုမျိုးတွေ လိုက်မေးတာ။ လိုက်မေးပြီးတော့ အရက်ဆိုင်နဲ့ နီးတဲ့ နေရာတွေ KTV နဲ့ နီးတဲ့ နေရာတွေ ဆေးရုံနဲ့ နီးတဲ့ နေရာတွေ ကျောင်း နဲ့ နီးတဲ့ နေရာတွေ ကိုယ့်ရဲ့ မြို့နယ်ထဲမှာ ရှိတဲ့ အဲ့လို နေရာတွေ သွားပြီးတော့ ကွင်းဆင်းပြီး မြေပြင် အခြေအနေ ကောက်ရတယ်။ ကောက်ပြီးရင် သင်တန်းမှာ ပြန်ပြီး ဆွေးနွေးရတယ်။ အဲဒီမှာ ပြည်သူ အမျိုးမျိုး ကြုံရတယ်။ တချို့ ကျတော့လဲ ကောင်းလိုက်တာကွာ ဘ၀ တစ်သက်မှာ ရဲတွေ ဒီလို လာမေးတာ မကြုံဖူးဘူး။ ဒီလို လာမေးတာ သူတို့ နွေးထွေးတယ် လုံခြုံတယ်လို့ ခံစားရတယ်။ တချို့ ကျတော့ လည်း အပိုတွေ လာမမေးပါနဲ့ကွာ မင်းတို့ က ပြည်သူကို ခေတ်အဆက်ဆက် အနိုင်ကျင့် လာတဲ့ ကောင်တွေပါလို့ ပြောကြတာလည်းရှိတယ်။ ကိုယ်က အဲ့ဒီအချိန်က ရဲဘော် ပေါက်စလည်းဖြစ်တယ်။ ဒီလို သင်တန်းတွေ လာပေးပြီဆိုတော့ ပြည်သူကို ဝန်ဆောင်မှု ပေးရပါလားဆိုတဲ့ အသိကို အဲ့ဒီမှာ ရတယ်။ ငါတို့ အလုပ်သည် ပြည်သူကို ဝန်ဆောင်မှု တကယ်ပေးရမယ်၊ ပြည်သူကို ဝန်ဆောင်မှု ပေးမှသာ လုပ်ငန်း အောင်မြင်မယ်၊ အသိ တော်တော်လေးရတယ်။ ပျော်ပြီး လုပ်နေတာပေါ့။ ၅နှစ် ပရောဂျက် နဲ့ လုပ်တာ။ ဒီ သင်တန်း ၅နှစ် ပရောဂျက်လည်း ပြီးရော ကောက်ရိုးမီးလိုပဲ။

အခက်အခဲတွေက ဘာတွေ ရှိခဲ့လဲဆိုတော့ ဖုန်းနံပါတ်တွေ ပေးခဲ့တယ် အရေးအကြောင်း ရှိရင် ဒီ ဖုန်းနံပါတ်ကို ဆက်သွယ်ပါ လိပ်စာကဒ်တွေ ရဲစခန်း ဖုန်းနံပါတ်တွေ ပေးခဲ့တာ။ ဖုန်းတွေ တဂွမ်ဂွမ် ဆက်တော့ မနိုင်တော့ဘူး။ ဘယ်လောက်ထိ ဆက်လဲ ဆို ကားဘီး ဘီးပေါက်တာက အစ ဆက်တယ်။ ကျနော်တို့ ကားကို ဘယ်သူ ဘီးဖောက် သွားပါတယ်ဆိုပြီး ဆက်တယ်။ ကျနော်တို့ တက်ကြွတဲ့ သူတွေကို ရှေ့က လုပ်သက် များတဲ့ ဆရာကြီးတွေက ရယ်တယ်၊ မဲ့ပြုံး လေးတွေ ပြုံးတယ်။ ဒါတွေက ပြီးရင် ပြီးသွားမှာ ဆိုတာ သူတို့က သိတယ်။ ကျနော်တို့က နားမလည်ဘူး။ ရဲဘော် အသစ်လည်းဖြစ်တယ်၊ ဒီသင်တန်းရဲ့ သင်ခန်းစာတွေမိပြီး ဂုဏ်ယူ လုပ်ချင်ကိုင်ချင်စိတ်တွေ တအားရှိတယ်။ မြေပြင်မှာ တကယ့်တကယ် လုပ်တဲ့အခါတကယ် မှုခင်းတွေ ဆောင်ရွက်တဲ့အခါမှာ ကြုံရတာက အမှုမဖွင့်ရသေးဘူး ဟိုဘက်ကလည်း ပိုင်ရာဆိုင်ရာကိုဖုန်းဆက် ဒီဘက်ကလည်း ပိုင်ရာဆိုင်ရာ ကို ဖုန်းဆက်၊ အမှုက မဖွင့်ရသေးဘူး သူတို့ အားပြိုင်တာကို အရင်ဖြေရှင်းနေရတယ်။

 အဲဒီတုန်းကဆိုရင် ကျနော်တို့ က အကူစာရေး လုပ်ရတယ်။ အမှုဖွင့်ဖို့ အတွက် တိုင်စာ ကောက်ပေးတာတို့ အမှုသည်က စကားပြောတာ နားထောင်ပေးရတယ်။ အမှုက မဖွင့်ရသေးဘူး ရဲစခန်းထဲ ဝင်လာတယ်၊ ဖြစ်စဉ်တောင် မပြောရသေးဘူး၊ ဖုန်းထိုးပေးပြီး ဗိုလ်ချုပ်လိုလို ဗိုလ်မှူးလိုလိုလူနဲ့ စကားပြောခိုင်းတယ်။ ကျနော်က ရှင်းပြတယ်။ အမှုဖွင့် ဆောင်ရွက်ပေးရမှာ ကျနော် တို့ အလုပ်။ သူ့ဖုန်းကို ပြောပါဆို ကျနော်မပြောနိုင်ဘူး။  အမှုမဖွင့်ခင် ဘာမှ မဆောင်ရွက်ခင် ခုနက အားပြိုင်မှုတွေ ပိုင်ရာဆိုင်ရာတွေ ရှိနေတယ်။ ဒီဘက်မှာ ပွင့်လင်းလာပြီ ဒီမိုကရေစီ ရဲ့ အရသာ ကို ခံစား လာ ရပြီ ဆိုပေမယ့် တကယ့် တကယ် မြေပြင်မှာ ရှိနေသေးတယ်။ ဟိုလူနဲ့ ပတ်သက်လို့ ဒီလူနဲ့ ပတ်သက်လို့ ဆိုတဲ့ အကြောင်းအရာတွေက ရှိနေတယ်။

