• Today is: Thursday, April 25, 2024

ထားဝယ်သပိတ်ကော်မတီဦးဆောင်သူ ကိုမင်းလွင်ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်း ဆုကြေးငွေထုတ်

ဖက်ဒရယ်ဂျာနယ် မြန်မာ| ဧပြီ ၁၃၊ ၂၀၂၃

ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဖမ်းဆီးပေးနိုင်သူကိုဆုကြေး ကျပ်သိန်း ၃၀၀ ပေးမည်ဆိုပြီး စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၁၂)မှာ ကြေညာထုတ်ပြန်လာပါတယ်။

အဲဒီ ဆုကြေးငွေထုတ်ပြီး ထပ်မံ ဖမ်း၀ရမ်းထုတ်မှုကို လောင်းလုံးမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဓာတ်မီး တိုင်များ မှာ ကြေညာစာ လာရောက် ကပ်ခဲ့တာလို့ ထားဝယ်သပိတ်ကော်မတီကလည်း ဆိုပါတယ်။

အခုလို ကိုမင်းလွင်ဦးကို ဆုကြေးငွေထုတ်ပြန်တာဟာ လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းမှုကို ထိခိုက်စေရန် လူငယ်များကိုစည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်မှုများ ဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိဘများမှာ သားသမီး များအတွက် ပူပင်သောကရောက်ပြီး စစ်ကောင်စီအဖွဲ့အစည်းများထံ တိုင်ကြားလာမှုများ ရှိလာတာကြောင့်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်နေတဲ့ ကျောင်းသားလူငယ်တွေဟာ ပင်ကိုယ်အသိစိတ်တို့ဖြင့် လောင်းလုံ မြို့နယ်မှာ သူတို့ နယ်မြေအလိုက် လှုပ်ရှားနေတာ ဖြစ်သလို စစ်ကောင်စီက စွပ်စွဲ ရေးသားပြောဆိုနေသလို မဟုတ်ပဲ လူထုကြားက ပေါက်ဖွားလာတဲ့ လူထုတော်လှန်ရေးတာ ဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို တုံ့ပြန်ပြောဆိုပါတယ်။

“ကျွန်တော်တို့ သပိတ်ကော်မတီတွေထဲမှာပါတဲ့ အခြေခံအထက်တန်းကျောင်းသား သပိတ်ကော်မတီဆိုပြီး ပါဝင်တယ်၊ သူတို့ အခြေခံအထက်တန်းကျောင်းသား သပိတ်ကော်မတီဆိုတာ စစ်အာဏာသိမ်းမှု စဖြစ်ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ပင်ကိုယ်စိတ်နဲ့ လောင်းလုံမြို့နယ်မှာ သူတို့နယ်မြေအလိုက် ဖွဲ့စည်းပါဝင် နေတာဖြစ်တယ်။ အဲဒီတော့ စစ်ကောင်စီ စွပ်စွဲ ပြောဆိုနေ သလိုမဟုတ်ဘူး၊ ပြီးတော့ လူငယ်ဆိုတာက လူတဦး တယောက် စည်းရုံးသိမ်းသွင်း၊ ဖျားယောင်းသွေးဆောင်နဲ့ အခုလိုအချိန်ထိ ပါဝင်နေမှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။

အခုလို စစ်ကောင်စီက ဖမ်းဝမ်းထုတ်လိုက်တာဟာ ထားဝယ်သပိတ်ကော်မတီတို့ရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်သွားဖို့ ရည်ရွယ်ပြီး လှုပ်ဆောင်နေတာ ဖြစ်သလို လက်နက်မဲ့ လှုထုလှုပ်ရှားမှုတွေကိုတွေ ကြောက်ရွံ့နေတာဖြစ်ပြီး လက်နက်ဖြင့် အုပ်ချုပ်ထားတဲ့ တည်ငြိမ်မှုကို ပြသချင်တာကြောင့် ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဝမ်းထုတ်လိုက်တာကြောင့် ထားဝယ်သပိတ်ကော်မတီတို့ရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်သွားမှာ မဟုတ်သလို လက်နက်မဲ့ လှုထုလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုတွေရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွက် နိုင်ငံရေး အတွေးအခေါ် သဘော သဘာ၀တွေကို ဆက်လက် ဟောပြောမှုများ ရှိနေမယ်လို့ သူကပြောပါတယ်။

ကိုမင်းလွင်ဦးကိုတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုအလွန် တစ်လခန့်အကြာ ၂၀၂၁ ခုနှစ်မတ်လထဲတွင် ၅၀၅ ပုဒ်မတပ်ပြီး ကိုမင်းလွင်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာလည်း အကြမ်း ဖက်မှု ပုဒ်မတပ်ပြီး ဖမ်းဝရမ်းထပ်ထုတ်ခံတာပါ။ ဒါ့အပြင် အခုလ ၂၀၂၃ ဧပြီ ၁၂ ရက်မှာလည်း ထပ်မံ ဆုကြေးငွေထုတ်ပြီး ဖမ်း၀ရမ်းထုတ်ခဲ့သလို အခုဖြစ်ရပ်ဟာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ပထမဆုံး အကြိမ် ဆုကြေးငွေ ထုတ်ပြီး ဖမ်း၀ရမ်း ထုတ်ခံရသူလည်း ဖြစ်ပါတယ်။