• Today is: Wednesday, May 29, 2024

ရုရှားမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါကိုချက်ကော့ဗ်နှင့် တွေ့ဆုံခြင်း (အပိုင်း- ၁)

ရုရှားမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါကိုချက်ကော့ဗ်နှင့် တွေ့ဆုံခြင်း (အပိုင်း- ၁)

ဖက်ဒရယ်ဂျာနယ်-မြန်မာ၊ မတ် ၃၀၊ ၂၀၂၃

ဘာသာပြန် အင်တာဗျူးကဏ္ဍ

အီဂေါကိုချက်ကော့ဗ်ဟာ လူထုလှုပ်ရှားမှုများနဲ့ ပြည်သူ့အရေးဆောင်ရွက်မှုတွေမှာ ထင်ရှားတဲ့ အတွေးအခေါ် ပညာရှင် တစ်ဦးပါ။ မြင်နေကြားနေကျ နိုင်ငံရေးအတွေးအခေါ် ပညာရှင်များလိုမဟုတ်ဘဲ ထူးခြားသူပါ။ ရုရှားက ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ LGBT အရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ 

အောက်မှာပါတဲ့ အင်တာ‌ဗျူးမှာတော့ အင်မတန်ချုပ်ခြယ်ကန့်သတ်မှုတွေများပြီး တရစပ်ဖိနှိပ်နေတဲ့နေရာတွေမှာပဲ နိုင်ငံရေးအံတုမှုအစီအစဉ်တွေ၊ မဟာဗျူဟာတွေနဲ့ နည်းဗျူဟာ တွေကို ဘယ်လိုဆွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းထားခြင်း ဖြစ်ပါတယ်။

ရုရှားက လူ့အခွင့်အရေးလှုပ်ရှားမှုတွေအကြောင်း၊ ရုရှားမှ ဆင်နွှဲနေတဲ့စစ်ကို ဆန့်ကျင်ဖို့ လှုပ်ရှားနေကြသူတွေ အကြောင်းကို မေးတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲမှာတော့ မြန်မာပြည်က စစ်အာဏာရှင် ဆန့်ကျင်နေမှုတွေ၊ CDM လှုပ်ရှားမှုပုံစံအမျိုးမျိုးမှာ ပါဝင်နေကြသူတွေအကြောင်းကို စဥ်းစားနေမိပါတယ်။

ရုရှားမှာ တက်ကြွလှုပ်ရှား ကြသူတွေ ရင်ဆိုင်ရတဲ့ နည်းလမ်းတွေ၊ ခွင်တွေ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ အတားအဆီး တွေဟာ ကရင်နီ၊ ချင်းနဲ့ စစ်ကိုင်းမှာ ရင်ဆိုင်နေရတာတွေနဲ့ အများကြီး ကွာနိုင်ပါတယ်။

သို့ပေမယ့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာရှိတဲ့ နည်းလမ်းတွေ၊ လှုပ်ရှားနိုင်တဲ့ ခွင်တွေ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ အတားအဆီးတွေဟာ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ရုရှားတွေ ကြုံတွေ့နေရတာနဲ့ အများကြီး ဆင်တူတာတွေရှိပါတယ်။

ဒီအင်တာဗျူးကိုဖတ်ရင် ရုရှား စစ်ဆန့်ကျင် ရေး လှုပ်ရှားမှုဆိုတဲ့ စာလုံးနေရာကိုရောက်ရင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေးလို့သာ ပြောင်းဖတ် လိုက်ရုံပါပဲ။ အီဂေါကိုချက်ကော့်ဗ်ပြောခဲ့တာတွေ အတော်များများဟာ မြန်မာပြည် အကြောင်းကို တိုက်ရိုက်ပြောနေသလို ခံစားရစေပါတယ်။  

အီဂေါ။   ။ရုရှားသမ္မတပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ဖို့နဲ့ ရုရှားအာဏာရှင်အစိုးရကို ဆန့်ကျင်ဖို့အတွက် ရုရှားလှုပ်ရှားသူတွေအနေနဲ့ ဘာတွေ လုပ်လို့ရပါသလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ လှုပ်ရှားလို့ရပါသလဲ။ ဥပမာတွေ ပြောပြပါဦး။

မစ္စတာကိုချက်ကော်ဗ့်။  ။စစ်ကြီးကစခဲ့ပြီးပြီမို့ တစ်ဦးတစ်ယောက်က ရပ်စေချင်ရုံနဲ့တော့ ရပ်လို့ရတော့မှာ မဟုတ်ပါဘူး။ လူထုကြီးအနေနဲ့ ဆန့်ကျင်ကြရင်တောင်မှ ရပ်ချင်မှ ရပ်မှာပါ။ ဒါပေမယ့် အမှန်တရားကိုပြောရရင် စစ်ကိုပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွလှုပ်ရှားပြီး ဆန့်ကျင်ပြ ကြတဲ့သူတွေ အများကြီးမရှိပါဘူး။

