• Today is: Sunday, May 26, 2024

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ လားရာနှင့်အနာဂတ်မှာ ဖြတ်သန်းကြရမယ့် အချိုးအကွေ့များ (စကားဝိုင်းအနှစ်ချုပ်)

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ လားရာနှင့်အနာဂတ်မှာ ဖြတ်သန်းကြရမယ့် အချိုးအကွေ့များ (စကားဝိုင်းအနှစ်ချုပ်)

  • ပါဝင် ဆွေးနွေးသူများ

၁) ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

၂) သဉ္ဇာရွှန်းလဲ့ရည်  ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု)

၃) စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် အမှတ် (၉) မဲဆန္ဒနယ်)

၄) ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

 

နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံရေးပါတီ တည်ထောင်ခြင်း၏ အယူအဆ ဆွေးနွေးခြင်း

၁) ပထမဦးဆုံးအနေနဲ့ နိုင်ငံရေးပါတီ ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ တည်ထောင်ကြတဲ့ အဓိက ရည်ရွယ်ချက် ဘာတွေလဲ။ နိုင်ငံရေးပါတီရဲ့ အဓိက လုပ်ငန်းဆောင်တာက ဘာတွေ ဖြစ်မလဲ။ ပါတီနိုင်ငံရေးသမားတဦးရဲ့ လက်ခံထားတဲ့ အမြင်သုံးသပ်ချက်တွေကို အရင်ဆုံး ပြောပေးပါဦး။

ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

နိုင်ငံရေးကိုလုပ်ဆောင်တဲ့သူမှန်သမျှဟာ နိုင်ငံရေးသမားတွေ ဖြစ်ပြီးတော့ ပါတီထဲဝင်ပြီး လှုပ်ရှားဆောင်ရွက်တဲ့သူကို ပါတီနိုင်ငံရေးသမားလို့ ခေါ်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးမှာ မူဝါဒတွေ လမ်းစဉ်ကို အခြေခံပြီးတော့ စုဖွဲ့ထားတဲ့အစုအဖွဲ့ကို နိုင်ငံရေးပါတီလို့ ခေါ်ပါတယ်။

စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် အမှတ် (၉) မဲဆန္ဒနယ်)

နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် စုဖွဲ့ထားတဲ့အဖွဲ့အစည်းကို နိုင်ငံရေးပါတီလို့ ခေါ်ပါတယ်။အကျယ်ချဲ့ ထပ်ပြောရမယ်ဆိုရင် နယ်မြေတစ်ခု သတ်မှတ်ပြီး ထိုဒေသမှာနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရာနဲ့ အကျိုးစီးပွား၊ အရေးအရာတွေကိုလုပ်ဆောင် တောင်းဆိုအသံထုတ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်၊ ထိုအထဲမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ကလည်း တခု အပါအဝင်ဖြစ်ပါတယ်။

၂) နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်းက ဘယ်လောက်အရေးပါသလဲ။ ဘယ်လောက် အဓိကကျလဲ။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းနဲ့ပတ်သက်ပြီး အမြင်နှစ်ပိုင်းရှိပါတယ်။ ပါတီနိုင်ငံရေးဆိုတာ ပြည်သူ့အရေးကို လုပ်ဆောင်ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ power politics လို့ခေါ်တဲ့ ပါဝါနိုင်ငံရေးအတွက် ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ကြပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေးပါတီတွေအတွက် အရမ်းကျဉ်းပါတယ်။ အဲဒီအပေါ်မှာ စစ်တပ်က အာဏာထပ်သိမ်းလိုက်‌တော့ နိုင်ငံရေးပါတီတစ်ခုအတွက်ရွေးကောက်ပွဲဝင်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးသွားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဝင်စရာမလိုတော့တဲ့အခြေအနေ ဖြစ်လာပါတယ်။ အဓိကက ပြည်သူထောက်ခံမှုရှိဖို့နှင့် နိုင်ငံရေးလုပ်ဆောင်နိုင်ဖို့အတွက်သာ အရေးကြီးပါတယ်။

သဉ္ဇာရွှန်းလဲ့ရည် ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု)

