• Today is: Thursday, April 18, 2024

ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းနိုင်ဖို့ ကချင်စာပေ အွန်လိုင်းကျောင်း စတင်ဖွင့်လှစ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၆၊ ၂၀၂၃
 
ကချင်လူငယ်များကြားအပါအဝင် ကချင်လူမျိုးစုတွေကြားမှာ မိခင်ဘာသာ စကား၊ စာပေတို့ကို ပြောဆိုတတ် မြောက် သုံးစွဲမှု နည်းပါးလာမှုကို ဖြေရှင်းနိုင်ဖို့နဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနဲ့ သမိုင်းအမွေအနှစ်များကို ကာကွယ် ထိန်းသိမ်း ပေးနိုင်ဖို့ အွန်လိုင်းကနေ လေ့လာ သင်ကြားခွင့်ရမယ့် ကျောင်းတစ်ခုကို စတင်ဖွင့်လှစ် လိုက်ပြီး ကျောင်းသား၊သူများကို စတင်လက်ခံနေပြီလို့ ကျောင်းတည်ထောင်သူ ဒါ့ရှီဘရန်အောင်က ဖက်ဒရယ် ဂျာနယ် မြန်မာကို ပြောပါတယ်။
 
ကချင်လူငယ်များမှာ မိခင် ဘာသာစကားကို မြန်မာ၊ အင်္ဂလိပ် စကားများ ရောနှောပြောဆိုနေတာ များလာပြီး အရေးအဖတ်၊ တတ်မြောက်မှု နည်းပါးလာနေသလို မူရင်း ကချင်ဘာသာစကား နှင့် စာပေ တို့ တိမ်ကော ပပျောက်သွားခြင်း မရှိစေရန် ရည်ရွယ်တာဖြစ်ပြီး ဘိုးဘေးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ သမိုင်း အမွေအနှစ် တွေကို ထိန်းသိမ်းနိုင်ဖို့အတွက်လည်း ရည်ရွယ်တာလို့ ပြောပါတယ်။
 
MSIE ကျောင်းတည်ထောင်သူ ဒါ့ရှီဘရန်အောင်က “ဒီကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီကနေ့ မြို့ကြီးပြကြီး တွေကို ရောက်သွားတဲ့ လူငယ်တွေ ကြားမှာ အထူးသဖြင့် နိုင်ငံရပ်ခြားတွေမှာ စာပေပညာ လေ့လာနေတဲ့ ကချင် လူငယ်တွေကြားမှာလည်း မိမိတို့ရဲ့ မိခင်ဘာသာစကားတွေကို ပြောဆိုတဲ့အခါ ရေရေလည်လည် မပြောနိုင် တော့ဘူး၊ အင်္ဂလိပ်စကားကို ကြားညှပ် ပြောဆိုတာ၊ မြန်မာ ဘာသာစကားကို ကြားညှပ် ပြောဆိုတာတွေ ကြာလာ တော့ မိခင်ဘာသာစကားကိုတောင် မပြောချင်လာတော့တဲ့ ပုံစံဖြစ်လာတယ်”လို့ ပြောပါတယ်။
 
အလားတူ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မသိနားမလည်တဲ့ အခြေအနေတွေ ဖြစ်လာတာကြောင့် နောက်ဆက်တွဲအနေနဲ့ ယဉ်ကျေးမှု ပြဿနာတွေကို ကြီးမားလာပြီး လူမျိုးစုတွေအချင်းချင်းကြား ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ချစ်ခင်ရင်းနှီးစွာ နေထိုင်တက်တဲ့ ဓလေ့တွေပျောက်ကွယ်လာစေတာကြောင့် ဒါတွေကို ပြန်လည် မွမ်းမံမြင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။
 
ယခု ဖွင့်လှစ်သင်ကြားပေးမယ့် ကျောင်းကိုတော့ ကချင် အမျိုးသား စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာ သင်ကြားရေး အွန်လိုင်းကျောင်း ခေါ် Mungmyit Sinli Institute of Educaiton- MSIE လို့ ညွန်းခေါ်ပါတယ်။
 
ဒါ့အပြင် (MSIE)ကျောင်းလိုပလက်ဖောင်းတွေကတဆင့် အမျိုးသား စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာ သင်ကြားလေ့လာခွင့် ရရှိမှာ ဖြစ်တာကြောင့် အနာဂတ်မြန်မာနိုင်ငံရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လာတဲ့အချိန်မှာလည်း တိုင်းရင်းသားလူမျိုးစုတွေကြား တဦးနဲ့တဦး ယဉ်ကျေးမှုတွေ ဓလေ့ ထုံးတမ်း တွေကို နားလည် ခံစားကြရင်း မျှဝေဖလှယ် အတူယဉ်တွဲနေထိုင်နိုင်ကာ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှု တွေကို ရရှိစေမှာ ဖြစ်တယ်လို့ MSIE ကျောင်းတည်ထောင်သူ ဒါ့ရှီဘရန်အောင်က ဆက်ပြောပါတယ်။
 
(MSIE) ကျောင်းကိုတော့ လွတ်လပ်စွာ ဖွဲ့စည်းထားတာဖြစ်ပြီး အစိုးရလက်အောက်မှာ ထားရှိခြင်းမျိုးမဟုတ်ဘဲ ကချင်ယဉ်ကျေးမှုကို လေ့လာတတ်ကျွမ်းသော ကချင်ဆရာ/ဆရာမ ၈ ဦးက စုပေါင်းပြီး ကော်မတီ ဖွဲ့ကာ မျိုး ဆက်သစ် လူငယ်များအတွက် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။
 