ဒီလိုမဆန့်ကျင်ကြတာကလည်း မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ စစ်ပွဲတစ်ခုဟာ တိုက်နေကြတဲ့ သူတွေဆီမှာ သယံဇာတတွေ၊ လူတွေ၊ အရင်းအမြစ်တွေ၊ ပစ္စည်းတွေနဲ့ စိတ်ဓာတ်တွေ အင်အားကုန်ခမ်းသွားမှ ရပ်တာပါ။  

အဲဒီတော့ ကျူးကျော်တဲ့နိုင်ငံထဲက စစ်ကိုဆန့်ကျင်တဲ့ နိုင်ငံသားတွေအတွက်ဆိုရင် မဟာဗျူဟာ မြောက်နည်း လမ်းကတော့ စစ်ပွဲထဲပါသွားမယ့် အရင်းအမြစ်တွေကို နည်းနိုင်သမျှ နည်းသွားအောင် လုပ်ဖို့ပဲ။

လူသားအရင်းအမြစ်ကို ကြည့်ကြစို့။ ပထမဆုံး နိုင်ငံတော်ကနေ ရှေ့တန်းကိုပို့ပစ်နိုင်တဲ့ စစ်သားတွေ အရာရှိတွေပေါ့။ တချို့မှန်းကြတာကတော့ စစ်ထဲဝင်ရမှာစိုးလို့ ရုရှားကနေ ပြည်ပကို ထွက်ခွာသူပေါင်း ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာ တစ်သန်းလောက် ရှိပါပြီ။

အဲဒီလူတွေဟာ သူတို့ကိုယ်သူတို့ စစ်ဆန့်ကျင်ရေးသမားတွေလို့ မစဉ်းစားရင်တောင်မှ တကယ်တော့ စစ်ကိုဆန့်ကျင်တဲ့အုပ်စုထဲပါနေပါပြီ။ အဲဒီလိုထွက်သွားမယ့်လူတွေကိုကူညီဖို့ အရပ်သားတွေရဲ့ လှုပ်ရှားမှုတွေ ပေါ်လာကြတယ်။

အဲဒီလိုအဖွဲ့တွေထဲမှာ အကြီးဆုံးက”Ark” («Ковчег») လို့ခေါ်တဲ့အဖွဲ့ပဲ။ စစ်ကို တိမ်းရှောင်ပြေးသွားတဲ့ ရုရှား တစ်သိန်းကျော်နဲ့ ထိုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အခုအချိန်မှာတော့ ထိုသူတွေ ကမ္ဘာအနှံ့ကို ရောက်နေ ကြပါတယ်။

ရုရှားမှာကျန်နေခဲ့တဲ့သူတွေထဲမှာလည်း စစ်သားစုဆောင်းရေးထဲမပါအောင် ရှောင်ကွင်းကြတဲ့ သူတွေရှိပါတယ်။ အခုစစ်ထဲမှာ စာချုပ်စာတမ်းနဲ့ ပါနေရသလို၊ တချိန်တည်းမှာ တိုက်နေရတဲ့သူတွေကလည်း စစ်တပ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတာတွေရှိတယ်။

သူတို့လိုလူတွေဆီကိုလည်း သတင်းအချက်အလက် ပို့ပေးတာကိုလုပ်ပေးဖို့၊ ဥပဒေပိုင်းဆိုင်ရာအကူအညီတွေ ပေးဖို့လည်း လုပ်ငန်းတွေပေါ်လာကြတယ်။ ပြီးတော့ လွတ်လပ်တဲ့ မီဒီယာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေကလည်း”လိပ်ပြာလုံသူများ” (Призыв к совести), Agora (Агора), ဒါမှမဟုတ် “တောထဲက တစ်ဆင့်” Go Through the Forest” («Идите лесом») အရင်က “Nochlezhka”  ဆိုတဲ့ အိမ်ယာမဲ့တွေကိုကူတဲ့ ပရဟိတအဖွဲ့က ထူထောင်ထားတဲ့ လုပ်ငန်းတွေလိုမျိုး ပေါ်လာကြတယ်။

ဒီလိုလှုပ်ရှားမှုတွေနောက်မှာ အားပေးထောက်ခံသူတွေက တစ်သန်းလောက်ရှိတယ်။ စစ်သားစုဆောင်းရေးကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေဟာ အမြင်သာဆုံးပဲ။ အင်အားလည်းအကောင်းဆုံး၊ ရုရှားစစ်ဆန့်ကျင်ရေး လှုပ်ရှားမှု တွေထဲမှာ အထိရောက်ဆုံးပဲ။

စစ်ကိုအားဖြည့်နေတဲ့ ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်တွေကို လျှော့ချဖို့အလုပ်မှာကျတော့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု တွေအနေနဲ့ ကိုယ်တိုင်ပျောက်ကျားစစ်တွေမှာဝင်ပါတာ၊ သပိတ်မှောက်တာတွေ၊ တပ်ပိုင်နယ်တွေမှာ ဖျက်ဆီးမှု တွေလုပ်ပစ်တာတွေ၊ ပြီးတော့ အခွန်ရှောင်ဖို့နဲ့ အခြားအစိုးရဝင်ငွေလမ်းကြောင်း ပိတ်ဆို့ဖို့ လုပ်ကြရတယ်။