ပါတီတခုအနေနဲ့ စံတန်ဖိုးတွေ၊ မူတွေကို အခြေခံပြီးလုပ်ဆောင်ကြရတာဖြစ်ပါတယ်။ စံတန်ဖိုးနှင့် မူတွေနဲ့ လွဲချော်ပြီး လုပ်ဆောင်မယ်ဆိုရင် အဖွဲ့အစည်းတွေက ပျက်ပယ်တယ်လို့ ပြောလို့ရပါတယ်။  သို့ပေမဲ့ စစ်တပ်ဟာ လုံခြုံရေးတာဝန်ဘောင်ကို ကျော်ပြီးအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့် စစ်တပ်တဲ့ ပျက်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ပါတီတွေအနေနဲ့ စံတန်ဖိုးနဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီလားဆိုတဲ့အပေါ်မှာ လုပ်ဆောင်ဖို့ လိုပါတယ်။ Mother Law လို့ ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး အာဏာသိမ်းလိုက်တာကြောင့် တော်လှန်ရေးကြီးပေါ်လာပြီး တပြိုင်နက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဝင်ပြီး ယှဉ်ပြိုင်မယ်ဆိုရင် ပါတီရဲ့ ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ကို ဖောက်ပြန်နေတယ်လို့ မြင်ပါတယ်။ ခေတ်ကို နောက်ပြန်ဆွဲတဲ့ လုပ်ရပ်အာဏာရှင်စနစ်ကို အသက်ပြန်သွင်းနေတဲ့လုပ်ရပ်လို့ မြင်ပါတယ်။

– ဖက်ဒရယ် ဒီမိုကရေစီစနစ်အပြင် တခြားနိုင်ငံရေးစနစ်တွေမှာ ပါတီနိုင်ငံရေးတစ်ခုရဲ့ အခန်းကဏ္ဍက ဘယ် လောက်ထိ အရေးပါသလဲ။ 

ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဘယ်လိုနိုင်ငံရေးစနစ်မျိုးမှာမဆို ပါတီနိုင်ငံရေးက အရေးပါတယ်။ ပါတီဟာ လူထုနဲ့ တသားတည်းရှိဖို့လိုပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဦးဆောင်ပါဝင်ပေးဖို့လိုပါတယ်။ အကယ်လို့ နိုင်ငံရေးပါတီအနေနဲ့ နိုင်ငံရေးလှုပ်ရှားပိုင်ခွင့်မရှိဘူးဆိုရင် ဒီမိုကရေစီ ဆိတ်သုန်းသွားတဲ့အခြေအနေ၊ နိုင်ငံရေးသုညအခြေအနေ ရောက်သွားတယ်လို့ ပြောလို့ ရပါတယ်။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအဖွဲ့အစည်းဟာ လူမျိုး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံတော်အတွက် အရမ်းအရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီမိုကရေစီမှ မဟုတ်ဘူး။ အခြားနိုင်ငံရေးစနစ်တွေမှာလည်း ပါတီနိုင်ငံရေးကို တွေ့ရပါတယ်။ သို့ပေမဲ့ ကွန်မြူနစ်နိုင်ငံတွေမှာဆိုရင်တော့ အစိုးရတွေဟာ ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်နေတာတွေကို တွေ့ရတတ်ပါတယ်။

၃) နိုင်ငံရေးပါတီတစ်ခုဟာ ဘယ်လိုအခြေအနေ နောက်ခံမျိုးရှိနေမှ ရပ်တည်လို့ရတာမျိုးလဲ။

ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

နိုင်ငံရေးပါတီရပ်တည်ဖို့အတွက် အခရာအကျဆုံးက ပြည်သူလူထုဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ပြည်သူ့ကိုယ်စား လွှတ်တော်မှာ အသံပြုပေးဖို့ ဖြစ်ပါတယ်။ ပါတီတစ်ခု ဖြစ်တည်ဖို့အတွက် ထောက်ခံတဲ့ ပြည်သူလူထု ရှိရမယ်၊ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးရပ်တည်ချက် ရှိရပါမယ်။ နိုင်ငံရေးလုပ်ဆောင်နိုင်မဲ့ အခြေအနေရှိရပါတယ်။ ပါတီနဲ့ လူထုဆိုတာ ရေနဲ့ ငါးလို တသားတည်းရှိရပါမယ်။ လူထုကထောက်ခံနေသ၍၊ နိုင်ငံရေးရပ်တည်ချက်ကို အခြေခံပြီးနိုင်ငံရေးလုပ်ဆာင်နေနိုင်မယ်ဆိုရင် ပါတီက ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့လိုပါတယ်။