မှတ်မှတ်ရရ တခု ပြောရမယ် ဆိုရင် ကား ကားချင်း ညိတယ်။  ညိတဲ့အခါမှာ တစ်ဖက်က ကား ပိုင်ရှင်က နယ်လုံဝန်ကြီးရဲ့သား။ ဝန်ကြီးနာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ တုတ်ဓား ပါတယ်။ အဲဒီဓား ထုတ်ပြီး ပြဿနာရှာတယ်။ ရဲကို အကြောင်းကြားတော့ ကျနော်တို့သွားစစ်တယ်။ ရောက်သွားတော့ နယ်လုံဝန်ကြီးသားဖြစ်နေလို့ အကြောလျှော့ပြီး ဆောင်ရွက်လိုက်မယ်ဆိုပြီး သွားရှင်းတဲ့ အရာရှိက  မြို့နယ်မှုးကို ဖုန်း ဆက် တယ်။

မြို့နယ်မှူးက ဓားပါရင် လက်နက်မှု မြောက်တယ်၊ ဓားပါရင် ဖမ်းသာ ဆွဲစိခဲ့ ဆိုပြီး ခေါ်လိုက်တယ်။ ရောက်တော့ ၁၉ (၅)နဲ့ လက်နက်မှုနဲ့ အမှုဖွင့်ပြီး ပထမသတင်းပေးတိုင်တန်းချက် (First Information Report)ကို ပထမမျက်နှာ ရေးပြီးတဲ့အချိန်မှာပဲ နယ်လုံဝန်ကြီးက စခန်း ရောက်လာတယ်။ မြို့နယ်မှုး က ဘာကိစ္စရှိလို့လဲ မေးတော့ မဟုတ်ပါဘူး  သားတော်မောင် ကို လမ်းကြုံလို့ လာခေါ်တာပါ ဆိုပြီး (FIR) ဆွဲဖြဲတယ်။ (FIR) ဆိုတာ ဖြဲလို့ မရဘူး၊ တံဆိပ်တုံးတွေ ပါပြီးသား အစအဆုံး ပြန်နှိပ်ရတယ်၊ နံပါတ်စဉ်တွေ နံပါတ်စဉ် တွေ ပျက်သွားလို့ မရဘူးပြောလည်းမရဘူး။ အဲဒါ မျက်စိ ရှေ့မှာတင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်။  အဲလို လာခေါ်ပြီး အဲ့လို ဖြဲလို့ ရတယ်။ တခြား သာမာန် မိသားစု က ဖြစ်တယ်ဆို ဘယ်လိုမှ ရှင်းမရဘူး။ အမှုဖွင့် ဆောင်ရွက်ပြီးတော့ တရားရုံးထိ တင်ပို့သွားမှာ။ စောစောက ဒီလို ဖြစ်မှာစိုးလို့ သတင်းပို့တဲ့သူက ပို့တယ်။ နယ်လုံဝန်ကြီးသားမို့ အကြောလျှော့ပြီး ဆောင်ရွက်လိုက်မယ် ဆိုတာ မလုပ်နဲ့ ဖမ်းခဲ့ ဖမ်းပြီး ဆောင်ရွက်မယ်လည်းလုပ်ရော ဟိုက လာခေါ်တော့ ပြန်ထည့်ပေးလိုက်ရတယ်။ ကျနော် တို့ဆို စိတ်ထဲမှာ တော်တော် လေး ဒေါသထွက်တယ်။ နယ်လုံဝန်ကြီးသားလို့သာ ပြောတယ် ဆံပင်ရှည်ကို စည်းထားပြီး  တက်တူးတွေနဲ့။ ဒါ ကိုယ့်မျက်စိရှေ့မှာ လုပ်ငန်းကို ပုံမှန် အတိုင်း မဆောင်ရွက်ဘဲ ပိုင်ရာ ဆိုင်ရာ နဲ့ ဖြေရှင်းသွားတဲ့ အပိုင်းတွေရှိတယ်။

တခါတလေ ခရိုင်တို့၊ တိုင်းတို့ကနေ ဂျိုကာတွေ ဖမ်းခိုင်းတယ်။ ဂျိုကာ ဆိုတာ လက်နက်မှု၊ တစ်လကို လက်နက်မှု ၂မှု တက်ရမယ်ဆို ၂ မှု ဖမ်းပေးရတယ်။ ဘူတာ တို့ လူဆိုး သူခိုး ရှိတဲ့ နေရာတွေ လိုက် ရှာရတယ်။ လူဆိုးသူခိုး တော့ရှိတယ်၊ တခါတလေ  ဓားမပါဘူး။ ဓား မပါတော့ လက်နက်မှု ဖွင့်မရဘူး။ ရပ်ကွက်ထဲမှာ အော့ကြောလန်တို့ မူးပြီး သောင်းကျန်းတဲ့ကောင်တို့ သွားရှာရတယ်။ မူးပြီး သောင်းကျန်းနေတာ မှန်တယ် ဒါပေမယ့် ဒီကောင်က ဓားမပါဘူး၊ မူးနေတော့ မသိဘူး ဓားပါတယ်ဆိုပြီး ထည့် လိုက်တာ။ ရယက လည်း ကိုယ့် ရယက ပဲ။ သက်သေကလဲ ကိုယ့် သက်သေပဲ။ ဒီကောင် မူးနေတော့ မသိဘူး။ မနက်ကျ လက်နက်မှု နဲ့ ဖွင့်လိုက်တာ။ မနက်မိုးလင်းတော့ ကျွန်တော် ဓားမပါဘူး ပြောလည်း သက်သေတွေက ပါပါတယ် ဆိုပြီး ထွက်တယ် ။ ဘာမှ ငြင်းမရဘူး လက်နက်မှု နဲ့ ချလိုက်တယ် ။