အခုချိန်ထိ အဲဒီလိုလုပ်ငန်းတွေကြောင့် လူပေါင်း ၁၁၂ ယောက်လောက်ကို အပြစ်ပေးခံခဲ့ရတယ်။ သူတို့က ရုရှား တပ်တွေရဲ့ အထိုင်စခန်းရုံးတွေကို မီးရှို့ဖို့၊ ရထားလမ်းကိုဖျက်ဆီးဖို့ ကြိုးစားခဲ့ကြလို့ပဲ။ စုစုပေါင်း စစ်စဖြစ် ကတည်းကဆိုရင် အဲဒီလို တန်ပြန်လှုပ်ရှားမှုမျိုး ၁၇၆ ကြိမ် ရှိခဲ့တယ်။ 

သပိတ်မှောက်တာတွေ၊ စီးပွားရေးအရ ဆန့်ကျင်တာတွေ၊ အခွန်ရှောင်တာတွေက မကျယ်ပြန့်သေးပါဘူး။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု သမိုင်းကိုကြည့်ရင်တော့ ဒီလိုမျိုးလှုပ်ရှားမှုတွေက နည်းနည်း နောက်ကျပြီးမှ အရှိန်ရလာတတ်တာကို တွေ့ရတယ်။ စစ်ပွဲတွေကိုဆန့်ကျင်ဖို့ လူတွေက ထက်သန်လာတဲ့အခါမျိုး၊ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအသီးသီးထဲကို ဒီစစ်ကိုဆန့်ကျင်ရမယ်ဆိုတဲ့ စိတ်ဝင်ရောက်လာတဲ့ အခါမျိုးမှ ကျယ်ပြန့်တတ်တာကိုတွေ့ရတယ်။

စစ်သွေးစစ်မာန်ကြွနေတဲ့ကို ဘယ်လို ချိုးနှိမ်ရမလဲဆိုတဲ့အပိုင်းမှာ နှစ်ပိုင်းခွဲထားလို့ရတယ်။ တစ်ပိုင်းကတော့ လူထုကစစ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံနေကြတာကို ဘယ်လိုလုပ်မလဲ။ နောက်တစ်ခုကတော့ မထောက်ခံ သော်လည်း ဘာမှမလုပ်ဘဲ မသိချင်ယောင်ဆောင်တဲ့သူတွေ၊ အလွတ်ဘာသိဘာသာ နေတတ်တဲ့သူ တွေကို ဘယ်လိုလုပ်မလဲ။

စစ်ပွဲစတင်တဲ့ အစောပိုင်း ရက်တွေကတည်းက စစ်ဆန့်ကျင်ရေးသတင်းစကားတွေကို သပိတ်သမားတွေက ဖြန့်ချိနေခဲ့ကြတာ။ ရုရှားစစ်တပ်က ယူကရိန်းမှာဘယ်လို ပြစ်မှုမျိုးတွေကျူးလွန်နေကြတယ်ဆိုတာကို လူတွေကို အသိပေးဖို့ စလုပ်ခဲ့ကြတယ်။ (ဖင်းမနစ်တွေရဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ မီဒီယာတွေရဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ တခြားသူတွေကိုကြည့်ရင် သိနိုင်တယ်။) (Феминистское антивоенное сопротивление, Медиа партизаны). လွတ်လပ်တဲ့ မီဒီယာတွေကို စစ်ကြောင့် ဆင်ဆာနဲ့ ပိတ်ကြတယ်။ သူတို့တွေလည်း တိုင်းပြည်အပြင်ကိုထွက်ပြီး နေရာပြောင်းပြီးမှ အလုပ်ဆက်လုပ်ကြရတယ်။

ဒီဆောင်ရွက်မှုတွေ အားလုံးကိုခြုံပြီး “သတင်းအချက်အလက်အားဖြင့် တော်လှန်ခြင်း”လို့ ခေါင်းစဉ်တပ် လို့ရပါတယ်။ အဲဒီလိုသတင်းအချက်အလက်တွေဟာ စစ်ကိုသဘောမကျပေမယ့် ဘာသိဘာသာနေတဲ့လူတွေ၊ အထီးတည်းနေပြီး စစ်ကိုတော့ မကျေမနပ်ဖြစ်နေတဲ့သူတွေအတွက် အထောက်အကူဖြစ်တယ်။ 

ရုရှားတွေထဲမှာ စစ်စတင်ကတည်းက ဆန့်ကျင်ခဲ့ကြသူတွေဟာ သူတို့လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို လိုက်ရှာကြတယ်။ အဲဒီအခါ သူတို့မှာ စိတ်တူကိုယ်တူ လူတွေရှိပြီး အထီးမကျန်ဘူးဆိုတာ သိလာတယ်။ ဒါကစစ်ဆန့်ကျင်ရေး အင်အားတိုး လာဖို့အတွက် အထောက်အကူပြုတယ်။

