• Today is: Monday, May 20, 2024

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့တဲ့ နိုင်ငံရေးပါတီများ

ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၂၉)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပြန်လည် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ (၄၀)ကို ဖျက်သိမ်း ကြောင်းကြေညာခဲ့ပါတယ်။

ယင်းပါတီများထဲမှာ လူသိများတဲ့ ပါတီ၊ ပြည်သူလူထုထောက်ခံမှု အများဆုံး ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပါအဝင် ကျားခေါင်း ပါတီဟု လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ တို့ ပါဝင်တာကိုတွေ့ရ ပါတယ်။

ဖျက်သိမ်းခဲ့တဲ့ ပါတီများထဲမှာ တိုင်းရင်းသားလူမျိုးများဒေသ အခြေပြု နိုင်ငံရေးပါတီ (၂၁) ခု ပါဝင်ပါတယ်။

 

ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီများထဲ ပြည်ထောင်စုတစ်ဝန်းလုံးမှာ မှတ်ပုံတင် ထားတဲ့ပါတီ (၃၁) ပါတီ နဲ့ ပြည်နယ်/တိုင်းဒေသကြီးမှာ မှတ်ပုံတင်ထားတဲ့ ပါတီ (၉)ခု စုစုပေါင်း (၄၀) ပါတီ ဖြစ်ပါတယ်။

 

သို့သော် အချို့ပါတီများမှာ ဖျက်သိမ်းခြင်းခံရသော်လည်း အခြားပါတီ အမည် တွေနဲ့ ပြန်လည် မှတ်ပုံတင်ထားတာတွေ၊ အချို့ပါတီတွေက ပါတီပူးပေါင်းထား တာတွေကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်မှတ်ပုံတင် ထားသော ပါတီစုစုပေါင်း (၆၃) ခု ရှိခဲ့ပြီး ပြည်ထောင်စုတစ်ဝန်းလုံးအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီမှာ (၁၂) ပါတီရှိနှင့် တိုင်းဒေသကြီး/ပြည်နယ် အခြေပြု ယှဥ်ပြိုင်မည့် ပါတီမှာ (၅၁) ပါတီ ရှိကြောင်း သိရပါတယ်။