• Today is: Thursday, March 28, 2024

ရုရှားမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါ  ကိုချက်ကော့ဗ်နှင့် တွေ့ဆုံခြင်း (အပိုင်း- ၂)

ရုရှားမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါ  ကိုချက်ကော့ဗ်နှင့် တွေ့ဆုံခြင်း (အပိုင်း- ၂)

Interview with prominent Russian activist Igor Kochetkov

ဖက်ဒရယ်ဂျာနယ်- မြန်မာ၊ ဧပြီ ၁၊ ၂၀၂၃

အီဂေါကိုချက်ကော့ဗ်ဟာ လူထုလှုပ်ရှားမှုများနဲ့ ပြည်သူ့အရေးဆောင်ရွက်မှုတွေမှာ ထင်ရှားတဲ့ တွေးခေါ်ရှင် တစ်ဦးပါ။ မြင်နေကြားနေကျ နိုင်ငံရေးတွေးခေါ်ရှင်များလိုမဟုတ် ထူးခြားသူပါ။ ရုရှားကထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ၊ LGBTအရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်နေ ပြန်ပါတယ်။

အောက်မှာပါတဲ့ အင်တာ‌ဗျူးမှာတော့ အင်မတန် ချုပ်ခြယ်ကန့်သတ်မှုတွေ ကများပြီး တရစပ်ဖိနှိပ်နေတဲ့နေရာတွေမှာပဲ နိုင်ငံရေးအံတုမှုအစီအစဉ်တွေ၊ မဟာဗျူဟာတွေနဲ့ နည်းဗျူဟာ တွေကို ဘယ်လိုဆွဲကြမလဲဆိုတာကို သူ့ကိုမေးမြန်းဖြစ်ပါတယ်။

——————–

မေး။     ။ လူတွေက ဘာသိဘာသာနေလာကြတဲ့အခါ (သို့မဟုတ်) အာဏာရှင်ကို ကြောက်ရွံ့လာကြတဲ့အခါမှာ သူတို့လွယ်လွယ်ကူကူနဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့ရအောင် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ အန္တရာယ်နည်းနည်းနဲ့ လုပ်နိုင်တာတွေလုပ်လို့ရမဲ့ နည်းလမ်းတွေကို မျှဝေပေးပါအုံး။ ဘာသိဘာသာနေကြသူတွေကိုလည်း လှုပ်နှိုးနိုင်အောင်ပါ။

ဖြေ။      ။ လူတွေ ဘာသိဘာသာနေကြတာ၊ ကြောက်ရွံ့ပြီး ဝင်မပါကြတာကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ဖြစ်လာနိုင်တဲ့ လက်တွေ့ကျတဲ့ မျှော်လင့်ချက်ကိုပဲပေးတာ၊ ပြီးတော့ အောင်မြင်အောင် လုပ်ပြနိုင်လာနိုင်ဖို့ပါ။ တကယ် လူတွေဟာ အများကြီး ပါဝင်နိုင်ကြပါတယ်။ ဒုက္ခသည်တွေကိုကူညီတာ၊ သတင်းအချက်အလက် ဖြန့်ချိပေးတာ (လုံခြုံရေးစည်းမျည်းစည်းကမ်းတွေကို ဖြန့်ချိပေးတာပဲဖြစ်ဖြစ်)၊ နိုင်ငံရေးအကျဉ်းသားတွေဆီကို စာရေးပေးတာ၊ သူတို့မိသားစုတွေဆီကို‌ထောက်ပံ့ပေးတာ။