ဆိုးတာကတော့ ကျွန်တော့်အနေနဲ့ ဒီလိုလုပ်နေတဲ့ သတင်းအချက်အလက်တော်လှန်ရေးဟာ စစ်ကို ထောက်ခံ သူတွေ အရေအတွက်ကို သိသာလောက်အောင် လျှော့ချပစ်နိုင်လိုက်တယ်လို့ မပြောနိုင်တာပဲ။ ဒီနေရာမှာ ပြဿနာက သတင်းအချက်အလက်တော်လှန်ရေး လုပ်နေကြသူတွေ အနေနဲ့ မဟာဗျူဟာအရ အကောက် အယူလွဲနေကြတာကြောင့် မထိရောက်တာလည်း ဖြစ်နိုင်တယ်။

သူတို့စဉ်းစားတာက ထိုစစ်ပွဲထောက်ခံသူတွေဟာ ပူတင်ရဲ့ နိုင်ငံရေးမူဝါဒတွေ၊ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်များကို ထောက်ခံနေကြတာတွေဟာ ပူတင်အစိုးရက ဝါဒဖြန့်ချီမှုတွေ ထိရောက်နေတာကြောင့်လို့ ယူဆနေကြတယ်။ ဒီတွေးဆချက်တွေမှာ “ရုရှားပြည်သူတွေက အစိုးရက လှည့်ဖြားတာကို ခံနေရပြီး အမှန်တရားကို မသိနိုင်ကြဘူး။

သတင်းအချက်အလက်မှန်တွေကို မရရှိနိုင်ကြဘူးလို့  ထင်နေကြတယ်။” ဒါကမှားတယ်လို့ ကျွန်တော်ထင်တယ်။ အစိုးရကနေ  စစ်ဆန့်ကျင်ရေး ဝက်ဆိုက်တွေကိုပိတ်ပစ်တာက တကယ်တမ်းမထိရောက်လှဘူး။ ရုရှား အင်တာနက် သုံးစွဲသူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ  VPN သုံးတယ်။ ဒီလောက်သုံးတာက တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးကြတဲ့နှုန်းတွေထဲမှာ ပါနေတယ်။

YouTube လို လူသုံးအများဆုံး ဆိုရှယ်မီဒီယာကို အာဏာပိုင်တွေကမပိတ်ထားပါဘူး။ တခြားဆိုရှယ် မီဒီယာ တွေလည်း သုံးလို့ရနေတာပဲ။ ရုရှားတွေမှာ အစိုးရက ပေးတာမဟုတ်ဘဲ တခြားက အချက်အလက်ရဖို့ ပလက်ဖောင်းတွေရှိပါတယ်။ ဒါပေမယ့် ပြဿနာက ပြည်သူအများစုဟာ ဘာတွေ ဖြစ်နေသလဲဆိုတာကို မသိနေကြတာမဟုတ်ဘူး။ မသိကြလို့ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို ထောက်ခံနေကြတာလည်း မဟုတ်ဘူး။ တကယ့်ပြဿနာအရင်းအမြစ်က တခြားမှာ။

အစိုးရရဲ့ ဝါဒဖြန့်ချိရေးတွေအောင်မြင်တာက ပရိသတ်မသိအောင် သတင်းအချက်အလက်တွေကို ဖုံးထားလို့ မဟုတ်ပါဘူး။ တကယ်က ပရိသတ်ကိုက ဒါတွေကို ကြားချင်နေတာပါ။ အစိုးရမီဒီယာတွေက ပရိသတ်ကြား ချင်တာတွေကို ပြောပေးနေနိုင်လို့ အောင်မြင်နေတာပါ။ လူတွေဟာ သူတို့ ပစ်ယုံချင်တဲ့ ကိစ္စကျ တမင်ကိုယုံတယ်။ (ယုံချင်ယောင်လည်းဆောင်တတ်တယ်။) စကားမစပ် အဲဒီလိုယုံချင်တာကို ပစ်ယုံတတ်ကြတာ တစ်ဖက်တည်း မဟုတ်ဘူးနော်။ စစ်ကိုထောက်ခံသူရော ကန့်ကွက်တဲ့သူကရော ကိုယ်ယုံချင်တာပဲဖတ်တာ။

စစ်ဆိုတာက လူတိုင်းအတွက် ကြောက်စရာကောင်းတယ်။ ရုရှားဟာ စစ်ကြောင့်ဖြစ်ပျက်နေတာတွေ နောက်ထပ် အကျိုးဆက်တွေကို တည့်တည့်ရင်မဆိုင်ရဲဘူး။ လူအများစုကြီးဟာ စစ်ကိုတကယ်တော့ မလိုချင်ကြဘူး။ မထောက်ခံနေကြဘူး၊ သူတို့ဟာ စစ်သွေးဆာနေတဲ့သူတွေ မဟုတ်ဘူး။

စစ်သားစုဆောင်းရေးထဲပါသွားပြီး ကာယကံမြောက်ပါဝင်တိုက်ခိုက်ရမှာကိုလည်း မကြိုက်သလို စီးပွားရေး၊ စိတ်ဓာတ်ရေးရာ အစရှိတာတွေနဲ့လည်း အားမပေးချင်ကြသူတွေ အများကြီး။ အစိုးရကလည်း ဒါကို ရိပ်မိတယ်။ ဒါကြောင့်မို့ ပူတင်ဟာ ပြည်သူတွေရဲ့ စစ်ဆိုတဲ့စကားအသုံးအနှုန်းကို အမြန်ပြန်ရုပ်သွားတာ။ အများပြည်သူကို စစ်ထဲခေါ်သွင်းမယ့် မူဝါဒကို ရပ်ပစ်လိုက်တာ။

