• Today is: Saturday, April 20, 2024

တော်လှန်ရေးလောကဓံကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပြီး သွေဖည်မသွားဖို့ AA တပ်မှူးချုပ်တိုက်တွန်း

ဓာတ်ပုံ – ပုံဟောင်း
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၁၀၊ ၂၀၂၃ 
 
တော်လှန်ရေးလောကဓံကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပြီး သွေဖည်မသွားဖို့ ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရက္ခိုင့်တပ်တော် (၁၄)နှစ်မြောက်နေ့ အခမ်းအနား မိန့်ခွန်းကနေတဆင့် တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
 
တော်လှန်ရေးကာလမှာ တော်လှန်ရေးလောကဓံကို သွေဖည်ပါက ကျွန်ဖြစ်မည်ဖြစ်သလို သတ္တိရှိပြီး လက်တွေ့ ဆန်တဲ့ မျိုးချစ်များအတွက် နာကျင်ဒဏ်ရာ အမာရွတ်များမှာ ခွန်အားနှင့်ဆုတံဆိပ်များပင် ဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ဘာသာဖြစ် ပြောဆိုထားတာပါ။
 
“တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံက ရင်ဆိုင်ဖြတ်ကျော်နိုင်ရဖို့၊ သွေဖီကေ ကျွန်ဖြစ်ဖို့။ သတ္တိဟိရေ လက်တွိဆန်ရေမျိုးချစ်တိအတွက် အေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အားနန့်ဆုတံဆိပ်တိပင်ဖြစ်တေ” လို့ ဆိုပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်ကြဖို့ အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင် လုပ်သားပြည်သူများက ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် တိုက်တွန်း ပြောဆိုပါတယ်။
 
တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံများကြားမှ နာကြင်မှုမျက်ရည်နှင့် ရဲရင့်စွာရပ်တည်နေကြတဲ့ အာရက္ခပြည်သူများ၊ ရောက်ရာအရာမှ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံတကာနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူတစ်ရပ်လုံး၏ ရပ်တည်ကူညီမှုများအား အထူးကျေးဇူးဥပကာရ တင်ရှိကြောင်းနှင့် ဆက်လက်ပြီး တော်လှန်ရေးအတွက်ကြံ့ကြံခံရပ်တည်ကြဖို့ သူက ပြောပါတယ်။
 
တော်လှန်ရေးကာလ ဖြတ်သန်းထိုးဖောက်မှု တိုက်ပွဲများ တိုင်းပြည်နှင့် လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်တို့ကို ပေးဆပ်သွားကြတဲ့ ရဲဘော်ရဲဘက်များကို လေးနက်စွာ ဂါရဝပြုသလို ဒုက္ခသုက္ခများကြားမှ ဘဝများကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီး တာဝန် အသီးသီးကို ထမ်းဆောင်နေသည့် ရဲဘော်ရဲမယ်အပေါင်းတို့ကိုလည်း အလေးနက်ဂါရဝပြုကြောင်းလည်း ဆိုပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒီကနေ့ ဧပြီ ၁၀ ရက်နေ့မှာတော့ ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။