၄) နိုင်ငံတည်ဆောက်ရေးမှာ ပါတီနိုင်ငံရေးအခန်းကဏ္ဍ ပျောက်ကွယ်သွားမယ်ဆိုရင် နောက်ဆက်တွဲ ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေမလဲ။ 

စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်အမှတ်(၉)မဲဆန္ဒနယ်)

နိုင်ငံရေးတည်ဆောက်ရေးဆိုတာ အတော်ကျယ်ပြန့်ပါတယ်။ ပါတီနိုင်ငံရေးဆိုတာ နိုင်ငံတည်ဆောက်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ခရီးသယ်တင် ကားတစ်စီးနဲ့ နှိုင်းချင်ပါတယ်။ နိုင်ငံရေးသမားဆိုတာ ကားဆရာနဲ့တူပါတယ်။ လမ်းကြမ်းထဲမှာ ရုတ်တရက် ကားဆရာမရှိတော့ဘူးဆိုရင် ချောက်ထဲကျသွားနိုင်ပါတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးက အလွန်အရေးကြီးပါတယ်။

၅) နိုင်ငံရေးပါတီ တစ်ခု ရေရှည် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ဘယ်အရာက အခရာကျတယ်လို့ ပြောလို့ ရမလဲ။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံရေးပါတီတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် ပြည်သူ့ထောက်ခံမှုက အရေးကြီးပါတယ်။ ပါတီဆိုတာ ပြည်သူတွေထဲက နိုင်ငံရေးစိတ်ဝင်စားလှုပ်ရှားသူတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီရံပုံငွေတောင့်တင်းမှုရှိဖို့၊ လွတ်လပ်စွားထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားပိုင်ခွင့်၊ ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ ပါတီဖြစ်မှု၊ ပါတီအဖွဲ့အစည်းကိုယ်၌က ကောင်းမွန်မှုအပေါ်အခြေခံပါတယ်။

၆။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲစနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲစနစ်က ဘယ်လိုကွာခြားမှုရှိလဲ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်မှာ ရှိခဲ့တဲ့ ကျင်းပခဲ့တဲ့‌ရွေးကောက်ပွဲတွေကို ပြန်သုံးသပ်ကြည့်ရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲရှိခဲ့တယ်လို့ မြင်ရသလား။ ဝင်ရောက်ယှဉ််ပြိုင်ခဲ့တဲ့ပါတီ တန်းတူညီမျှမှုရှိခဲ့သလား။

သဉ္ဇာရွှန်းလဲ့ရည်  ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု)

လက်ရှိကာလမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနှင့် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုတွေ ထင်သာမြင်သာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ပွဲ ၁၆ ကြိမ်လောက် ဖြစ်ခဲ့ပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်ခဲ့ပါဘူး။ စစ်တပ်အနေနဲ့ အာဏာသိမ်းလိုက် ရွေးကောက်ပွဲကျင်းပပေးလိုက်နဲ့ ပြည်သူတွေကို လှည့်စားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ကို သံယောဇဉ်မတွဲဘဲနဲ့ လက်ရှိရွေးကောက်ပွဲကနေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားနိုင်မလားဆိုတာ ပြန်ပြီး မေးခွန်းထုတ်ဖို့ လိုပါတယ်။ လက်ရှိရွေးကောက်ပွဲကို ဆန့်ကျင်နေတယ်ဆိုတာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ မဟုတ်ဘဲ၊ စစ်တပ်က လုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲ တည်ဆောက်ရေးမှာ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီတို့၏ အခန်းကဏ္ဍ ဆွေးနွေးခြင်း