ဒါပေမယ့် စစ်ကိုကြောက်ရွံတဲ့ ပုံစံတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူကြဘူး။ အဲဒါကို ပြောရရင် ရုရှားတွေအားလုံးကို တစ်ပုံစံတည်း စစ်နဲ့ပတ်သက်ရင်တစ်စိတ်တစ်ဝမ်းတည်းရှိနေတယ်လို့ ပြောရင်မှားမှာပဲ။ ရုရှားလူများစုကြီးက ဆိုတဲ့အသုံးအနှုန်းကလည်း လွဲဦးမှာပဲ။ တချို့က စစ်ပွဲဂယက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံကြိုက်နေကြရတာ။ (စစ်ကိုရှောင်သွားကြတာ လူတစ်သန်း)။

တချို့ကတော့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေခံနေကြရတာ။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာ ဟာလာဟင်းလင်း ဖြစ်နေတာ။ (ငါ့နဲ့ မဆိုင်ဘူး။ ဘာမှလည်းမသိချင်ဘူးဆိုတဲ့သူတွေ)။ တချို့ကျတော့ ကြောက်လွန်းလို့ တိတ်နေတဲ့ သူတွေ။ သူတို့ကတော့ ပူတင်ကို ထောက်ခံသူလူထုကြီးဆိုတဲ့အထဲ ပါသွားကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖိနှိပ်ခံရမှာ၊ ဖယ်ကျဉ်ခံရမှာကို ကြောက်လွန်းအားကြီးလို့ပဲ။ တချို့ကတော့ ပြောင်းပြန်။

ယူကရိန်းစစ်ထောက်ခံတဲ့အထဲ ခပ်စွာစွာတောင် ဝင်ပါချင်ကြသေးတာ။ (စစ်ပွဲဖြစ်တာ ငါတို့ကြောင့် မဟုတ်ဘူး။ သူတို့ဘက်က စလို့ ဆိုတဲ့လူမျိုးတွေ)။ သူတို့ထဲက အားလုံးနီးပါးက ဝါဒဖြန့်ချီရေးသတင်းတွေထဲကနေ လိုချင်တာကိုရနေကြတာ။

ငြိမ်းချမ်းတဲ့ဘဝကို အခြေမပျက် ဆက်ရနေတာ၊ အစိုးရရဲ့ ဖိနှိပ်မှုက သိပ်ပြီးကြီးလွန်းတယ်ဆိုတဲ့ အစွဲကိုဆက်ပြီး ယူထားတာ၊ ရုရှားကတိုက်နေတဲ့စစ်ပွဲကို လူတွေအားလုံးက ထောက်ခံနေကြတာပဲဆိုတဲ့ ပုံရိပ်ယောင်ကို စွဲလမ်း နေတာ၊ ယူကရိန်းနာဇီတွေရဲ့ အန္တရာယ်ကို ရှင်းပစ်ရမယ်လို့ ယုံမှားနေတာ၊ NATO ရဲ့ အန္တရာယ်ကြောင့် စစ်ဖြစ် နေရတာလို့ ထင်နေကြတာတွေ ပါတယ်။

သတင်းအချက်အလက် တော်လှန်ရေးလုပ်နေတဲ့သူတွေ ဂရုမစိုက်မိတဲ့အချက်က ရုရှားပြည်သူ တွေဆီမှာ ရှိနေတဲ့ တကယ့်ကြောက်စိတ်နဲ့  တကယ့် အရှိဆန္ဒတွေကိုပဲ။ သူတို့က စစ်ရဲ့ ပုံရိပ်ကို တကယ့်အရှိတရားအတိုင်း ချပြချင်ကြတယ်။ သူတို့ဟာ  လူတွေကို အရှိတရားကို ပကတိအတိုင်း ရင်ဆိုင်စေချင်ကြတယ်။

အရှိတရားကနေ ဒီလူတွေက သိသိကြီးနဲ့ရော မသိစိတ်နဲ့ရော ထွက်ပြေး နေကြတာ၊ သတင်းသမားတွေကကျတော့ ဒီလိုအရှိတရားကို ငြင်းဆန်နေကြတာကို ရပ်တန့်ပြီး တကယ့်အဖြစ်အပျက်ကို အတင်းရင်ဆိုင်ခိုင်းတယ်။ အဲဒီတော့ ရလာတဲ့ အကျိုးဆက်က ဖြစ်စေချင်တာနဲ့ ပြောင်းပြန်ပဲ။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးစရာက ကြီးကြီးမားမားပဲ။ ကျွန်တော်တို့ရှင်းလင်းနေရမှာက ကျွန်တော်တို့ဟာ အစိုးရက ပြောနေတဲ့ဝါဒဖြန့်ချီရေးတွေကို ချေဖျက်ပစ်မယ်ဆိုတဲ့ အယူအဆနဲ့ ဒါကိုဒီလိုလုပ်မှ ရမယ်ဆိုတဲ့ စိတ်ကူးကို စွန့်လွှတ်ဖို့ပဲ။ သူတို့လိမ်နေတာတွေကို ကျွန်တော်တို့က ဖော်ထုတ်လေလေ၊ ချေဖျက်ပစ်လေလေ အဲဒီဝါဒဖြန့်ချိရေးတွေက ပိုကောင်းလာလေလေပဲ။ “Troll တွေကို လူသိများအောင် ထပ်မလုပ်ပေးနဲ့” ဆိုတဲ့စကားလိုပဲ။