ဆိုးရွားလွန်းတဲ့ မတရားမှုတွေကို ဆန့်ကျင်ပြတာ -ဥပမာ- စစ်ကိုဆန့်ကျင်လို့ ကလေးအဖေအဖြစ် စောင့်ရှောက်ခွင့်ကို ငြင်းပယ်ခံရတဲ့ ကိစ္စမျိုးဟာ ဝိုင်းပြီးဆန့်ကျင်ကြတာ အစရှိသည်ဖြင့်။ အဲဒီလိုလုပ်ရပ်တွေက ကိုယ့်နိုင်ငံရေးရပ်တည်ချက်ကို လူတွေကြားထဲ မကြေညာဘဲနဲ့ လုပ်လို့ရတာမျိုးတွေဖြစ်ပြီး နိုင်ငံရေးအရ မတူကွဲပြားတဲ့ အယူအဆရှိသူတွေကို ညီညွတ်လာ စေနိုင်တယ်။

ဒါ့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာကိုယ် အထိနာအောင်တော့ ကိုယ်မလုပ်သင့်ဘူး။ ဥပမာ- စစ်ပွဲ အစပိုင်းမှာတုန်းက ရုရှားအတိုက်အခိုက်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေက (ရုရှားမှာရော အနောက်ကမ္ဘာမှာရော) ပူတင်ရဲ့ အစိုးရကို စတာလင်ခေတ်နဲ့နှိုင်းကြတယ်။ အရင်တုန်းက ၁၉၃၀ ကျော်မှာဖြစ်ခဲ့တာတွေကို အခုမြင်နေရတဲ့ ဒီနေ့ခေတ်ဖိနှိပ်မှုတွေနဲ့ ထပ်တူပဲလို့ ပြောကြတယ်။ ဘာလို့ အဲဒီလို လုပ်ကြတာလဲ ကျွန်တော်တော့ နားမလည်ဘူး။ ပြီးတော့ အဲဒါဟာ မမှန်ဘူး။

အရင်ကလူနဲ့ အခုလူနဲ့ နှိုင်းယှဉ်တဲ့အခါ (နှိုင်းယှဉ်စရာကလည်းရှိနေတယ်။) လူတွေက ဒီနေ့ခေတ်မှာဖြစ်နေတဲ့ ဖိနှိပ်မှုတွေဟာ အစိုးရက သူရွေးပြီး လုပ်ချင်တဲ့သူကိုပဲလုပ်တာလို့ အထင်ရောက်သွားစရာရှိတယ်။ တကယ်ဖိနှိပ်မှု အကျယ်အပြန့် ဖြစ်နေတာတွေကို မမြင်တော့ဘူး။ အခုဖြစ်နေတဲ့  ကြီးမားလှတဲ့ ဖိနှိပ်မှုနဲ့ ဖိနှိပ်ပုံဖိနှိပ်နည်းတွေက နှိုင်းချင်းနှိုင်း ဘရက်ဇညက်တို့ခေတ်၊ အန်ဒရိုပေါ့တို့ခေတ်နဲ့က ဆိုဗီယက်နဲ့ ပိုတူတယ်။ စတာလင်နဲ့တူတာ မဟုတ်ဘူး။

နောက်ပြီးတော့ စတာလင် လက်အောက်မှ တကယ်သာနေခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင် ဘာမှ ပြန်‌တော်လှန်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတဲ့သဘောဖြစ်သွားမယ်။ အကြွင်းမဲ့ အာဏာရှင်အကြမ်းဖက်စနစ်အောက်မှာ ပြန်ပြီးတော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ကြဘူး။ ရုပ်ရှင်ဇာတ်လမ်း သိပ်ကောင်းသွားတဲ့အခါမှာ ပရိသတ်တွေ ခံစားရသလိုပဲ။

ကျွန်တော်တို့က ဒီအစိုးရဟာ ဘယ်လောက်ဆိုးရွားကြောင်းကို ဖိပြောလိုက်တဲ့အခါ လူတွေက ကြောက်သွားပြီး မလှုပ်ရှားရဲတော့တာမျိုးဆီအထိ မရောက်သင့်ဘူး။  ကျွန်တော်တို့က အကြောက်တရားကို ဖြန့်ချိလိုက်တဲ့အခါမှာ ကျွန်တော်တို့ဟာ အစိုးရအာဘော် ဝါဒဖြန့်ချိရေး အထမြောက်အောင် လုပ်ပေးနေသလိုပဲ။