၁ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်အရ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၀ ရှိတယ်၊ မတင်တဲ့ပါတီ ၄၀ ရှိတယ်၊ လျှောက်ထားတဲ့ပါတီ ၁၃ ခု ရှိတယ်လို့ သိရပါတယ်။ တဘက်က စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်တဲ့ ပါတီ ၄၀ က အလိုအလျောက် ပျက်ပြမယ်မှာ ဖြစ်တယ်လို့ ဆိုထားတယ်။ နိုင်ငံရေးပါတီတခုကို ရပ်စဲခွင့်၊ ဖျက်သိမ်းပိုင်ခွင့်ဆိုတာ ဘယ်လို အခင်း အကျင်းမျိုးမှာမှ ရှိသင့်သလဲ။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

နိုင်ငံတစ်ခုမှာ နိုင်ငံရေးပါတီတစ်ခုကို ဖျက်သိမ်းခွင့်၊ ရပ်စဲခွင့်ဆိုတာ ဖွဲ့စည်းပုံအရ ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်တဲ့အခြေအနေ၊ ပြည်သူထောက်ခံမှုမရှိတဲ့အခြေအနေနဲ့ ပါတီကိုယ်တိုင် အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ပြားနေမယ်ဆိုရင် ဖျက်သိမ်းခွင့်ရှိပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းပြန်ဖြစ်နေတယ်။ စစ်တပ်က ပါတီတွေကို ရပ်တည်လို့ မရအောင် နည်းအမျိုးမျိုးနဲ့ ဥပဒေထုတ်ကန့်သတ်ထားတာြဖစ်ပါတယ်။ ဗိုလ်နေဝင်းအာဏာသိမ်းနောက်ပိုင်းကတည်းက အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေကိုထုတ်ပြန်ပြီး တစ်ပါတီစနစ်နဲ့ ပါတီအားလုံးကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ အဲကတည်းက ပါတီနိုင်ငံရေးက ထွန်းကားခွင့် မရခဲ့ကြဘူး။ ၁၉၉၀ မှာလည်း တကြိမ် ထပ်ပြီး ရွေးကောက်ပွဲကို ကျင်းပခဲ့ပေမဲ့ အနိုင်ရပါတီကို အာဏာမလွဲပေးဘဲနဲ့ အာဏာထပ်သိမ်းခဲ့တယ်။ ၂၀၁၀ မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ပွဲကို ထပ်မံကျင်းပခဲ့ပေမဲ့ ပါတီနိုင်ငံရေးရဲ့ အခန်းကဏ္ဍဟာ ပျောက်ဆုံးနေပါသေးတယ်။  မြန်မာနိုင်ငံအခြေအနေအရ ဖွဲ့စည်းပုံထက်ကျော်လွန်ပြီးစစ်တပ်က နိုင်ငံရေးပါတီရဲ့အခန်းကဏ္ဍကို ဝင်ရောက် နှောက်ယှက်တဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ပါတီမှတ်ပုံပြန်ခြင်းကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

 
ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

လက်ရှိစစ်အုပ်စုဟာ အာဏာသိမ်းထားတဲ့စစ်အုပ်စု ဖြစ်တဲ့အတွက် နိုင်ငံရေးအာဏာကို သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတဲ့ စစ်တပ်က ထုတ်ပြန်တဲ့ ပါတီမှတ်ပုံတင်တဲ့ ကိစ္စကို လုပ်ဆောင်ဖို့ မသင့်တော်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ခင်းတဲ့လမ်းကို မလျှောက်ဖို့ အကြံပေးချင်ပါတယ်။ မှန်ကန်တဲ့အတွေးအခေါ်နဲ့ လမ်းစဉ်ကို ပြည်သူကို မျက်နှာမူပြီး လျှောက်လှမ်းဖို့ လိုပါတယ်။ ဒီမိုကရေစီထွန်းကားပြီး ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲကော်မရှင်ရှိတဲ့ အခြေအနေမှာဆိုရင် ပြည်သူတွေ ဒုက္ခကြီးငယ်လုပ်နေတဲ့အခြေအနေမှာဆိုရင် ပါတီကို ဖျက်သိမ်းပိုင်ခွင့်ရှိပါတယ်။

၂) စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်ရှိလား။ သူတို့ စစ်တပ်တွေကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့လို့ ဥပဒေကြောင်းအရ တရားမဝင်ဘူးလို့ ထောက်ပြမှုရှိတယ်။ တချို့ကလည်း လက်ရှိ အုပ်ချုပ်မှု အာဏာထိန်းသိမ်းထားနိုင်တာကြောင့် လုပ်ပေး ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။ 