ကျွန်တော်တို့ဘက်က ဝါဒဖြန့်ချီရေး ဆန်ဆန်လုပ်ဖို့မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ကလူတွေဟာ အားလုံးပုံစံတူ တစ်အုပ်စုတည်း ညီညွတ်နေကြတဲ့လူတွေ မဟုတ်ဘူး။ သူတို့အထဲမှာ ပုံစံမျိုးစုံကွဲနေတယ်။ ဒီလူတွေဆီမှာ ကြောက်ပုံလည်း မတူဘူး။ ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း မတူဘူး။ အဲဒီ ကြောက်စိတ်အသီးသီးနဲ့ သူတို့ ရဲ့ ကွဲပြားတဲ့ဆန္ဒတွေကို ကျွန်တော်တို့ နားလည်မှရမယ်။

—————————————

မေး။      ။သိပ်ပြီးဖိနှိပ်မှုပြင်းထန်တဲ့ အာဏာရှင်တွေကို စိန်ခေါ်နိုင်တဲ့ အံတုလှုပ်ရှားမှုမျိုးကို မဟာဗျူဟာကျကျ လုပ်နိုင်နေပြီလား။ နောင်ရောလုပ်နိုင်ဖို့ အလားအလာရှိသလား။ အံတုလှုပ်ရှားမှုအတွက် အခြေခံအဆောက် အဦတွေကို ဘယ်လိုပြောင်းလဲကြမလဲ။ လှုပ်ရှားမှုအတွက် ကြွက်သားတွေကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဒီလောက် ဖိနှိပ်မှုတွေ ထူပြောနေတဲ့အခြေအနေမျိုးမှာ ဘယ်လို မဟာဗျူဟာက အထောက်အကူ ဖြစ်မလဲ။ အာဏာပိုင်တွေဘက်က အဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်တာ၊ ဝါဒ ဖြန့်ချီရေးတွေ အားကောင်း ကောင်း နဲ့လုပ်တာ ပြည်သူကိုလှည့်စားတာတွေက တရစပ် ရှိနေမှာ။

ဖြေ။       ။ အင်း။ ဘာဖြစ်လို့ အနာဂတ်ကျမှ လုပ်ရမှာလဲ။ လူထုလှုပ်ရှားမှုဆိုတာ လက်ရှိကိုလုပ်ကိုင်နေကြရမှာပဲ။ နှစ်ပိုင်းပြောလို့ရပါတယ်။ အပိုင်း တစ် (၁) တော်လှန်ရေးက ရှိနေရမယ်။ တော်လှန်ဖို့လိုတယ်ဆိုတာကို အသိအမှတ်ပြုရမယ်။ ဘယ်လိုလုပ်ရမလဲဆိုတာနားလည်ရမယ်။ အဲဒီတော့မှ စီမံခန့်ခွဲနိုင်မယ်။ အပိုင်း နှစ် ဖိနှိပ်မှုတွေကို တော်လှန်လိုစိတ်နဲ့ တော်လှန်ဖို့အခင်းအကျင်းတွေဖြစ်လာတဲ့ အကြောင်းရင်းက ဖိနှိပ်မှုတွေဆီက လာတာပဲ။

အာဏာရှင်အစိုးရက တောင်းဆိုသလောက်ကို အပြည့်လိုက်လျောလိုတဲ့ သူတွေမှာတောင်မှပဲ တော်လှန်ချင်တဲ့ အာသီသက ပေါ်တာပဲ။ ဒီလို လိုက်လျောဖို့ ဖိအားပေးခံရတာတွေရယ်၊ လူတကိုယ်ချင်းက အစိုးရကို လိုက်လျောပေးနိုင်တဲ့ အတိုင်းအတာရယ်မှာ ဝိရောဓိတွေရှိနေကြတာပဲ။ အစိုးရကို သစ္စာခံသူတွေကလည်း နိုင်ငံတော်ရဲ့ အာဏာစက်ကို တွန်းကန်ဖို့ကြိုးစားကြမှပဲ သူတို့လည်း ဆက်ပြီးနေထိုင်လို့ဖြစ်ကြတဲ့ ဥပမာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုလူတွေရဲ့ စိတ်ပါလက်ပါ မဟုတ်သော်လည်း အခြေအနေအရအစိုးရရဲ့ စည်းဘောင်တွေကို တစ်နည်းနည်းနဲ့ ဆန့်ကျင် ကျူးကျော်နေထိုင်ကြတဲ့ အလေ့အထတွေကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ အဲဒီတော့မှပဲ ဒီလူအုပ်ကို ဘယ်လိုတုံ့ပြန်ရမလဲ သိနိုင်မယ်။

