• Today is: Thursday, April 18, 2024

NLDအပါအဝင် တိုင်းရင်းသားပါတီအချို့ကိုပါ ဖျက်သိမ်းကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် ကြေညာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၈၊ ၂၀၂၃
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် တိုင်းရင်းသားပါတီ ၄၀ကို ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ‌မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
အဆိုပါထုတ်ပြန်ချက်တွင် ဖျက်သိမ်းခံရသောပါတီများမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဥပဒေအသစ်တွင် ပြန်လည်၍ ပါတီမှတ်ပုံတင်ခြင်း မရှိသောကြောင့် ဖျက်သိမ်းရခြင်းဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီကြီးတွေကိုပါ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
 
မှတ်ပုံမတင်ခဲ့တဲ့ နိုင်ငံရေးပါတီများထဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) အထွေထွေ အတွင်း ရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပါတီ ဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး ကိုယ့် အခက် အခဲနဲ့ ကိုယ် မှတ်ပုံ မတင်ထား နိုင်တာလွှဲလို့ရှိရင်၊ ပြစ်မှုတစုံတရာ ကျူ လွန်ထားတာ မရှိလို့ ထူးထူး ခြားခြား ထိခိုက်နိုင်စရာ အကြောင်းမရှိဘူးလို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကလည်း ALD ဘက်က တော့ သူတို့ပါတီအနေနဲ့ ပါတီပယ်ဖျက်တာမျိုး အရင်ကလည်း ကြုံခဲ့တဲ့ အတွေ့ အကြုံရှိတာကြောင့် အုပ်ချုပ်သူ တွေက ဖျက်လို့ ပျက်တယ်ဆိုတာမျိုးတော့ မရှိသလို မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီ တချို့ဆိုရင် လွတ်လပ်ရေး မခင် ကတည်းကနေပြီးတော့ နိုင်ငံရေးပါတီရှိခဲ့တယ်။ ဖျက်တာလည်း အကြိမ်ကြိမ် ပဲ၊ ဒါပေမဲ့ သူတို့တွေက ဒီနေ့အချိန်ထိလှုပ်ရှားနေတဲ့ဟာမျိုးတွေ့ရတယ်လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဥပဒေအသစ်တွင် ပြန်လည်မှတ်ပုံတင်သည်မှာ ပါတီ (၅၀) ရှိပြီး ပါတီအသစ်အဖြစ် ပြန်လည် ဖွဲ့စည်းထားသည်မှာ (၁၃) ပါတီ ရှိကြောင်း သိရပါတယ်။
 
ပြန်လည်မှတ်ပုံတင်ထားသော ပါတီစုစုပေါင်း (၆၃) ခုတွင် ပြည်ထောင်စုတစ်ဝှမ်းလုံးအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီမှာ (၁၂) ပါတီရှိပြီး တိုင်းနှင့်ပြည်နယ် အခြေပြု ယှဥ်ပြိုင်မည့် ပါတီမှာ (၅၁) ပါတီ ရှိကြောင်း သိရပါတယ်။
 
အဆိုပါ ပြန်လည်မှတ်ပုံတင်ထားသော ပါတီများကို စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ စီစစ်နေဆဲ အဆင့်မှာသာ ရှိခြင်းကြောင့် ပါတီမှတ်ပုံတင် မချပေးရသေးပေ။
 
သို့သော်လည်း ပါတီအသစ်အဖြစ် လျှောက်ထားမည့် ပါတီများကိုလည်း ဆက်လက်ခံသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာထားပါတယ်။
 
မှတ်ပုံ မတင်တဲ့ နိုင်ငံရေးပါတီ (၄၀)တွေကတော့ မတ်လ ၂၉ ရက်နေ့က စတင်ပြီး အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပြီး ပါတီများကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာ ထားပါတယ်။