ရဲ ထဲ မရောက်ခင် ကတည်းက ဟိုး ဘိုးတော်ဘုရား လက်ထက် ကတည်းက  တစ်လမှာ ဂျိုကာ ဘယ် နှစ်ခု ရရမယ်။ ခရိုင်မှုးတို့ တိုင်းမှုးတို့က ရဲ စစ် စစ် ရှားတယ်။ တပ်ပြောင်း ဆရာကြီးတွေ ရောက်လာတာ များတယ်။ တပ်ပြောင်း ဆရာကြီးတွေက အမှု များများ တက်မှ ရဲတွေ အလုပ်လုပ်တယ်လို့ ထင်တာ။ မှုခင်းကျဆင်းရေး ဆောင်ရွက်နေတဲ့ အချိန်မှာ တကယ်ပဲ မှုခင်း ကျတာလား တကယ်ပဲ အလုပ်မလုပ်လို့ပဲ အမှုမတက်တာလား စိစစ်ရမှာ။ ဒါပေမယ့် သူတို့ ယုံကြည် ထား တဲ့ ယုံကြည်မှုက အမှုတွေ ဖွင့် အရေးယူ တရားခံတွေရှိ အမှုစာရင်းတွေတက်မှ ရဲတွေ အလုပ်လုပ်တယ်ထင်တာ။ သတ်မှတ်ထားတဲ့ ဂျိုကာက ၁၀ မှုဆို ၁၀မှု တက်တယ် နောက်လမှာ ၁၀မှု မတက်သေးပဲ ၅မှုပဲ ရထားသေးရင် ကျနော်တို့ကို ပြသနာရှာပြီ။ ကျန်တဲ့ စခန်းတွေကလည်း အပြိုင် အဆိုင်ပဲ။ တက်တဲ့ စခန်းကလည်း တက်တယ် မတက်တဲ့ စခန်းက မတက်ဘူး။ ဆိုတော့ ဂျိုကာ ဆိုတဲ့ နေရာမှာ အမျိုးမျိုး ရှိတယ်။ ပြည်တန်ဆာတို့ လက်နက် တို့ ဒီလို အမှုတွေ ရှိတယ်။ ပြီးတော့ ယစ်မျိုး ပေါ့။ လိုင်စင်မဲ့ အရက်တို့ ဘာတို့ အဲ့လို ရှိတဲ့ အမှုတွေထဲက ယစ်မျိုး လိုင်စင်မဲ့ အရက်တို့ ဘာတို့ဆိုတာက နယ်ထိန်းတွေက အလှည့်ကျ လုပ်ထားပြီးသား။ လိုင်စင် မဆောင်တဲ့အရက်ဆိုင် က ၁၀ဆိုင် ရှိရင် တစ်လကို ၂ဆိုင်က အဖမ်းပြရမယ် ပြောထားပြီးသား ညှိထားပြီးသား။ တစ်လကို ၂ဆိုင် ဆို ၂ဆိုင်၊ ၃ဆိုင်ဆို ၃ဆိုင် အလှည့်ကျ ဒဏ်ငွေဆောင်ရမယ် အမှုပြီးမယ်၊ သူတို့က သိထားပြီးသား အရက်ဆိုင် စဖွင့်ကတည်းက နယ်ထိန်း နဲ့ ညှိထားပြီးသား။ ဒီလိုဟာတွေကျ ပြေလည်ပေမယ့် လက်နက်မှုကျ ခဲယဉ်းတယ်။

ကျနော် တို့က လစဉ် လတိုင်း လက်နက်မှု မဖမ်းပေးနိုင်ဘူး ခုနကလို ညှိလို့ရတဲ့ ဟာက များများတက်တယ်။ လက်နက်မှုက ၃လလောက်မှာ တစ်မှုမှ မတက်ဘူး ဆိုရင် ခရိုင်မှုးတို့ တိုင်းမှုး တို့က သေချာပေါက် လက်နက်မှုကို ဖမ်းဖို့ Pressure ပေးလာပြီ။ ဒီညမှ လက်နက်မှု မရဘူးဆို မနက်ကျ မင်းတို့ ဖြေရှင်းချက် ရေးဖို့ ပြင်ထားဆိုတော့ ခုနကလို မလုပ်သင့် မလုပ်အပ်တာကို မဖြစ်မနေ လုပ်ရတော့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ပြောတဲ့အတိုင်းမလုပ်ရင် နယ်ထိန်း ပြောင်းတာရွှေ့တာ စခန်းမှုး တွေ ရွှေ့ပစ်တာတို့လုပ်တာ ဆိုတော့၊ ကျွန်တော် တို့မှာ စကား ရှိတယ် ရဲ က ၃နေရာ ပြောင်းရင် အိမ်တစ်ခါ မီးလောင်တာ နဲ့ တူတူပဲ။ ဒီမှာ နည်းနည်း မိသားစု နဲ့ အဆင်ပြေခါနီးနေပြီ စုမိဆောင်းမိပြီဆို တစ်နေရာ ပြောင်း ရှိတာလေးခွဲစား။ ဟိုနေရာက အသစ်ဖြစ်သွားပြီလေ။ ပါလာတာလေး ခွဲစား။အဲ့ဒီကနေ နောက်တစ်နေရာပြောင်း ၃ခါလဲ ပြောင်းရော ရှိတာလေး ပြောင်ရော။ ၃နေရာ ပြောင်းရင် အိမ်တစ်ခါ မီးလောင်တာနဲ့ တူတူပဲတဲ့။ ဒီလိုမျိုး နှိပ်ကွပ်တာ ခံရတော့ နှိပ်ကွက်တာ မခံရအောင် မလုပ်သင့် မလုပ်အပ်တာတွေ လုပ်ရတော့တာပဲ။ လစဉ်လတိုင်း ရင်ဆိုင်ရနေကျ။