ဗြိတိသျှတွေ လက်အောက်ကလွတ်ဖို့ တိုက်ရတဲ့ အိန္ဒိယအပါအဝင် လွတ်လပ်ရေးအတွက် တိုက်ခဲ့တဲ့ နာမည်ကျော် ဘယ်လှုပ်ရှားမှုမှာပဲဖြစ်ဖြစ်၊ အရင် ဆိုဗီယက် လက်အောက်ကနေလွတ်ဖို့ ကြိုးစားကြတဲ့ အရှေ့ဥရောပနိုင်ငံ တွေမှာပဲဖြစ်ဖြစ်၊ သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဘယ်လာရုစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုများပဲဖြစ်ဖြစ် အကုန်လုံးဟာ  ကျောထောက်နောက်ခံအသီးသီးက လူတွေကို ညီညီညွတ်ညွတ် စုစည်းနိုင်တဲ့နေရာမှာ အောင်မြင် ကြတာကိုတွေ့ရမယ်။ သူတို့ဟာ ဘယ်လိုရန်သူကို တိုက်မယ်ဆိုတာ ရှင်းတယ်။

ဒီဘုံရန်သူကို ရှင်းရှင်းလင်းလင်း တိုက်မှရမယ်ဆိုတဲ့ဆီမှာ စုစည်းမိကြတယ်။ ဖိနှိပ်တဲ့ အာဏာရှင်ကိုပဲ ဖြစ်ဖြစ်၊ ကိုလိုနီနိုင်ငံတွေကိုပဲ ဖြစ်ဖြစ် တိုက်ဖို့ ညီညွတ်မှုကို ဖန်တီးနိုင်ကြတယ်။ အဲဒီနေရာမှာ မြေသိမ်းခံရတဲ့ လယ်သမားတွေလိုနေတဲ့ ဥပဒေရေးရာ ဝန်ဆောင်မှုတွေပဲဖြစ်ဖြစ်၊ ဆင်ဆာနဲ့ အပိတ်ခံရတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေရေးတဲ့ စာအုပ်တွေကို ဖြန့်ချီကြလို့ပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်တွေဆီကနေ ကျောင်းထုတ်ခံလိုက်ရတဲ့၊ တစ်နည်းနည်းနဲ့ အပြင်ရောက်သွားရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာဆက်သင်လို့ရမယ့် တခြားပုံစံတွေ ဖန်တီးပေးလို့ပဲဖြစ်ဖြစ်၊ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါမဖြစ်ဘူးလို့ ငြင်းပယ်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း၊ ရောဂါမကူးစက်အောင် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမယ့်အရာတွေ အကြောင်းကို ဝေမျှပေးလို့ပဲ ဖြစ်ဖြစ် လူတွေဟာ ညီညွတ်လာကြတယ်။ ဒီအလုပ်တွေကိုကြည့်ရင် တစ်ခုကမှ နိုင်ငံရေးအံတု နေတယ်လို့ ထင်စရာမရှိဘူး။ ဒါပေမယ့် ဒီအလုပ်တွေက အရင်က တကွဲတပြားစီ ရှိနေကြတဲ့ လူတွေကို စုစည်းပေးတယ်။

နိုင်ငံတော်ဟာ ဖိနှိပ်ပြီဆိုရင် ဝါဒဖြန့်ချီရေးလုပ်ပြီဆိုရင် ဒီလို အချင်းချင်းညီညွတ်မှုတွေ၊ သူတို့ မထိန်းချုပ်နိုင်တဲ့ လူမှုအချိတ်အဆက်တွေကို ဖြိုပစ်ဖို့ ကြိုးစားတတ်ကြတယ်။သူတို့ကို အတိုက်အခံလုပ်မယ့်လူတွေကို ထောင့်ကပ် သွား‌အောင်လုပ်ကြတယ်။ လူ့အဖွဲ့အစည်းကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်တယ်။ အပြောင်းအလဲတွေဖြစ်ဖို့ဆိုရင် အခရာကျတဲ့ လုပ်စရာကတော့ လူတွေတကယ် ဖြစ်ချင်တဲ့ အောင်မြင်ချင်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ဟာ နားလည်ပြီး သူတို့ ပကတိရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်မယ့် လူမှုဆက်ဆံရေး အချိတ်အဆက်တွေကို တည်ဆောက်ခြင်းအားဖြင့် ထိန်းထားဖို့ပဲ။ အဲဒီလို လူမှုရေးကွန်ရက်တွေ ဘယ်လို ဖြစ်တည် လာနိုင်သလဲဆိုတာက ကာလ ဒေသ တစ်ခုမှာ ဖြစ်ပျက်နေတာတွေနဲ့ အများကြီး ဆိုင်ပါလိမ့်မယ်။

