• Today is: Friday, March 29, 2024

KNU/KNLA PC မှ စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူး အဆုံးစီရင်သည်ဟု သတင်းများထွက်ပေါ်

ဓါတ်ပုံ – Getty Images 

ဧပြီလ ၁၁ရက်၊ ၂၀၂၃

ဖက်ဒရယ်ဂျာနယ် မြန်မာ

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) မှ စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူးမှာ ယနေ့ နံနက်ပိုင်းတွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်သည်ဟု သတင်းထွက်များ ထွက်ပေါ်လျှက်ရှိပါတယ်။

အဆိုပါ သတင်းနှင့်ပတ်သတ်ပြီး ထပ်မံစုံစမ်းကြည့်ရာ KNU/KNLA PC မှ စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူးမှာ ယနေ့နံနက်ပိုင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ပစ်ခတ်ရာတွင် ထိမှန်၍ သေဆုံးခဲ့ရသည်ဟုလည်း သိရပါတယ်။

ထိုပြင် KNU/KNLA PC နှင့် နီးစပ်သူတစ်ဦးမှာတော့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်းကို ပြောပါတယ်။

” ဒီနေ့မနက်မှာပဲ သူ့သေနတ်နဲ့ သူ့ခေါင်းကို ပစ်ပြီး သတ်သေသွားတယ် “

လို့ KNU/KNLA PC နှင့် နီးစပ်သူတစ်ဦးမှ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

အဆိုပါ သတင်းကို သီးခြားအတည်ပြုနိုင်ဖို့အတွက် KNU/KNLA PC မှ ပြောရေးဆိုခွင့်ရှိသူထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

ဗိုလ်ချုပ်စောအယ်ခူးဟာ ဧပြီလ ၇ရက်နေ့က ဗိုလ်လက်ကိုင်နှင့် စောကျော်ဂရောင်းတို့ကို KNU/KNLA PC မှ ထုတ်ပယ်တဲ့ ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူလည်း ဖြစ်ပါတယ်။