 xxxမှာ ကျနော့် တာဝန်က အုပ်ချုပ်ရေး။  တပ်ဖွဲ့ဝင်တွေ အလုပ်တာဝန် ခွဲပေးရတာ။ ကျနော် အဓိက တာဝန်က ဘယ်သူက စခန်းကင်း၊ ဘယ်သူကတော့ မြို့နယ် ရုံးထုတ်၊  ဘယ်သူကတော့ တရားရုံးထုတ် သွားရမယ် ဆိုပြီး တာဝန် ခွဲပေးရတဲ့အလုပ်။ ဒါ ကျနော် စမ်းချောင်း မှာ တာဝန်ကျတဲ့ အလုပ်။ ညဘက် လှည့်ကင်း စာရေး နဲ့ လှည့်ကင်း အလုပ်လုပ်ရတယ်။  နောက်ပိုင်း xxx ကို ပြောင်းသွားတော့ မှုခင်းအကူစာရေး၊ ဆိုတော့ အမှုဖွင့် ပေးရတာတို့ အမှုဖွင့်တဲ့ နေရာမှာ ကူလုပ်ရတာ တိုင်စာ ကောက်တာတို့ သက်သေခံ ပစ္စည်းတွေ တရားရုံးသွားအပ် ပေးရတာမျိုး။ အဲဒီအလုပ်တွေ လုပ်ရတယ်။ တချို့ကျတော့လဲ နှလုံးသား တော်တော်မာတယ်။ လိုင်းကြေး ဘယ်လောက် ယူထားထား မျက်နှာပြောင်တိုက်ပြီး ဖမ်းချ လိုက်တာပဲ။ ဥပမာ ၆ရပ်ကွက်ကကောင်က တစ်ယောက်ကို  ဖမ်းရတော့မယ်ဆိုရင် သူ သွားဖမ်းရင် ၆ရပ်ကွက် နယ်ထိန်း သွားဖမ်းရင် မျက်နှာနာမယ်၊ ၇ရပ်ကွက် နယ်ထိန်းကို လက်တို့လိုက်တယ်၊ ဒီတော့ ၇ရပ်ကွက်က ကောင်က သွားဖမ်းလိုက်တယ်၊ ပြီးရင် ကျနော် မသိလိုက်လို့ပါဗျာ လုပ်တယ်။ အမှန်တော့ လက်ဝါးချင်း ရိုက်ပြီးသား။ ဖမ်းမယ် ဆိုတာ အစီအစဉ် ရှိပြီးသား။ ဟိုဘက်ကို မျက်နှာနာမှာစိုးလို့ မျက်နှာပြောင်တိုက်တာ။ ဘာ့ကြောင့် မျက်နှာပြောင် တိုက်ရလဲ ဆိုတော့ ခုနကလိုပေ့ါ။

အထက်က လူကြီးတွေကလည်း ပြည်သူတွေရှေ့ ရုပ်လုံး ထွက်ပြမယ်ဆို ခရိုင်မှုး တို့ တိုင်းမှုးတို့က သူတို့ကို အင်တာသွားဗျူးကြည့် ဘုရားဒကာ ကျောင်းဒကာအတိုင်း ပြောတာ။ အဲ့ဒီအချိန်ဆို သူတို့ ပြောလိုက်တဲ့ စကားတိုင်းသည် အကောင်း။ ပြည်သူတွေကို ဘယ်လိုဆက်ဆံပါ၊ ကျင့်ထုံးနဲ့ အညီ ဆောင်ရွက်ပါ၊ မင်းတို့ ရဲမှာ ကျင့်ထုံးဆိုတာ ရှိပြီးသား ကျင့်ထုံးနဲ့ အညီ ဆောင်ရွက်ပါ ဥပဒေ နဲ့ အညီ ဆောင်ရွက်ပါ။ လူကြားထဲမှာကျ အဲဒီလို ညွှန်ကြားတာ။ နောက်ကွယ်မှာကျ ဒီဘက် စခန်းက ၁၀သိန်း ကန်တော့ရင် ဥပမာ ပြောတာနော် ၁၀သိန်း မကပါဘူး၊ ဒီဘက်က သိန်း ရာနဲ့ချီ ကန်တော့တယ်၊ သိန်း ၂၀၀ တက်တယ်၊ ဟိုဘက်က စခန်းက သိန်း ၅၀ လောက်ပဲ တက်ရင် မကြိုက် တော့ဘူး။ ဟိုကောင့်ကို အမျိုးမျိုး ပြဿနာ ရှာပြီ စိတ်ညစ်အောင် လုပ်ပြီ။ အဲတော့ ဟိုကောင်က ဘာလုပ်ရလဲ ဆိုရင် ဟိုဘက် စခန်းလိုပဲ သိန်း ၁၀၀ ၊ ၂၀၀ ပေးနိုင်ဖို့ ပြည်သူကိုပဲ ပြန်ပြီး ဂုတ်သွေး စုပ်ရတာ။ ခုနကလို ရပ်ကွက်မှာ ဘယ်သူတွေ ရှိလဲ လောင်းကစားတွေရှိလား။ KTV ရှိလား။ ပိုက်ဆံ တောင်း လို့ ရမယ့် လောကသားပေါ့။ ဥပဒေ နဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ ဆောင်ရွက်ပြီး စီးပွားရှာနေတဲ့ နေရာတွေ ပတ်သွားပြီး ဂုတ်သွေးပြန်စုပ်။ အဲဒီကနေ ပိုက်ဆံရ အဲဒီ ပိုက်ဆံကို သူလဲစား ဟိုလဲပေး အဲဒီလိုသွားရတာ ။

