• Today is: Friday, March 29, 2024

အိန္ဒိယနိုင်ငံသား ၂ ဦး ပါဝင်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ထဲက သတ်ဖြတ်မီးရှို့မှုမှာ CDF-Mindat ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆို

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၉၊ ၂၀၂၃

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ ယူဆနေတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁ ဦး အရပ်သား ၃ ဦး အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က သတ်ဖြတ် မီးရှို့ခံခဲ့ရတဲ့ ဖြစ်ရပ်တခုမှာ နှစ်ဘက် အပြန်အလှန် စွပ်စွဲငြင်းဆိုမှု ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီ သတ်ဖြတ်မီးရှို့မှု ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Saiha မြို့နယ် Ainak နှင့် Ngalang ကျေးရွာအနီးတွင် (၃) လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့က အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သော ဒေါဗျက်ရွှေသဲ အပါအဝင် အိန္ဒိယနိုင်ငံသား (၂) ဦး တို့က သတ်ဖြတ်မီးရှို့ ခံခဲ့ရတာပါ။

အဆိုပါ ဖြစ်ရပ်အတွင်း ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုအပေါ် CDF-Mindat ဘက်က လုံးဝ ပါဝင် ပက်သက်ခြင်းမရှိဘူးလို့ CDF-Mindat တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောဆိုထားသလို ဒီကနေ့ မတ်လ ၂၉ ရက် ရက်စွဲဖြင့်လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“အဲဒီ လူသတ်မှု ဖြစ်စဉ်တွင် CDF-Mindat တပ်ဖွဲ့ဝင်ထဲ မှ ပါဝင်ပက်သက်သူ လုံးဝမရှိသလို၊ CDF-Mindat အဖွဲ့အစည်းအနေဖြင့် စေခိုင်းချက်တစ်စုံတစ်ရာလည်းမရှိဘူး”လို့ သူက ပြောတာပါ။

CDF-Mindat ထုတ်ပြန်ချက်အရ အဲဒီဖြစ်စဉ်အတွင်း CDF-Mindat တပ်ဖွဲ့ဝင်လို့ စွပ်စွဲ ပြောဆိုနေတဲ့ ဆလိုင်းအောင်လိန်းဆိုသူဟာ CDF-Mindat တပ်ဖွဲ့ဝင်မဟုတ်သလို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ကြားခံပစ္စည်း ဝယ်ယူ ဆောင်ရွက်ပေးသူသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်မီးရှို့ခံရတဲ့ မြန်မာနိုင်ငံသူ ချင်းလူမျိုး ဒေါ်ဗျက်ရွှေသဲ၏ မိသားစုဝင်တဦးကတော့ လူသတ်မှု ကျူးလွန်သူများဟာ မြန်မာနိုင်ငံထဲက PDF-Myaing (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်) နှင့် CDF-Mindat တပ်ဖွဲ့ဝင် များဖြစ်သလို ငွေကြေးဆိုင်ရာ အငြင်းပွားမှုကြောင့် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် စွပ်စွဲ ပြောဆိုထားတာ တွေ့ရပါတယ်။

အလားတူ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တို့ကလည်း အိန္ဒိယနိုင်ငံသား ၂ ဦးပါဝင် သတ်ဖြတ်မီးရှို့ခံရမှုမှာ AK 47 ရိုင်ဖယ်သေနတ်တွေ ဝယ်ပေးဖို့ ငွေယူခဲ့ရာကနေ အချိန်မီ ဝယ်မပေးနိုင်လို့ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ချင်းကာကွယ် ရေးတပ်(CDF) အဖွဲ့ဝင်ဟောင်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ယူဆနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ် Lawngtlai အခြေစိုက် ချင်းလူငယ်အဖွဲ့အစည်းဖြစ်တဲ့ Central Young Lai Association (CYLA) ဘက်ကလည်း ၎င်းတို့ အိန္ဒိယနိုင်ငံသား ၂ ဦးပါဝင် သတ်ဖြတ်မီးရှို့ခံခဲရတဲ့ ဖြစ်ရပ်အပေါ် ဝမ်းနည်းကြေကွဲရပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်နေသလို မြန်မာနိုင်ငံမှ တော်လှန်ရေး အင်အားစုများကိုလည်း ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းထားပါတယ်။

CDF-Mindat ဘက်ကတော့ အဆိုပါ ဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများကို ပံ့ပူးကူညီပေးရန် အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။