• Today is: Sunday, April 14, 2024

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ထားသည့် တိုင်းရင်းသားလူမျိုး ကိုယ်စားပြု နိုင်ငံရေးပါတီများ

ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၂၉)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ထားသည့် တိုင်းရင်းသား လူမျိုးများကိုယ်စားပြု နိုင်ငံရေးပါတီ (၂၆)ခု ရှိခဲ့ကြောင်းသိရပါတယ်။

ယင်းမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများမှာ ရခိုင်ပြည်နယ်မှ (၅)ပါတီ၊ ကချင်ပြည်နယ် (၄) ပါတီ၊ စစ်ကိုင်းတိုင်း (၂) ပါတီ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် (၁)ပါတီ၊ ရှမ်းပြည်နယ် (၈) ပါတီ၊ မွန်ပြည်နယ် (၁)ပါတီ၊ ကရင်ပြည်နယ် (၂)ပါတီ၊ ချင်းပြည်နယ်မှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် တို့ ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအနေနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသမီးပါတီ(မွန်) တို့ ပါဝင်သည်ကို တွေ့ရပါတယ်။

 

ယခင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းအရ တိုင်းရင်းသားလူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီ အရေအတွက်မှာ (၄၉) ပါတီရှိသည်ကို တွေ့ရှိရပါတယ်။ ယင်းထဲမှ (၂၆)ပါတီက စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုတဲ့ နိုင်ငံရေးပါတီတွေဟာ မတ် ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမှာဖြစ်ပြီး မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ  စုစုပေါင်း နိုင်ငံရေးပါတီ  ၆၃ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့် ပြန်မလျှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့ပါတယ်။