အင်မတန်ရက်စက်တဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့နေရာမှာ အုပ်ချုပ်သူတွေက ပြည်သူတွေကို ပစ်သတ်နေမယ်ဆိုရင်၊ ပြည်သူတွေဟာ မိမိကိုယ်ကို ကာကွယ်ကြဖို့အတွက် ညီညွတ်ကြမှာပါ။ မီဒီယာတွေကို ပိတ်ထားပြီး ဆင်ဆာကို ကျင့်သုံးနေမယ်ဆိုရင် ပြည်သူတွေဟာ သူတို့ဘာသာ သတင်းပေးနိုင်တဲ့ ရပ်ဝန်းတွေကို တည်ဆောက်ကြပါလိမ့်မယ်။

စစ်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ပေါ်လာမယ်ဆိုရင်တော့ လူတွေဟာ အကူအညီတွေပေးနိုင်ဖို့ စုစည်း အားထုတ်ကြပါလိမ့်မယ်။ အဲဒီလို လူမှုကွန်ရက်တွေရှိတဲ့ ရပ်ရွာတွေမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက် တာတွေ ဖြစ်ထွန်းနိုင်ပါတယ်။ အဲဒီလိုပဲ ခေါင်းဆောင်မှုတွေ၊ ဆွေးနွေးတိုင်ပင်ကြတာတွေနဲ့ စိတ်ကူးစိတ်သန်းကို ဖြန့်ဖြူး ကြတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒီလိုလူ့အဖွဲ့အစည်းတွေထဲမှာလည်းပဲ ဒီမိုကရေစီနဲ့ ဘဝကိုနေထိုင်ကြပုံတွေ ဖြစ်ထွန်းကျင့်သုံးလာနိုင်ကြဖို့ တကယ်ပဲ အရေးကြီးလှပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို အနာဂတ်မှာရလာဖို့ကိုပဲ စိတ်ကူးယဉ်ကြရမှာမဟုတ်ပါဘူး။ လက်ရှိကာလ ဒီမိုကရေစီကို လက်တွေ့ ပျိုးထောင်ရာမှာ ဖြစ်ထွန်းလာတဲ့ အောင်မြင်မှုဇာတ်ကြောင်းတွေကိုလည်း နမူနာယူကြ ဖြန့်ဖြူးကြရမှာ ဖြစ်ပါတယ်။

တက်ကြွစွာပါဝင်နေတဲ့ ပြည်သူတွေဟာ လူချစ်လူခင်များတဲ့ စန်းရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ကြသော်လည်း သူတို့ဟာ အဓိက အပြောင်းအလဲကို မောင်းနှင်နေကြသူတွေပါ။ သူတို့ဟာ အနာဂတ်ရဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်တဲ့နေရာမှာ ခွန်အားသစ်တွေဖြည့်ပေးနိုင်သူတွေပါ။

ခင်ဗျား ဒီမိုကရေစီနဲ့ သွားချင်တဲ့ အနာဂတ်အတွက် အကောင်းတကာ့ အကောင်းဆုံး လုပ်ငန်း အစီအစဉ်တွေ ဒီဇိုင်းချရေးလို့ ရမယ်ဗျာ။ ဒါပေမယ့် အဲဒီလို အစီအစဉ်တွေကို ကိုယ်နဲ့စိတ်တူတဲ့ လူတစ်စုနဲ့ပဲ ဆွေးနွေးရုံနဲ့တော့ ဘာမှ မဖြစ်လာဘူး။ လူများစုကြီးနဲ့ ကင်းကွားနေလို့မရဘူး။ ဒီနေရာမှာ ဆိုလိုတာက အဲဒီလို လုပ်ငန်းအစီအစဉ်တွေ ရေးဖို့မလိုဖူးလို့ ပြောတာမဟုတ်ပါဘူး။

ဖိနှိပ်တဲ့ အာဏာရှင် စနစ်အောက်နေရတဲ့ အချိန်ဟာ လူ့အဖွဲ့အစည်းအတွက် နိုင်ငံရေးလူမှုရေး စိတ်ကူး စိတ်သန်း တွေ ပေါ်ထွက်လာဖို့ အချိန်ကောင်းတွေ ဖြစ်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် အဲဒီစိတ်ကူး စိတ်သန်းတွေ အလုပ်ဖြစ်ဖို့ ဆိုရင်တော့ သူတို့ဟာ လူတွေရဲ့ နေ့စဉ်ဘဝထဲကို လူမှုရေးအချည်အနှောင်တွေနဲ့ ကွန်ရက်တွေထဲမှာ ကျင့်ကြံ မြဲမြံနေမှရမယ်။ ပြီးတော့ ဒီစိတ်ကူးစိတ်သန်းတွေဟာ  လူမှုဆက်ထုံးတွေထဲက လူတွေ တကယ်တောင့်တ အာသီသရှိနေတဲ့ အရာတွေနဲ့ နီးစပ်ရမယ်။

Igor Blazevic မှ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သူ ရုရှားမှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ၊ နိုင်ငံရေးအတွေးအခေါ် ပညာရှင် Igor Kochetkov ကို သီးသန့် အင်တာဗျူးမေးမြန်းထားတာ ဖြစ်ပါတယ်။ Igor Blazevic ဟာ ပါရာဂွေးအရပ်ဘက်လူ့အဖွဲ့အစည်းစင်တာတွင် စီနီယာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါ တယ်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံတွင် Myanmar Initiatives Program ရဲ့ Head Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။