ဒါကို ကုစားဖို့ကရှင်းပါတယ်။ ကျွန်တော်တို့ ဦးစားပေးရမှာက ပြည်သူတွေလုပ်နိုင်မယ့် တာဝန်တွေ၊နဲ့ ရလာနိုင်တဲ့ အောင်မြင်မှုတွေကိုပဲ။ ဖိနှိပ်တဲ့ အကြောင်းတွေကို အသားပေးရမှာ မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့ကျကျ မြင်ကြည့်ရင်တော့ ဒီလိုလှုပ်ရှားမှုတွေထဲဆက်ပါနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ တခြားဖိနှိပ်မှုဒဏ်ခံနေရတဲ့သူတွေကို ဘယ်လို ခုခံပေးမလဲဆိုတာပဲ။

———————–

မေး။     ။ ရုရှားက တက်ကြွလှုပ်ရှားသူတွေ ရပ်ရွာကို အားပေးကူညီနိုင်ဖို့၊ မဟာမိတ်တွေ ဖွဲ့နိုင်ကြဖို့ ခင်ဗျားအနေနဲ့ ဘာတွေ အကြံပြုချင်သလဲ။

ဖြေ။      ။  အချင်းချင်းကူညီပြီး ချိတ်ဆက်ပေးနေတဲ့ အမာခံအလွှာတစ်ခုဆိုတာက ဖျတ်လတ်သတိ ရှိပြီး လှုပ်ရှားနေကြသူတွေပဲ။ သတင်းစကားတွေကို ဖြန့်ချိပေးတယ်။ ဆောင်ရွက်တဲ့ ကမ်ပိန်းတွေမှာ စုစည်းပါဝင်ကြတယ်။ အစရှိသည်ဖြင့် ဒါတွေကို ပုံမှန်လုပ်ပေးနေကြတယ်။ ဒီလို အမာခံ အစုအဝေးလေးတွေဟာ ထောက်ခံသူလူ အစုအဝေးဆိုတာထက်လည်း သေးမယ်။

တစ်စုတစ်ဖွဲ့ ခေါင်းဆောင်တွေ၊ အလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းပါဝင်သူအစု ဆိုတာထက်လည်း ကြီးတဲ့ အရွယ်အစားလည်း ဖြစ်မယ်။ သူတို့တွေက ပုံမှန် ပါဝင်တတ်ကြတယ်။  ဥပမာ သူတို့ဟာ လက်မှတ်ထိုး တောင်းဆိုတဲ့ ကမ်ပိန်းတွေမှာ ပါရုံတင်မကဘူး တခြားသူတွေကိုလည်း ပါအောင်လုပ်ကြဖို့ တိုက်တွန်းသူတွေဖြစ်ကြမယ်။ အဲဒီလို လှုပ်ရှားမှုတွေရဲ့ တိုးတက်ပြောင်းလဲပုံတွေကိုစောင့်ကြည့်ပြီး လှုပ်ရှားမှုတွေ အဆပွားလာအောင် လုပ်ပေးကြသူတွေ ဖြစ်တယ်။

လူထုလှုပ်ရှားမှုကြီးဖြစ်လာရင် အလယ်က ချိတ်ဆက်ပေးတဲ့ အလွှာဟာ လွတ်နေတတ်တယ်။ ဖြစ်နေကျ ပုံစံကတော့ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ ပစ်မှတ်ထားတဲ့ လူအုပ်စုနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ကြတယ်။ ဒီအုပ်စုဟာ သူတို့ လှုံ့ဆော်ရင် ပါဝင်လာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမယ့် အဲဒီလို ပစ်မှတ်ထားတဲ့ အုပ်စုတွေဟာ ကျွန်တော်တို့နဲ့ အတူ ယုံကြည်ချက်တူ၊ ရည်မှန်းချက်တူတယ်ဆိုရင်တောင်မှ သူတို့ဆီရောက်လာတဲ့ သတင်း အချက်အလက်တွေက စုပုံနေတယ်။