အာဏာသိမ်းတဲ့အချိန်မှာ မြန်မာနိုင်ငံ xxx ရဲတပ်ဖွဲ့မှာ တပ်ရဲ တာဝန်ကျနေတာ။ ကျနော် တို့က ရဲချုပ်ရုံး ဆိုတေ့ာ ရုံးချိန်အတိုင်းပဲ တက်ရတော့ အိမ်ပြန်လို့ ရတယ်။ စခန်းတွေမှာ တာဝန်ကျတုန်းက ၂၄နာရီ တာဝန်ဆောင်ရွက်နေရတာ။ ရဲချုပ်ရုံးကျ အဲလို မဟုတ်တော့ဘူး။ မနက် ၆နာရီ ရုံးသွားတယ် ညနေ ၆နာရီ ဆို ပြန်လို့ရတယ်။ အိမ်ငှားနေတာ မနက် ၆နာရီကျ ရုံးလာတယ် ရုံးလာတဲ့ အချိန်မှာ မနက် အိပ်ယာ ထထခြင်းမှာ ဖုန်းလိုင်းမမိတော့ဘူး တီဗီတွေ မြန်မာ့အသံ မြဝတီကလွဲလို့ ကျန်တဲ့လိုင်းတွေ ကြည့်လို့မရတော့ဘူး။ ဆိုတော့ ထူးတော့ထူးခြားပြီဆိုပြီး သဘောပေါက်တယ်။ ရုံးသွားတဲ့အချိန် လမ်းမှာ ကောင်းကင်မှာ ရဟတ်ယာဥ်တွေဘာတွေ  ပျံတာ တွေ့လိုက်တယ်။ ဟက်စကီး ပျံနေပြီ ဆိုတော့ တော်တော်လေး ထူးခြားပြီ ဆိုတော့ ရုံးရောက်တော့ မေးကြည့်တော့ အာဏာ သိမ်းသွားပြီပေါ့ ။ အဲ့ဒီအချိန်မှာ စသိတယ်။ ရဲချုပ်ကို စစ်ရုံးထဲ ခေါ်ထားတယ် ၁၀နာရီမှ သိရတာ ရောက်ရောက်ခြင်း မသိသေးဘူး။ ၁၀နာရီလောက်ကျ ရဲချုပ်ကို စစ်ရုံးကနေ လူကြီး တစ်ယောက်ရဲ့ကားတစ်စီး စစ်တပ်က ဗိုလ်ချုပ်တွေစီးတဲ့ ကားအစိမ်း အဲဒီက ယာဉ်မောင်းက မောင်းပြီး ပြန်လာပို့တယ် ရဲချုပ် ပြန်လာတယ်။ အမှန်တော့ မင်း လာအုံးကွာ ရုံးထဲမှာ စကားပြောစရာရှိတယ် ဆိုပြီး အချိုသတ်ပြီး ခေါ်ထားတာ။ အမှန်တော့ ခဏ ထိန်းထားတဲ့ သဘောပဲ။ အာဏာတွေ ဘာတွေ သိမ်းပြီး သူတို့ဘက်က ပြီးစီးပြီ ဆိုမှ ရဲချုပ်ကို ပြန်ပို့တာ ။ ကျနော့် အထင်ကတော့ ကလန်မှာ စိုးလို့။ ပြီးတော့ အထူးသဖြင့် ရဲတပ်ဖွဲ့ကို တပ်က ဘယ်တုန်းကမှ မယုံကြည်ဘူး။ စစ်တပ်က သူတို့ကို ပြန်ပြီး အာခံမှာ၊ သူတို့ကို အန်တု မှာ အင်မတန် ကြောက်တာ။

အဲဒါကြောင့် တပ်ပြောင်း ရဲအရာရှိကြီးတွေကို ရဲတပ်ဖွဲ့တွေမှာ ခေါင်းကြီးပိုင်းမှာ အမြဲထား ထားတာ။ ရဲ အရာရှိကိုင်တဲ့သေနတ်က ၆လုံးပြူး သေနတ်။ ဒုတိယ ကမ္ဘာစစ် လက်ကျန်သေနတ်။ ရဲစခန်းတွေမှာ သွားကြည့်လိုက် နယ်စပ် ဒေသလို တိုက်ပွဲ ရှိတဲ့ နေရာ တွေမှာ မောင်းပြန်သေနတ်တို့ ပစ်စတို တို့ ဆိုတာ အဲ့ဒီနေရာမှာ ထုတ်ပေးတာ။ ကျန်တဲ့ မြို့ပေါ်မှာ ကြည့်လိုက် ရဲအရာရှိကိုင်တဲ့ သေနတ်က ၆လုံးပြူး နှိမ်ထားတာ။ မောင်းပြန်သေနတ်တွေ ချ ပေးတယ် ဘယ်လို ချပေးလဲ ဆိုတော့ တပ်က အကျတွေ 94 တို့လို  ဆိုရင် တော်တော် ကြာတဲ့ သေနတ်တွေ။ ရဲကိုဆို အမြဲ နှိမ်ထားတာ အကျော်မခံဘူး။ ရဲကို နှိမ်ထားတာ၊ ရဲထဲကို သူတို့အသွင်ပြောင်းတွေ မထည့်ထား ဘူးပဲထားဦး၊ ပြည်ထဲရေး ဝန်ကြီးက တပ်ကလူပဲ ထားထားတာ။ ပြည်ထဲရေး ဝန်ကြီးကို လဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လွှဲထားပြီးသား။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထဲရေး ဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်ကပဲ တိုက်ရိုက်ခန့်ရမယ် ဆိုတာ ပါပြီးသား။  ရဲတပ်ဖွဲ့က တပ်ရဲ့ လောင်းရိပ် အောက်က  ဘယ်လိုမှ လှုပ်လို့မရတော့ ဘူး ချုပ်ထားပြီးသား။

