• Today is: Thursday, April 25, 2024

NUG၊ PDF ကို ပံ့ပိုးနေတဲ့ EAO တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ – MRTV

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၇၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို ပံ့ပိုးနေတဲ့ EAO- တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၂၇ရက် နေ

ပြည်တော်မှာ ကျင်းပတဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်အနားမိန့်ခွန်းမှာ ထည့်သွင်း ပြောလာပါတယ်။

NUG – အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ PDF တို့ရဲ့ တိုက်ခိုက်မှုတွေကို လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ သူကပြောတာပါ။

“ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG ကတဆင့် ပေါက်ဖွားလာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကိုကူညီပေးတဲ့ တချို့သော EAO များရဲ့ နိုင်ငံအပေါ်မှာ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေမှုများသာ ဖြစ်သလို NUG နဲ့ အကြမ်းဖက်အဖွဲ့တွေကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာ ဖြစ်သလို ရွေးကောက်ပွဲကိုလည်း ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးလို့ စစ်ခေါင်းဆောင်ကပြောသလို ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့ မရဘူးလို့လည်း ပြောပါတယ်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဟာ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့မှာ အဓိက ဖွဲ့စည်းလှုပ်ရှားမှုများ ရှိနေပြီး စစ်ကောင်စီတပ်များနဲ့လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေတာပါ။

အလားတူ တချို့ PDF တပ်ဖွဲ့များဟာလည်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက် ရှိပါတယ်။

လက်ရှိမှာတော့ NUG နှင့် EAO ၅ ဖွဲ့ကြား နိုင်ငံရေး၊ စစ်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး PDF များအား လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး ကူညီပေးနေတဲ့ EAO အဖွဲ့ ၄ ဖွဲ့ခန့်ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ စုစုပေါင်း မြို့နယ် ၄၇ ခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေငြာထားပါတယ်။

စစ်ခေါင်းဆောင်၏ ပြောဆိုမှုအရ ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက် လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။