သူတို့ နေ့စဉ်ရနေတဲ့ စီးပွားရေးကြော်ငြာတွေနဲ့ အစိုးရဝါဒဖြန့်ချီ‌ရေးတွေအပြင် ခုနက ကျွန်တော်တို့ရဲ့ လူထုလှုပ်ရှားမှု နဲ့ ဆိုင်တဲ့ လှုံ့ဆော်မှုတွေက ရောက်လာတဘ်။ အဲဒီလိုအခါမှာ ကျွန်တော်တို့ရဲ့ တိတိပပညွှန်ကြားထားတဲ့ သတင်းစကားတွေဟာ သူတို့ဆီရောက်လာတဲ့ အချက်အလက်အပုံလိုက်အောက်မှာ ဖုံးသွားတဲ့ အသံတွေ ဖြစ်သွားတယ်။

ကျွန်တော်တို့ သတင်းစကားကို ထိထိရောက်ရောက် ပါးဖို့၊ ကျွန်တော်တို့သတင်းစကားကို လက်ဝယ်ရရှိတဲ့သူက ပါဝင်လှုပ်ရှားဖို့အတွက် ကြားမှာ ကြားခံတစ်လွှာလိုအပ်တယ်။ အဲဒီလိုလူတွေကို ကျွန်တော်က လှုပ်ရှားမှုကို အားဖြည့်ပေးတဲ့ ကြားခံအမာခံလူတွေလို့ ခေါ်မယ်။

လူထုလှုပ်ရှားမှု ကမ်ပိန်းတွေ လုပ်တဲ့အခါမှာ အဲဒီလို ကြားခံအုပ်စုတွေ အများကြီးရှိနိုင်တယ်။ အဲဒီလို ကြားခံ လှုပ်ရှားအားပေးသူအုပ်စုတွေကို ခင်ဗျားကိုယ်တိုင်လည်း တည်ထောင်နိုင်သလို ကျယ်ပြန့်အောင်လုပ်နိုင်တယ်။ ကျယ်ပြန့်လာဖို့ကတော့ အချိန်ရော၊ အရင်းအမြစ်တွေရော ပိုပြီး လိုအပ်တာလည်း အမှန်ပါပဲ။

အဲဒီလို အလယ်က အမာခံလှုပ်ရှားနေကြတဲ့သူတွေမှာ တွေ့ရတဲ့ စရိုက်လက္ခဏာလေးခုရှိတယ်။

၁။ ဒီလူတွေမှာ စိတ်ဝင်စားတာ ထက်သန်တာတွေ တူကြတယ်။ ကိုယ့်ဘာသာ စိတ်ဝင်စားတာလေးတွေ တူနေကြတာလည်း ဖြစ်နိုင်တယ်။ သိုးမွေးထိုးတာကနေ တီဗီစီးရီးကို စိတ်ဝင်စားတာ တူတာကအစ၊ ရုပ်ရှင်မင်းသားနဲ့ အင်တာနက်ဂိမ်းကိုကြိုက်ကြတာအဆုံး အမျိုးမျိုး စကားပြောလို့ရတဲ့ ကိစ္စတွေရှိနိုင်တယ်။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားကြတာတွေတူနိုင်တယ်။ ပရဟိတ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေလို၊ နိုင်ငံရေးသတင်းတွေကို ဆွေးနွေးရတာလိုမျိုးပေါ့။

