• Today is: Sunday, May 26, 2024

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

ဓါတ်ပုံ – ဧပြီ ၁၆ – ၁၇ ရက်နေ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၁၉၊ ၂၀၂၃

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ  ၂ ရက်တာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိုက်ပွဲမှာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရတာကြောင့် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်ခဲ့သလို ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာလည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ KA တပ်ဖွဲ့ဝင်များရဲ့ သတင်းပေးပို့ချက်ကို ကရင်နီတပ်မတော် Knlc ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးမှုတယ်လို့ သိရပေမယ့် FJM အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ကရင်နီတပ်မတော် KA ကတော့ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာ မတ်လ ၇ ရက်နဲ့ ၉ ရက်ကတည်းက စစ်ကောင်စီရဲ့ ခလရ ၈၂ တပ်ရင်း၊ ခမရ ၅၁၅ နဲ့ ၅၁၆ တပ်ရင်းတို့က အင်အား ၂၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲဖြစ်ပွား နေတာ ဖြစ်ပြီး ဧပြီ ၆ ရက်က စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းက အင်အား ၇၀ ခန့်ဟာ အရှေ့ခြမ်းကို ထပ်မံအားဖြည့်လာတာကြောင့် လတ်တလော်မှာတော့ စစ်ကောင်စီရဲ့ တပ်ရင်း ၄ခုနဲ့ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂၊ ၂၃ ရက်က ဒေါတမကြီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီက ၉၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။