• Today is: Thursday, April 18, 2024

မြဝတီ-ကျုံဒိုး တိုက်ပွဲအတွင်း အရပ်သားများ ပိတ်မိနေပြီး ထိခိုက်မှုများရှိ

Photo – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၆၊ ၂၀၂၃

မတ်လ ၂၅ရက်‌နေ့မှာ ကရင်ပြည်နယ်ရှိ မြဝတီမှ ကျုံဒိုးအထိ ဖြစ်ပွားနေသော တိုက်ပွဲကြားမှာ အရပ်သားပြည်သူများ ပိတ်မိနေပြီး ထိုအရပ်သားပြည်သူများမှာ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်သေဆုံးမှုများပါ ရှိနေကြောင်း ဒေသခံ ပြည်သူတစ်ဦးထံမှ သိရပါတယ်။

လက်နက်ကြီးစ ထိမှန်၍ ကော့ဝါးလဲ အေးချမ်းသာယာရွာက အသက် ၁၄နှစ်အရွယ် ကောင်လေးတစ်ဦး သေဆုံးပြီး ကျုံဒိုးမှာလည်း ၂ဦးသေဆုံးကြောင်း သိရပါတယ်။

ထို့အပြင် လက်နက်ကြီးစ ထိမှန်၍ ဒဏ်ရာရရှိသူများလည်း အများအပြားရှိနေပြီး ကျေးရွာအတွင်း ပိတ်မိနေသူများလည်း ရှိနေကြောင်း ပြောပါတယ်။

” ပိတ်မိနေသူတစ်ချို့တော့ ဒီမနက်ထွက်ကြပြီး။ကျန်တဲ့သူတွေကိုလည်း ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ ဒီမနက်လည်း တစ်ဦး လက်နက်ကြီး ထိထားတယ်တော့သိတယ်။ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး ” လို့ ဒေသခံ တစ်ဦးမှ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ကျုံဒိုး ကွက်သစ်ပိုင်းမှာတော့ လက်နက်ကြီးကြောင့် မီးလောင်မှုတွေဖြစ်ပေါ်လာခဲ့ပြီး နေအိမ်အရေအတွက် မည်မျှ မီးလောင်ပျက်စီးခဲ့သည်ကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းလျှက်ရှိပါတယ်။