• Today is: Thursday, June 8, 2023

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၉၊ ၂၀၂၃

ကယား(ကရင်နီ) ပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက် တောင်ပေါ် တစ်ကြော မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဧပြီ ၄ရက်နဲ့၅ ရက်တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက် တောင်ပေါ် တစ်ကြောမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီ စစ်သား (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုး နေသော တပ်ရင်းများထဲက ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

KNDF ထုတ်ပြန်ချက်အရ နှစ်ရက်တာတိုက်ပွဲက ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ (၄) ရက်နေ့ ညနေ (၃)နာရီကျော် အချိန်ထိ တိုက်လေယာဥ်ဖြင့် (၆)ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နှစ်ရက်တာ တိုက်ပွဲအတွင်းမှာတော့ ကရင်နီတပ်မတော် (KA)၊ KNDF ဗျူဟာတပ်ရင်းနဲ့ တပ်ခွဲတွေအပြင် KNDF ဗဟိုဒရုန်းတပ်ဖွဲ့ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး KNDF ရဲဘော်တစ်ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လထဲက စတင်ပြီး ယနေ့ထိ နေ့စဥ် ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေတာကြောင့် အရပ်သားပြည်သူများ လုံခြုံရေးဆိုင်ရာ သတိထားနိုင်ဖို့ အသိပေးထားပါတယ်။