သဉ္ဇာရွှန်းလဲ့ရည်  ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု)

လက်ရှိမှာစစ်ကောင်စီက ပြည်သူအတွက်ဆိုပြီးတော့ ရွေးကောက်ပွဲကို ကျင်းပနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ပြည်သူ၊ အမျိုးဘာသာသာသနာကို အသုံးချပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အရှေ့တလျောက်လုံးမှာလည်း လူနည်းစုတွေနဲ့ ဘာသာ၊ လူမျိုးကွဲပြားမှုတွေအပေါ်မှာ ခွဲခြား ဆက်ဆံခဲ့တာလည်း ပြည်သူတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုလို့အတွင်တွင်သုံးပြီး အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မူတွေ၊ စံတန်ဖိုးတွေကို အခြေတည်ပြီး လုပ်ဆောင်မဲ့ နိုင်ငံရေးပါတီတွေ လိုအပ်ပါတယ်။ ပြည်သူ့သဘောထားထက် မူတွေကို ပိုပြီး တည်ကြည်စွာ ရပ်တည်ဖို့လိုပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။

၃) ရွေးကောက်ပွဲတရပ် ကျင်းပတော့မယ်ဆိုရင် ဘယ်လို အခင်းအကျင်းမျိုး ရှိနေဖို့ လိုအပ်လဲ။ လက်ရှိ အာဏာသိမ်းမှု အလွန် အခင်းအကျင်းထဲမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ့် အလားအလာ မြင်ရလား။

စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်အမှတ်(၉)မဲဆန္ဒနယ်)

တိုင်းပြည်တည်ငြိမ်မှု၊ မဲပေးနိုင်တဲ့ ပြည်သူလူထု၊ ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကို လက်ခံပါဝင်မှု စတဲ့အချက်  (၄) ချက်နဲ့ တိုင်းတာချင်ပါတယ်။   လက်ရှိအခြေအနေမှာ အဲလို အခြေအနေမျိုးမရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။

၄) လက်ရှိ အာဏာသိမ်းမှုအလွန် နိုင်ငံရေး အခင်းအကျင်းတွေအရ နိုင်ငံတကာ အပါအဝင်၊ အာဆီယံကြားမှာ  တဘက်က အတိုက်အခံ တော်လှန်ရေး အင်အားစုတွေအနေ တရားဝင်မှု အခိုင်းအမာ ရရှိနိုင်ဖို့ လိုအပ်ရင် ရွေး ကောက်ပွဲကို အွန်လှိုင်း စနစ်နဲ့ ပြုလုပ်နိုင်တယ်လို့ အကြံပြုချက်တွေ ရှိလာပါတယ်။ တချို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၂၅ ခုနှစ်ထိ အစိုးရ သက်တမ်း တခုထိအကျုံးဝင်လို့ ဆက်လက်ကိုင်ဆွဲထားဖို့ လိုတယ်လို့ ပြောကြတယ်။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။ 

သဉ္ဇာရွှန်းလဲ့ရည်  ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု)

လက်ရှိမှာ နေ့စဉ်နဲ့အမျှ မြေပြင်မှာ ပြည်သူတွေ အသက်ဆုံးရှုံးနေရပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရေးစနစ်တခု တည်ဆောက်ဖို့ လုံးပန်းနေတဲ့အချိန်ဖြစ်တဲ့အတွက်၊ တော်လှန်ရေးကာလဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပဖို့မ ဖြစ်နိုင်သေးပါဘူး။ တော်လှန်ရေးအင်အားစုတွေ အကြား အခြေခံနားလည်မှုရရှိနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး စဉ်းစားရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရထားတဲ့ မဲရလဒ်ကို အခြေခံပြီး စဉ်းစားချက်ထုတ်ခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို ခြေစုံပစ်ဝင်ပြီး လုပ်ဆောင်ရမဲ့ ကာလဖြစ်ပါတယ်။

စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်အမှတ်(၉)မဲဆန္ဒနယ်)