ဒီနေရာမှာ လူတွေဟာ အပေါင်းအသင်းနဲ့ နေတတ်တဲ့ လူမှုရေးသတ္တဝါတွေဆိုတာကိုပဲ။ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝကို  စိတ်ဝင်စားမှုနောက်မှာ အမြဲတမ်း အများနဲ့ပတ်သက်တဲ့ ကိစ္စတွေကို စိတ်ဝင်စားတာက ကပ်ပါလာတာပဲ။ အများပြည်သူနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ အများပြည်သူ အကျိုးရှိမယ့် အရာတွေ။

၂။ ဘုံရည်မှန်းချက်- ကုန်ပစ္စည်းတွေကို ဝယ်ယူစားသုံးတဲ့ စျေးဝယ်သူတွေဖြစ်ရုံနဲ့ အဲဒီလို အလယ်လွှာက အမာခံလှုပ်ရှားသူတွေ ဖြစ်လာကြမှာမဟုတ်ဘူး။ လူတွေဟာ တစ်ခုခုကို အတူတကွ ရည်မှန်းပြီး စုပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်လာကြမှပဲ အမာခံအင်အားစုတွေ ဖြစ်လာကြမှာ။ တစ်စုံတစ်ခုကို အတူဖန်တီးမယ်။ ဝေမျှဖလှယ်ကြမယ်။

တစ်စုံတစ်ယောက်ကို အတူတူကူညီကြမယ် စသည်ဖြင့်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ မှားတတ်ကြတဲ့ ကိစ္စကတော့ တစ်ခုခုလုပ်ပေးလိုက်ရင် အကျိုးကျေးဇူးခံစားသွားရတဲ့ လူတွေဟာ ကိုယ့်ကိုထောက်ခံတဲ့ တက်ကြွတဲ့ အမာခံ အင်အားစုတွေ ဖြစ်လာမယ်လို့ ထင်တတ်ကြတာ။ ဥပမာ သူတို့လိုတဲ့ ဥပဒေအကြံဉာဏ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုတွေ၊ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ တခြားအကူအညီတွေကိုပေးလိုက်ခြင်းအားဖြင့် ချိတ်ဆက်မိမယ်ထင်ပြီး ဒါတွေကိုပေးနိုင်ဖို့ အလေးထားတတ်ကြတယ်။

တကယ်တော့ ပေးလိုက်တဲ့ အကူအညီနဲ့ ဝန်ဆောင်ပေးမှုတွေကို ရလိုက်တဲ့လူတွေကြောင့် အဲဒီလို ကူညီအားပေးတဲ့ အမာခံအလွှာတစ်ခုဖြစ်လာတာ မဟုတ်ပါဘူး။ အဲဒီနှစ်ခုက ကွဲပြားပါတယ်။ အဲဒီထဲမှာ နှစ်ဖက်စလုံးမှာ ပါတဲ့သူတွေလည်း ရှိနိုင်သလို တစ်ဖက်မှာပဲပါပြီး နောက်တစ်ဖက်မှာ မပါတဲ့သူတွေလည်းဖြစ်နိုင်တယ်။ တက်ကြွလှုပ်ရှားမှုမှာ အမာခံပါဝင်ကူညီနေကြသူတွေဖြစ်ပေမယ့် သူတို့ဟာ တစ်ခါမှ အထောက်အပံ့ကို မရဖူးသူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အမာခံအလွှာကို တည်ဆောက်ချိတ်ဆက်ကြမယ့်သူတွေဟာ လူတွေကို အကူအညီနဲ့ စည်းရုံးတာမျိုးထက် သူတို့စိတ်ဝင်စားပြီး ပါဝင်နိုင်တဲ့ ရည်မှန်းချက် ပန်းတိုင်မျိုးကို ရှင်းရှင်းလင်းလင်း ချပြသင့်ကြပါတယ်။

