• Today is: Sunday, April 14, 2024

မိုးကုတ်၊ လယ်ကြီးစစ်တပ်ဂိတ် စီးနင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

ဓာတ်ပုံ-မိုးမိတ်ခရိုင် KPDF တပ်ရင်း
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၉၊ ၂၀၂၃
 
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ မိုးကုတ်-ပြင်ဦးလွင်-ကျောက်မဲဆက်သွယ်ရေးလမ်းပေါ်မှ လယ်ကြီး စစ်တပ် စခန်းနှင့်ရဲဂိတ်တို့က စီးနင်းတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
 
အဲဒီ စီးနင်း တိုက်ခိုက်မှုကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်များက ဧပြီလ ၇ ရက်နေ့က စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရှမ်းမြောက်ဒေသ တပ်ဖွဲ့များနှင့် အမျိုး သား ညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ PDF များလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF (Kachin Region) က သတင်းထုတ်ပြန်ပါတယ်။
 
လယ်ကြီး စခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
အလားတူ လယ်ကြီးစခန်းသို့ စစ်ကူဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မိုးကုတ်-မိုင်းလုံ ဆက်သွယ်ရေး လမ်းပေါ်ရှိ အောက်ညောင်ကုန်းရွာအနီး ပူးပေါင်းတပ်များဘက်က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက် ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦးခန့် ထပ်မံ သေဆုံးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
 
တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများဖြစ်ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်း များလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဗီဒီယိုဖိုင်များဖြင့် သတင်း ထုတ်ပြန်ထား ပါတယ်။
 
ထုတ်ပြန်ချက်များအရ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများကိုတော့ သီးခြား အတည်မပြုနိုင် သေးပါဘူး။