အောက်ခြေက လူတွေကတော့ စိတ်မကောင်းကြဘူးပေါ့။ တော်တော်များများ ကတော့ စိတ်မကောင်းကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စပြီး ရဲ ကို တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ရှေ့က နောင်တော်ကြီးတွေ မကောင်းခဲ့ပဲ ဒီလိုမျိုး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဘုန်းကြီးတွေ ဘာတွေ ရိုက်တယ် ဖြစ်တဲ့ အချိန် လောက်ထဲက အဆိုးကို ဆေးကြော တဲ့ အနေနဲ့ ပြည်သူတွေ ယုံကြည်မှု တည်ဆောက် ဝန်ဆောင်မှုတွေ လိုက်ပေး သင်တန်းတွေ တက် ကောင်းအောင် လိုက်လုပ် ပြည်သူ ကလဲ ကိုယ့်ကို နည်းနည်းလေး ယုံကြည်လာပြီ ပြည်သူနဲ့ ရဲ နဲ့ သဟဇာတ ဖြစ်လာပြီး ကောင်းမွန်တဲ့ အခြေအနေ တစ်ခုရောက်တဲ့အချိန်မှ အာဏာ ပြန်သိမ်းလိုက်တယ် ဆိုတော့ ကျနော်တို့က ရင်ခံ တာပေါ့။ သူတို့ ဆိုးခဲ့တဲ့ နာမည် ဆိုးကြီးကို ကျနော် တို့က နာမည် ကောင်း ရ အောင်ကြိုးစား ခဲ့တယ် နာမည်ကောင်းလေး ရခါနီးကျမှ ရိုက်ချလိုက်တော့ ဝမ်းနည်းတယ်။ အောက်ခြေက လူ တော်တော် များများလဲ စိတ်မကောင်းဘူး။

အဓိကရုဏ်း နှိမ်နင်းရေး တာဝန်ယူ ဆောင်ရွက်ရတယ်ဆိုတာ ရဲတပ်ရင်းတွေ နယ်မြေ ရဲစခန်းတွေပဲ တာဝန် ပေးတာ။ ရဲချုပ် ရုံးက တပ်ရဲ တာဝန် စည်းကမ်း ထိန်းသိမ်းရေး ဆိုတော့ ကျနော်က xxxရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ဆိုတော့ တော်ရုံတန်ရုံ ထိလို့ မရဘူး၊ ထည့်မရဘူး မထည့် ခဲ့ဘူး။ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ကျ‌နော်တို့ ဂျူတီက လွဲရင် ကျန်တဲ့ တာဝန်မပါဘူး။ နယ်မြေရဲမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေ ရဲတပ်ရင်းမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေပဲ  အထိ ကရုဏ်း တာဝန်တွေ ဆောင်ရွက်ရတာ။

ကျနော် တို့ သိခဲ့ဖူးတဲ့ ဦးနန္ဒဝင်း ဆိုတာ အဲ့ဒီ ဖြစ်စဉ် မဖြစ်ခင် အထိ သဘော ကောင်း တယ်။ လူငယ်ပဲ အသက်ကလဲ ငယ်တယ်။ လူငယ် တပ်ပြောင်း အရာရှိ။ တော်ရုံ တန်ရုံ ကျနော် တို့ တပ်ဖွဲ့ဝင်တွေကို ဖြဲတာ ဘာညာ မရှိဘူး။  ဒါပေမယ့် သူက အာဏာ သိမ်း တဲ့ ဖြစ်စဉ် မှာ အာဏာမသိမ်းသေးဘူး သူက ရာထူးတိုးသွားတယ်။ ဦး နန္ဒဝင်း က ဒု ရဲမှူးကနေ ရဲမှူးကြီးဖြစ်သွားတာ ။ သိပ်မကြာဘူး အာဏာသိမ်းတဲ့ ဖြစ်စဉ် ဖြစ် တယ်၊ ဖြစ်တဲ့ အခါမှာ နေပြည်တော်မှာ အထိကရုဏ်း ဖြစ်တော့ သူက အမိန့်ပေးပြီးတော့ တာဝန်ယူ ပြီး အထိကရုဏ်းကို တာဝန်ယူ ဖြေရှင်း ရတဲ့ ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အချိန်မှာ ပစ်ခတ် နှိမ်နင်းတဲ့ အချိန်မှာ သူ ကိုယ်တိုင် ပစ်လိုက်တာ။ ပစ်လိုက်တယ် ဆိုတာ ကျနော် က အဲ့ဒီအချိန်မှာ တာဝန် က ရဲ လုံခြုံရေး ထိပ်မှာပဲ ရှိနေတာ။ ပစ်လိုက်တယ် ထိသွားတယ်။ ကောင်မလေး က ကိုမာဝင်သွားပြီး ဆေးရုံရောက်တယ်။ ဒါ ကျနော် တို့ သိနေတာ။ အဲဒီဖြစ်စဉ် တစ်ရက်လောက်ကြာတဲ့အချိန်မှာ ကျနော့် နားမှာ ရှိနေတဲ့ ရဲအုပ် တစ်ယောက်ဆီ ဦးနန္ဒဝင်း က ဖုန်းဆက်လာတယ်။ ခင်ဗျား Follower များတဲ့ Page ရှိလားတဲ့ ရှိရင် အဲဒီ page မှာ ဘယ်လိုတင် ရာဘာကျည် နဲ့ ပစ်တာပါ သူပစ်တာ မဟုတ်ပါဘူးပေါ့။ ကောင်မလေးကလည်း မသေ သေးပါဘူး ဆေးရုံမှာ တင်ထားပါတယ် အဲဒီလိုတင်ဆိုပြီး သတင်းမှားကို တင်ဖို့ လှမ်းဖုန်းဆက်တာ။ အဲဒီ နောက်ပိုင်း ဖြစ်စဉ်တွေကတော့ ကျွန်တော် မရှိလို့ မသိခဲ့ဘူး။ ကျနော် ကလဲ အာဏာသိမ်းပြီး သိပ်မကြာဘူး ၃လပိုင်း ၇ရက်နေ့မှာ ထွက်လာခဲ့တာ ။

