• Today is: Wednesday, May 29, 2024

ကန့်ဘလူ၊ ပဇီကြီးရွာက အခမ်းအနားတခုမှာ လေကြောင်း ဗုံးကြဲခံရလို့ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် သေဆုံးသူ ၅၀ ကျော်ရှိခဲ့တယ်လို့ဆို

ဓါတ်ပုံ-CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဧပြီ ၁၁၊ ၂၀၂၃

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာက အခမ်းအနားတခုမှာ စစ်ကောင်စီတပ်က ဒီကနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က လေကြောင်းတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ခိုက်မှုဟာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ချိန်ခန့် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

အခမ်းအနား ကျင်းပနေစဉ် ပစ်ခတ်ခံရလို့ အရပ်သား ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံများက သတင်းဌာနတွေမှာ ပြောဆိုထားပါတယ်။

 

အခု လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရတဲ့ နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိနေသော်လည်း ဒဏ်ရာရရှိထားသူ အများ အပြားရှိခဲ့တာကြောင့် အရေးပေါ် ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အင်အား မလုံ လောက်မှုလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာဖြစ်ရပ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစုများနှင့်တသားတည်း အတူတကွ ရှိနေ တယ်လို့ ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ထပ်မံ သက်သေ ပြနေ တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အလားတူ ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကို စစ်ကောင်စီ တပ်က မနက်ပိုင်း ၁၁ နာရီခန့်က တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူတွေ ၁၀ ဦးထက်နည်း ထိခိုက် သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုနှစ် ၂၀၂၃ ခုနှစ်ထဲမှာတော့ တိုင်းရင်းသားများ အညာဒေသအပါအဝင် ပြည်နယ် ဒေသေတွေများမှာ စစ်မျက်နှာဖွင့်ပြီး လေကြောင်း၊ လက်နက်ကြီးများကို အဓိကထား သုံးကာ အရပ်ဘက်၊ စစ်ဘက် မခွဲခြားတော့ဘူး စစ်ရေးအရှိန်မြင့်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြနေပါတယ်။