နည်းပညာပိုင်းအရ အားနည်းတဲ့အတွက် အွန်လိုင်းရွေးကောက်ပွဲ လုပ်ဖို့ အဆင်မပြေဘူးဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ရွေးကောက်ပွဲမဲဆွယ်ရမဲ့ ကာလလည်းမဟုတ်တဲ့အတွက်ရွေးကောက်ပွဲကို ကျင်းပဖို့မဖြစ်နိုင်သေးပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်နဲ့ ပတ်သက်ပြီး ပြောဆိုမယ်ဆိုရင် ဖက်ဒရယ်ပဋိဉာဉ်နဲ့သာ ဆက်လက်လုပ်ဆောင်ဖို့လုပ်ဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်ကို ဆက်လက်ကိုင်စွဲမယ်ဆိုရင် တော်လှန်ရေးအင်အားစုကြားမှာ စိတ်ဝမ်းကွဲမှုတွေဖြစ်ပြီး အချိုးအကွေ့တွေ ဖြစ်သွားနိုင်ပါတယ်။ အဓိက လုပ်ဆောင်ရမှာက ဖက်ဒရယ်နဲ့တန်းတူရေးကိစ္စကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် လက်နက်တစ်ခုအနေနဲ့ အသုံးချသင့်ပါတယ်။

၅) ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အာဏာရအစိုးရ NLD လက်ထက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရက်ပေါင်း ၉၀ မျှ နေရုံဖြစ် မဲပေးခွင့် ပေးခဲ့တဲ့မူကိုကျင့်သုံးခဲ့လို့ ပြည်နယ်အခြေခံပြု တိုင်းရင်းသားပါတီတွေကြား နှစ်နာမှုတွေ ရှိခဲ့သလို အငြင်းပွားမှုရှိခဲ့ပေမယ့် တစုံတရာ ကျေနပ်မှုရှိအောင် ဖြေရှင်းပေးနိုင်ခဲ့တာ မတွေ့ရဘူး။ ဆိုတော့ ပုံမှန်ကာလတွေ ပြန်ရောက်ရင်၊ ဒါမှမဟုတ် နောက်ထပ် ရွေးကောက်ပွဲတွေမှာ ဒီလိုအငြင်းပွားမှုဖြစ်စေမယ့် မဲပေးခွင့်ဆိုင်ရာမူတွေကို မဖြစ်စေဖို့ ဘယ်လို ပြဌာန်း ကျင့်သုံးဖို့ လိုအပ်မယ်လို့ အကြံပြုချင်လဲ။   

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

(၆) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအခင်းအကျင်းကို ဘယ်လို ရွေးကောက်ပွဲ စနစ်မျိုး ကျင့်သုံးဖို့ သင့်တော်မယ်လို့ မြင်ပါသလဲ။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

၂၀၂၀ခုနှစ် ရွေးကောက်ပွဲမှာ ရက်ပေါင်း (၉၀) နေထိုင်ရုံနဲ့ထိုဒေသမှာ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ခဲ့ပါတယ်။ အားလုံးလက်ခံနိုင်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ်တွေအားလုံးရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုအာမခံပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့လိုပါတယ်။ လက်ရှိအချိန်အထိ အဲလို ဖွဲ့စည်းပုံမျိုး မရှိသေးတဲ့အတွက် စစ်အုပ်စုနဲ့ပေါင်းမဲ့ အုပ်စုတွေ၊ ကိုယ်ကျိုးအတွက် လုပ်ဆောင်မဲ့ အဖွဲ့အစည်းတွေ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်ကို တွန်းလှန်နေသူအားလုံးအတွက် နိုင်ငံရေးအာမခံချက်ကို ပေးနိုင်မဲ့ ဖွဲ့စည်းပုံ၊ သို့မဟုတ် ပလက်ဖောင်းတစ်ခု လိုအပ်ပါတယ်။

ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

၂၀၂၀ ရွေးကောက်ပွဲအထိ FPTP ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဓိကက ပြည်သူတွေအနေနဲ့ စစ်အုပ်စုကို လက်မခံတော့ဘူးဆိုတာကို ဖော်ပြထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအလွန် အေးချမ်းသွားတဲ့အခြေအနေမှာ လူမျိုးစုတွေ အများအပြားရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် PR နှင့် FPTPစနစ်ကို ရောနှော သုံးသင့်ပါတယ်။ သို့သော် လက်ရှိအခြေအနေမှာ ဘယ်စနစ်ကမှ ပြည်သူကို ကိုယ်စားပြု လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