၃။ စိတ်ဓာတ်ချင်းတူပြီး ရင်းနှီးလာတာနဲ့ ပြည်သူ့အကျိုးစီးပွားဆိုတဲ့နေရာမှာ ဆုံချက်တူကြတာက ဒီလို အားပေးထောက်ခံသူ အမာခံအလွှာတွေမှာတွေ့ရတဲ့ နောက်ထပ် စရိုက်လက္ခဏာတစ်ခုပါ။ ဒီလို နှစ်မြှုပ်ပါဝင်လာမှုဟာ အသိပညာကနေ လာတာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ဘာလို့ နှစ်မြှုပ်ပြီး ပါဝင်ပေးနေကြတာလဲဆိုတာတောင် တွေးလို့တောင် မရဘူး။ စိတ်ဓာတ်အရကို ထည့်ဝင်နေကြတာ။ ခံစားချက်နဲ့ ပါဝင်ကြတာ။ အဲဒီလို ဘုံပန်းတိုင်တူတဲ့ ခံစားချက်တွေကို ဘယ်လို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သလဲ။ နည်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာပါတယ်။

ရရှိလာတဲ့ အောင်မြင်မှုတွေ တိုးတက်မှုတွေအပေါ် အတူ ဖော်ပြခံစားကြတာ၊ ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို အတူတကွ အံတုကြတာ၊ လက်ရှိကာလမှာ ပိုကောင်းတဲ့အနာဂတ်အတွက် တင်ကြိုစိတ်ကူးပြီး အတူပုံဖော်ကြတာ။ ဥပဓိကောင်းတဲ့ အာဝိဇ္ဇာန်းရွှင်တဲ့ ခေါင်းဆောင်တွေ ကြောင့်လည်း လူတွေက ပိုပြီးသန္နိဌာန်မြဲ ကြလေ့ရှိတယ်။

ဒီလိုဖြစ်တတ်တာမျိုးကို အများဆုံး တွေ့ရပေမယ့် ဒီမိုကရေစီ လှုပ်ရှားမှုအတွက် လူစုရတဲ့နေရာမှာ အဆိုးဆုံးပုံစံပဲ။ တစ်ခုခုမှာ စိတ်မာဖို့ သန္နိဌာန်မြဲဖို့ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်အမာခံအသိုင်းအဝိုင်းတွေကို အကြောင်းအရာ အလိုက်ရှင်းပြ ဆွေးနွေးကြရမယ်။ အသေးစိတ်ချပြနိုင်ရမယ်။

၄။ အများပြည်သူရဲ့ သန္နိဌာန်ပြင်းပြမှုကို ကမ္ဘာ့အတွေးအမြင် လှိုင်းကို စီးပြီး ချိတ်ဆက်ပြီး လှုပ်ရှားကြရမယ်။ လူတွေမှာ စိတ်လှုပ်ရှားမှုဆိုတာ တချိန်ချိန် အားပျော့သွားနိုင်တာမျိုးဖြစ်ပေမယ့် ကမ္ဘာမှာ အများသိတဲ့ သီအိုရီစိတ်ကူးတစ်ခုကိုယုံလို့ ပါဝင်လာကြတာဆိုရင်တော့ အမာခံပြည်သူတွေရဲ့ နားလည်မှုက ခိုင်မာပါတယ်။

ဥပမာ- အမျိုးသမီးရေးရာလှုပ်ရှားမှုတွေ၊ ဂျန်ဒါအသီးသီးအတွက်  လူ့အခွင့်အရေးတောင်းဆိုမှုတွေ၊ လစ်ဘရယ် စံတန်ဖိုးတွေ၊ ဆိုရှယ်လစ်သဘောတရားတွေ အစရှိသဖြင့် ဒါတွေနဲ့ ချိတ်ဆက်ထားပြီး ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ ဒီလိုကမ္ဘာ့စံတန်ဖိုးတွေ အတွေးအခေါ်တွေနဲ့ ဉာဏ်ယှဉ်ပြီး လေ့လာလာနိုင်ကြတဲ့အခါ ကမ္ဘာမှာ ပြောဆိုနေတဲ အတွေးအခေါ်သီအိုရီတွေကို ထည့်ဆွေးနွေးလာနိုင်ခြင်းကလည်း ရပ်ရွာရဲ့ အမာခံ အင်အားစုကို အားကောင်းလာစေပါတယ်။