ကျနော် ကတော့ ရိုးရိုးလေးပဲ။ ကျနော် တို့ အောက်ခြေ တပ်ဖွဲ့ဝင်တွေက တစ်သက်လုံး နင်းပြားပဲ။ နင်းပြား ဆိုတော့ မကျေနပ်ချက်တွေက အစောကြီးထဲက ရှိတယ်။ တပ်ပြောင်း အရာရှိကြီး တွေရော မဟုတ်မမှန်တွေ လုပ်နေတဲ့ အရာတွေကို သိပ်ပြီး လက်ခံတဲ့ အထဲမှာ မပါဘူး။ မချစ်သော် လည်း အောင့်ခါနမ်း အနေနဲ့ပဲ နေနေတာ။ ပြီးတော့ ရဲ ဆက်လုပ်နေတဲ့ အနေအထားမှာလည်း လစာကို မက်လို့လည်း မဟုတ်ဘူး။ ကိုယ်လုပ်တဲ့ အလုပ်က အထိုက်အလျောက်လည်း ကြာလာပြီ ကိုယ့် စိတ်ထဲမှာ မှတ်ယူလိုက်တာက ငါလုပ်တဲ့ အလုပ် ကို ငါကပဲ လေးစားရမယ်၊ ငါမှ မလေးစားရင် ဘယ်လိုလူကမှ လေးစားမှာ မဟုတ်ဘူး၊ အဲဒီလိုတွေ တွေးဖြစ်တာ။ တကယ်တော့ ကျနော် ကလည်း အရမ်းကြီး ကောင်းမွန်တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဝန်ထမ်း ဆိုတဲ့ ဂုဏ်လေးနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ လုပ်သက်လေး တစ်ခုမှာ အရမ်းကြီး အောင်မြင်ချင်တာ မဟုတ်ရင်တောင်မှ  ခရီးလေး တစ်ခု ပေါက်ချင်တယ်။ ရဲဘော်ကနေ မှ ဒုတပ်ကြပ် ၊ တပ်ကြပ် အဲဒီကနေမှ မိဘကို လုပ်ကျွေးနိုင်မလား တနေရာရာမှာ မှတ်တိုင်လေး တစ်ခု ဖြစ်မလား ဆိုတဲ့ မျှော်လင့်ချက် နဲ့ နေတာ။ ကိုယ်က အဲဒီနေရာတွေ မရောက်သေးဘူး။ အဲဒီလို မဖြစ်သေးတဲ့ အချိန်မှာပဲ ဒီလို အာဏာ သိမ်းလိုက်ပြီ ဆိုတော့ ဘာထူးတော့မှာလည်း။ ဘာဂုဏ်မှလဲ မရှိတော့ဘူး။ လစာလဲ မက်လောက်စရာမရှိဘူး။ နဂိုကတည်းကလဲ ကျေနပ်တာ မဟုတ်တော့ သံရုံး ရှေ့တွေမှာ လူတွေကဆန္ဒပြကြတဲ့အခါ  ဒူးထောက်ပြီး တောင်းပန်တယ်။ ပြီးတော့ မျက်ရည်ကျတယ်။ အဲတာတွေကြည့်ပြီး မခံစားနိုင်ဘူး။ သံရုံးတွေ ရှေ့မှာ မြန်မာပြည်ကို ကယ်ပါဗျာဆို သွားတောင်းဆိုကြတယ် မခံစားနိုင်ဘူး။  နေလို့ မရတော့ဘူး။ ကိုယ့်ရဲ့ နဂို ခံစားချက်ကလည်း ရှိတယ်၊ ဒီဖြစ်စဉ်မှာ ဆက်နေနေရင်လဲ ကိုယ်အသက်ရှင်ရတာ အဓိပ္ပါယ် မရှိတော့သလို ခံစားရတယ်။ အဲဒါကြောင့် ထွက်လာတာပါ။ ကိုယ့်အတွေးထဲမှာကိုက ဒီအချိန်မှာ ဒါတော့ လုပ်သင့်တယ် ဒါတော့ မလုပ်သင့်ဘူး ဆိုတဲ့ ဦးနှောက် ရှိပြီးသားဆိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး ထွက်လာလိုက်တာ။