၈) နောက်ဆုံးအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးနှင့်အတူ ပါတီ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ဘယ်လို အခင်းအကျင်းမျိုး တည်ဆောက်ဖို့ လိုအပ်မလဲ။ တချို့ကတော့ တော်လှန်ရေးကာလမှာ လက်နက်ကိုင် တော်လှန်ရေးက အဓိက အခရာကျတယ်လို့ ပြောတယ်။ တချို့သူ တွေရဲ့ယူဆချက်အရ ပါတီနိုင်ငံရေးအဖွဲ့အစည်းတွေက အကြမ်းမဖက်ရေးမှုကို အဓိကကျင့်သုံးဖို့ လိုအပ် တယ်လို့ ပြောပါတယ်။ ဘယ်လိုမြင်ပါသလဲ။

စောအားလ်ဒို (၂၀၂၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရအမတ်၊ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်အမှတ်(၉)မဲဆန္ဒနယ်)

နွေဦးတော်လှန်ရေးကာလမှာ နိုင်ငံရေးပါတီတွေကို ဘယ်နေရာမှာ ထားရမလဲဆိုရင် ကားမောင်းတတ်တဲ့သူကို ကားမောင်းတဲ့နေရာမှာ ထားရပါတယ်လို့ တိုက်ရိုက်ဖြေချင်ပါတယ်။ ခံယူချက်၊ ရပ်တည်ချက်တွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲ အခြေအနေအလိုက် ဘက်ပြောင်းမှုတွေ လုပ်နေမယ်ဆိုရင် လမ်းလွဲရောက်သွားမှာဘဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း လက်နက်ကိုင်တော်လှန်ရေးမှာ နိုင်ငံရေးက ဦးဆောင်ပေးဖို့လိုပါတယ်။ ပြောသင့်ပြောထိုက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို လုပ်ဆောင်နေဖို့လိုပါတယ်။

ခွန်စိုးမြင့် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

မြန်မာနိုင်ငံဟာ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု မရမချင်း တော်လှန်ရေးဟာ ဆက်လက်တည်ရှိဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ လက်နက်ကိုင်၊ ပါတီ၊ စာပေ စတဲ့ ကဏ္ဍအနေနဲ့ ပုံစံမျိုးစုံ နဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကဏ္ဍမျိုးစုံနဲ့ တော်လှန်ရေးလုပ်ဆောင်နိုင်မှုနဲ့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား စုပေါင်း ချိတ်ဆက်လုပ်ဆောင်နိုင်မှုက အထူးအရေးကြီးပါတယ်။

ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

နွေဦးတော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးအရ ကြိုးပမ်းခဲ့ပေမဲ့ ပိုမိုတွန်းတိုက်လာတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးကို နောက်ဆုံးလမ်းစဉ်အနေနဲ့ လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

သဉ္ဇာရွှန်းလဲ့ရည်  ( အဖွဲ့ဝင်၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု) 

စနစ်အပြောင်းအလဲတော်လှန်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးကြီးပါတယ်။ တော်လှန်ရေးကာလမှာ လူငယ်အများစုဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်လာကြပါတယ်။ ထိုသူတွေကို နိုင်ငံရေးသမားတွေ ဖြစ်လာအောင် နိုင်ငံရေးပါတီတွေက ဦးဆောင်လုပ်ဆောင်ပေးဖို့လိုပါတယ်။ မြန်မာ့အခြေအနေဟာ လက်နက်ကိုင်တော်လှန်ရေးမရှိခဲ့ရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမျိုးစုဖြစ်တည်မှု၊ နိုင်ငံရေးဟာ ပျောက်သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ စစ်ဘောင်ကျယ်လာတာမှန်ပေမဲ့ အကြမ်းမဖက်လှုပ်ရှားမှုဟာ ခိုင်မာနေဆဲဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ လူမှုရေး၊ ကျားမတန်းတူရေးနဲ့ ပတ်သက်တဲ့ တော်လှန်ရေးတွေဟာ စနစ်ပြောင်းတော်လှန်ရေးနဲ့အတူ ဖြစ်ပေါ်လာပြီးတော့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။