မဟာမိတ် ညွန့်ပေါင်းအဖွဲ့တွေကို ခိုင်မာလာအောင် တည်ဆောက်ကြတဲ့အခါမှာ  လူသုံးများတဲ့ နည်းပညာပိုင်းက အထောက်အကူတွေ လိုအပ်သလို အရေးကြီးတဲ့ ရပ်တည်ချက်တစ်ခုကိုလည်း မေ့လို့မရပါဘူး။ အဲဒါကတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့ နေရာမျိုးမှာ ပြောနိုင်ဆိုနိုင်တဲ့သူတွေနဲ့ ညွန့်ပေါင်းဖွဲ့ထားဖို့လိုတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာရှိနေတဲ့သူတွေအပေါ် သြဇာညောင်း တဲ့သူတွေနဲ့ ကိုယ့်ထက် ပိုပြီးနေရာရောက်နိုင်တဲ့သူတွေနဲ့ အသင်းအပင်းဖွဲ့ထားရမှာဖြစ်တယ်။

————–

မေး။     ။ ရုရှားမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုအကြံဉာဏ်တွေများပေးချင်သလဲ။ အံတုမှုတွေမှာ ဘယ်လိုနည်းတွေက ထိရောက်နိုင်မလဲ၊ ပြီးတော့ ဒီဖိနှိပ်မှုတွေကြားမှာ လွင့်ကျေမသွားအောင် ဘယ်လိုနေထိုင်ပြီး ရည်မှန်းချက်တွေ ပေါက်မြောက်အောင် လုပ်ရမလဲ။

ဖြေ။      ။ လုပ်ဖော်ကိုင်ဖက်အသီးသီးဟာ အခြေအနေအမျိုးမျိုးမှာ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အကြောင်းခြင်းရာကိုလို က်ပြီး ပေးနိုင်တဲ့ အကြံဉာဏ်တွေ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့်တော့ စိတ်ထဲထားသင့်တဲ့ မူတချို့ကိုတော့ စဉ်းစားမိပါတယ်။

၁။ တော်လှန်ရေးဆိုတာက အမြဲဖြစ်နိုင်ပါတယ်။ ဖိနှိပ်မှုတွေ၊ စိုးမိုးဗိုလ်ကျချင်တာတွေရှိနေတဲ့ စနစ်ကပဲ တော်လှန်ရေးကို မွေးထုတ်ပေးတတ်ပါတယ်။ တချို့ သိပ်ဆိုးလွန်းတဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ အစိုးရကနေ ကိုယ့်ကို ဆွဲသွင်းသွားတဲ့ ရာဇဝတ်မှုမျိုးတွေမှာ ပါဝင်လိုက်ရတာကိုက တော်လှန်ရေး တစ်မျိုး ဖြစ်နေတတ်ပါတယ်။

၂။ ပါးစပ်ပေါက်ပိတ် အသံလုံးဝတိတ်အောင်ဖို့ ဖိအားပေးခံရတာ (အသက်ပါရန်ရှာခံရနိုင်တယ်) ရယ်၊ ကိုယ့်တန်ဖိုးထားမှုနဲ့အညီ ဆက်လက်နေထိုင်ပြီး ပြောဆိုလှုပ်ရှားနေနိုင်အောင် နေရာရွှေ့ရတာရယ် နှစ်ခုမှာ ပြိုင်ရွေးရတော့မယ်ဆိုရင် ရွှေ့ပြောင်းလိုက်ရပေမယ့် စကားပြောခွင့်ရနေတာကိုပဲ ရွေးပါ။  ခဏ ဆုတ်ခွာပေးလိုက်တာကိုပဲ ရွေးပါ။