ထွက်လာဖို့ကြိုးစားစားစဥ်က အခက်အခဲက ရှိတာပေါ့။  ကိုယ်က လူငယ်ကတော့ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်တာပဲ ရှိတယ်။ ပိုက်ဆံက မရှိဘူး။ အိတ်ထဲမှာ ၃၅၀၀ ပဲ ရှိတယ်။ ဖြစ်ချင်တာဖြစ် ဆိုပြီး ၇ရက်နေ့မှာ ထွက်လာတာ၊ တကယ်တမ်းက ၆ရက်နေ့ ည ပေါ့။ ကျနော် တို့က စနေ၊ တနင်္ဂနွေ ဆိုရင် တန်းမစီဘူး လူမစစ်ဘူး၊ ဆိုတော့ စနေ၊ တနင်္ဂနွေ အချိန် အေးဆေး ရတယ် တနင်္လာနေ့ ညနေ တန်းစီမှ ကျနော် ပျောက်နေတာ သိမှာ။  စနေနေ့ ညမှာ ကျနော် နေခဲ့ဖူးတဲ့ အဆောင်က အစ်မကို ဖုန်းဆက်ပြီးတော့ တစ်ည လာနေလို့ ရလား ဆိုတော့ ရတယ် တချို့ အခန်းတွေက လူမရှိဘူး လွတ်နေတာ တစ်ည လာတည်းလို့ ရတယ် ဆိုတော့ ကျနော် အဲ့ဒီကို ရောက်သွားတယ်။ အဲဒီမှာ ကျနော်နဲ့ သိတဲ့ အဒေါ် ကြီးက သိသွာပြီး ဘာအခက်အခဲ ရှိလည်းမေးပြီး လမ်းစရိတ် ၃သောင်း ပေးလိုက်တာ။  အဲဒီတုန်းက ကိုဗစ်ကာလ ဆိုတော့ လိုင်းကား စီးလို့ မရဘူး တက္ကစီ ပဲ စီးရတာ။ xxxကနေ xxx ကို ၃သောင်းခွဲ ပေးရတယ်။ ကိုယ့်မှာ ရှိတာက ၃၅၀၀ နဲ့ ၃သောင်းခွဲ ဆိုတော့ လမ်းစရိတ်က မလောက်ဘူး။ အသိ အစ်ကို တစ်ယောက်ကို ၂သောင်း လှမ်းလွှဲ ခိုင်းပြီး သူ က ၂သောင်း လှမ်းလွှဲပေးတယ်။ အဲ့ဒါ နဲ့ သွားတာပေါ့။ ကံကလဲ ကောင်းပါတယ်။ အဲဒီတုန်းက အသိ ဦးလေးက ဘယ်သွားမှာလဲ ငါ့ဆီ လာခဲ့ xxxမှာ ဆိုဒ်တစ်ခု ရှိတယ် သူက ဆောက်လုပ်ရေး မန်နေဂျာ ဆိုတော့ အဲ့ဒီ ဆိုဒ်မှာ ငါနဲ့ အတူ လာနေလိုက် ဆိုတော့ သူက အဲ့ဒီ ဆိုဒ်ထဲမှာပဲ နေဖို့စားဖို့ စီစဉ် ပေးထားတယ်။ အဲဒီမှာ ၇လကြာတယ်။ အင်တာနက်တွေကလဲ ဖြတ်လိုက်တယ်။ ကျနော်က အဲဒီမှာ ခဏနေမယ် နေပြီးရင် လွတ်မြောက်နယ်မြေ တစ်ခုကို သွားမယ် စီစဉ်တာ။ အဲဒီ အချိန်မှာ လွတ်မြောက် နယ်မြေက လူတွေ နဲ့ ဘယ်လို မှ အချိတ်အဆက် မရှိဘူး။ ရှိနေတာတွေကလဲ လိုင်းပေါ်က ဆိုတော့ ရုတ်တရက် ကြီး သင်္ကြန် မတိုင်ခင် လိုင်းတွေ ဖြတ်ချလိုက်တော့ သင်္ကြန်ကာလ တောက်လျောက် ဘယ်နှစ်လ ကြာမလဲ မသိဘူး။ အွန်လိုင်း တွေ ပြန်ရမှ ကျနော် လွတ်မြောက် နယ်မြေ ရောက်တာပေါ့။  အဆက်အသွယ် ရတော့ ပြည်သူ့ရင်ခွင် ကို ချိတ်ပြီး လေးကေ့ကော် ကို ၉လပိုင်း ၃၀ရက်နေ့မှာ ရောက်တယ်။

ကျနော် နဲ့ အတူတူ တာဝန်ကျတဲ့ ဒုတပ်ကြပ် တစ်ယောက် ကတော့ တစ်ချိန်ထဲ ထွက်တာ။ သူက KIA ထဲ ရောက်သွားတယ်။ အခုလက်ရှိ KIA ထဲမှာရှိတယ်။

အခုလောလောဆယ်တော့ CDM ဆောင်ရွက်လာတာ ၂နှစ်လဲ ပြည့်တော့မယ်။ နားလည် လိုက်တာက ကျနော် ထိုက်သင့် သလောက်တော့ တော်လှန်ရေးမှာ ပါပြီးပြီ။ တခုခု ရပ်တည်ချင်တယ်။ ကိုယ့်ကိုကိုယ် အရင် ရပ်တည်အုံးမယ် ကိုယ့်ကိုကိုယ် တည်ဆောက် ကြည့်မယ် ကိုယ် အဆင်ပြေတဲ့ အခြေအနေ ရောက်ပြီ ဆိုရင်တော့ ခေါင်းထဲမှာ အတွေးတွေ ရှိပါတယ်။ ကိုယ်ကိုတိုင်လဲ တောထဲ အထိ ရောက်ခဲ့ဖူးတော့ ဘယ်လိုလူတွေကို ကူညီ ဆောင်ရွက်ပေးရင် ဘယ်လောက် ထိရောက် မယ်ဆိုတာ သိနေပြီ။ ကိုယ့်ကိုကိုယ် တည်ဆောက်ကြည့်အုံးမယ်။

နယ်စပ်ရောက်ရောက်ခြင်းတုန်းက ခက်ခဲတယ်။ ရောက်တာလဲ ၆လလောက် ရှိပြီ ဆိုတော့ နည်းနည်းတော့ သိပြီပေါ့။ အရင်က ရောက်ခါစကတော့ ပုလိပ်တွေဘာတွေ ဖမ်းမိလို့ ဖြေရှင်း ရမှာ မကြောက်ဘူး ပုလိပ်ကဖမ်းပြီး မြန်မာ ပြည် ပြန်လွှတ်မှာပဲ စိုးရိမ်တာပါ။ အဲဒီ တုန်းက အသိအကျွမ်းကလည်းမရှိဘူး။ ဒီဘက် ရောက်လာမှ လိုက်ချိတ်ဆက် ပြီး ဘယ်လို နေရလဲ ဘယ်လိုထိုင်ရတယ်ဆိုတဲ့ ဒီဘက်က အထာလေးတွေကို သဘောပေါက်လာတယ်။

ဒီမှာ သူများအကူအညီပေးတာတွေနဲ့ မနေချင်ဘူး။ အလုပ်လုပ်ပြီး ကိုယ့်ဖာသာကိုယ် ရပ်တည်ချင်တယ်။ အလုပ်ရှာနေတယ်။ ရပ်တည်နိုင်ပြီဆိုရင် ကူညီသင့်တဲ့သူတွေကို ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။