MSIE ကျောင်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး ပထမအပိုင်းကို Certificate Program နှင့် ဒုတိယအပိုင်းကို Diploma Program ဟု သတ်မှတ်ထားကာ လေ့လာခွင့် ရမှာ ဖြစ်ပါတယ်။
Certificate Program တွင် ဘာသာရပ် ၄ မျိုးကို ထည့်သွင်းထားပြီး ပထမဘာသာရပ်မှာ အခန်းငယ် ၄ ခန်း ပါဝင်ပြီး ကချင်စာပေ၏ သဒ္ဒါ၊ ကဗျာ၊ အသီးအနှံနာမည် အခေါ်အဝေါ်များ၊ ပန်းပင်အမျိုးအမည်များ၊ ဝါကျရေး ပုံရေးနည်းများ၊ အလင်္ကာရေးစပ်နည်းများပါဝင်တာ ဖြစ်ပါတယ်။
 
ဒုတိယ ဘာသာရပ်မှာတော့ ခေါင်းဆောင်မှုပညာဖြစ်တဲ့ ကချင်လူမျိုး၏ ခေါင်းဆောင်မှုပညာ၊ ကချင်လူမျိုးများ ၏ အမျိုးသားရေး ခေါင်းဆောင်များအကြောင်း၊ ကမ္ဘာပေါ်ရှိ အမျိုးသားရေး ခေါင်းဆောင်များအကြောင်း၊ ကချင် လူမျိုးတစ်ဦး၏ လူမှုနေထိုင်ပြောဆိုပုံနှင့် ကျင့်ဝတ်များအကြောင်း လေ့လာရမှာ ဖြစ်ပါတယ်။
 
အလားတူ တတိယ ဘာသာရပ်မှာ ကချင်လူမျိုးများ၏ ဘိုးဘွားစဉ်ဆက် အသုံးပြုလာသော ယဉ်ကျေးမှု၊ အသုံး အဆောင်များအကြောင်း၊ မနှောတိုင်မှာပါရှိသော ယဉ်ကျေးမှု အကြောင်းအရာ၊ တရားစီရင်မှု ထုံးတမ်းများနှင့် နောက်ဆုံး ဘာသာရပ်မှာ ကချင်လူမျိုးများ၏ ဆင်းသက်လာပုံ သမိုင်းကြောင်းများ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
Certificate Program မှာ သင်တန်းကာလ ၁၀ လ ကြာမြင့်မည်ဖြစ်ပြီး၊ စာမေးပွဲစစ် အောင် သော သူများကို နှစ်စဉ်နှစ်တိုင်း ကချင်ပြည်နယ်နေ့ဖြစ်သော ဇန္နဝါရီလ ၁၀ ရက်နေ့တွင် Certificate လက်မှတ်များကို ချီးမြှင့် သွားမှာ ဖြစ်ပြီး Diploma Program ကိုတော့ လာမည့် နှစ် ၂၀၂၄ ခုနှစ်မှသာ စတင်ဖွင့်လှစ်နိုင်မှာ ဖြစ်တယ်လို့ MSIE ကျောင်းတည်ထောင်သူ ဒါ့ရှီဘရန်အောင်က ပြောပါတယ်။
 
MSIE ကျောင်းကို ၂၀၂၃ ခုနှစ် မေလမှ စတင် သင်ကြားပေးမှာ ဖြစ်တာကြောင့် ယခု ဧပြီလဆန်းမှ စတင်၍ အမည်စာရင်းများကို လက်ခံပေးနေပြီလို့ ဆိုပါတယ်။ တက်ရောက် လေ့လာမယ့် မည်သူ မဆို လျှောက်လွှာများကို ကျောင်း၏ လူမှုကွန်ရက်စာမျက်နှာက လျှောက်လွှာကိုရယူနိုင်ပြီး ပထမဆုံးကျောင်းအပ်နှံသောသူများထဲမှ အယောက် ၃၀ ကို သင်တန်းကြေး ၅၀၀၀၀ကျပ် သတ်မှတ်ထားပြီး၊ ထိုမှ အထက်ကို ၈၀၀၀၀ ကျပ် သတ်မှတ် ကာ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
 
သင်တန်းတွင် လူဦးရေ အကန့်အသတ်မရှိ လက်ခံသွားမည် ဖြစ်ပြီး၊ ကချင်(ဂျိမ်းဖော)စာ အခြေခံ ရေးဖတ်နိုင် သော အသက် ၁၂ နှစ်ပြည့်ပြီးသည့် လူငယ်များတက်ရောက်နိုင်မှာ ဖြစ်သလို ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသား များအပြင် အခြားသောတိုင်းရင်းသားများအတွက် Diploma Program တွေမှာ အင်္ဂလိပ်ဘာသာနှင့် မြန်မာ ဘာသာ စကား နှစ်မျိုးဖြင့် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
 
MSIE ကျောင်းတွင် ကချင်စာပေ အခြေခံ တတ်ကျွမ်းထားသော လူမျိုး၊ ဘာသာမရွေး မည်သူမဆို တက်ရောက် သင်ကြားနိုင်ကြောင်း၊ ဖုန်းတစ်လုံးဖြင့် အင်တာနက် ရရှိသည့်နေရာက မည်သူမဆို အလွယ်ကတူ သင်ကြားခံယူ နိုင်အောင် ဆောင်ရွာထားကြောင်း အဆိုပါ ကျောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ ဖွင့်လှစ်မည့် ပထမဆုံးသော အွန်လိုင်းပညာရေးကျောင်း ဖြစ်လာမယ်လို့ နားလည်ရပါတယ်။