၃။ ဖိနှိပ်မှုတွေကြား၊ တင်းကြပ်စွာ ဟန့်တားထားတဲ့ ဥပဒေတွေကြားမှာ ကိုယ်မတတ်နိုင်တာတွေထက် ကိုယ်လုပ်နိုင်တာတွေကို ပိုအာရုံစိုက်ပါ။

၄။ ပန်းတိုင်ကို တိတိကျကျထားပါ။ “စနစ်ကြီးကို တိုက်ရမယ်။” တို့၊ “အာဏာရှင်ကိုဆန့်ကျင်ရမယ်”တို့၊ ဖိုဝါဒကိုဆန့်ကျင်ရမယ်တို့၊ လိင်တူစုံမက်သူများအားခွဲခြားမှုကိုတိုက်ဖျက်ရမယ်”တို့ချည်း ကြွေးကြော် လို့မရပါဘူး။ ပိုပြီးတိကျဖို့ လိုပါတယ်။ အဲဒီလို စကားလုံးအကြီးတွေသုံးတဲ့အခါ မနိုင်တဲ့ တစ္ဆေအကြီးစားကို တိုက်နေရသလို စိတ်က ထင်လာစရာရှိတယ်။ တော်ရုံတန်ရုံ သွေးနဲ့သားနဲ့ သာမန်လူက ဝင်ပါပြီး ဘာမှ လုပ်လို့မရဘူးလို့ ထင်သွားလောက်တဲ့ ဝေဝါးတဲ့ ပန်းတိုင်တွေကို မပြောပါနဲ့။

ပြဿနာကို ချပြတဲ့အခါမှာ ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါမှာ ဒီပြဿနာက ဒီလိုရှိနေတယ် ဆိုတာကို တတ်နိုင်သလောက် တိတိကျကျ အချက်အလက်တွေနဲ့ ခိုင်လုံအောင်ပြောစေချင်ပါတယ်။  နောက်ပြီး ဒီလိုပြဿနာမျိုး ရှိမနေပါဘူးလို့ ငြင်းပယ်နေကြတာတွေကိုလည်းပဲ အချက်အလက်နဲ့ပဲ ပြန်ချေပဖို့ အရေးကြီးလှပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အခုမျက်မှောက်မှာကိုဖြေရှင်းဖို့ လက်လှမ်းမှီတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာကို ဝိုင်းရှာကြဖို့ ပိုလွယ်သွားပါတယ်။

၅။ နိုင်ငံတော်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ မိမိတို့ဘက်က တော်လှန်ရေးကြောင့် အစွယ်ကျိုးသွားနိုင်သလို အစိုးရက လိုအပ်တဲ့အရင်းအမြစ်တွေကို မရရင် ဒီလိုအစိုးရရဲ့ ချုပ်ချယ်တဲ့လုပ်ရပ်တွေ အထမမြောက်ဘဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုနည်းလမ်းတွေနဲ့ အန္တရာယ်ကို လျှော့ချနိုင်သလို အပြစ်ဒဏ်ပေးခံရတာတွေကိုလည်း စွက်ဖက်လို့ရလာပါလိမ့်မယ်။ ပြီးတော့ အမြဲတမ်းမိမိရဲ့ လုံခြုံရေးအစီအစဉ်တွေကို လေးလေးနက်နက် ချမှတ်ပြင်ဆင်ထား သင့်ပါတယ်။

Igor Blazevic မှ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သူ ရုရှားမှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင် Igor Kochetkov ကို သီးသန့် အင်တာဗျူးမေးမြန်းထားတာ ဖြစ်ပါတယ်။

Igor Blazevic ဟာ ပါရာဂွေးအရပ်ဘက်လူ့အဖွဲ့အစည်းစင်တာတွင် စီနီယာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံတွင် Myanmar Initiatives Program ရဲ့ Head Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။