• Today is: Thursday, February 29, 2024

မြန်မာ့ဖက်ဒရယ် (သို့မဟုတ်) သူတစ်လူ ငါ တစ်မင်း မိုဒယ်

■ မြန်မာ့ဖက်ဒရယ် (သို့မဟုတ်) သူတစ်လူ ငါ တစ်မင်း မိုဒယ် – မင်းသေ့ | အတွေးအမြင်
 
၁။ မြန်မာ့ဖက်ဒရယ်လို့ ပြောတော့၊ အခု မြန်မာပြည်က ဖက်ဒရယ်ရနေပြီလားလို့ မေးနိုင်စရာ ရှိတယ်။ မဟုတ်ပါ။ မရပါ။ မြန်မာပြည်ဟာ ဖက်ဒရယ်နိုင်ငံ မဟုတ်သေးပါ။ သို့သော် လက်ရှိ ပစ္စုပ္ပန် တည်ဆဲ အခြေအနေပါ အနေအထားတွေကို ဆန်းစစ်ပြီးတော့ — ဒီပုံစံအတိုင်းသာ ဆက်သွားရင်၊ မြန်မာပြည်ဟာ — ဖက်ဒရယ်ရရင်တောင်မှ ဒီမိုကရေစီ ပါမလာတဲ့ ဖက်ဒရယ်ပဲ ဖြစ်လာနိုင်တယ်လို့ တွက်တယ်။
 
၂။ ဒါဟာ အတိတ်နဲ့ ပစ္စုပ္ပန် အခြေအနေနဲ့ ဖြစ်တည်မှုတွေကို ပေးထားချက်ထားပြီး တွက်တဲ့ အဖြေ ဖြစ်ကောင်းဖြစ်မယ်။ ဒီ့ထက် ပိုချင်ရင်တော့ ဒီ့ထက် ပိုလုပ်ရမှာတွေ ရှိတယ်။ ယခု လက်ရှိ တည်ဆဲအနေအထားအတိုင်းဆိုရင်တော့ — မြန်မာ့ဖက်ဒရယ်မှာ ဒီမိုကရေစီ ပါမလာနိုင်တာ အလွန် သေချာနေသလောက် ရှိနေပါပြီ။
 
မြန်မာပြည်ဟာ — တော်လှန်ရေးနိုင်ခဲ့ရင်တောင်မှ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် ချက်ချင်း လက်ငင်းရောက်မှာ မဟုတ်သေးပါ။ တော်လှန်ရေးအလွန် ကာလမှာ – ဖက်ဒရယ်ဒီမိုကရေစီ ချက်ချင်း လက်ငင်း ဖြစ်ဖို့ဆိုရင် — ကြိုတင်ပြုထားရမယ့် အကြောင်းတရားတွေ ရှိနေပါတယ်။ ဒါကို Precondition တွေဖန်တီးခြင်းလို့ နားလည်နိုင်တယ်။ ဒါဆိုရင် အဲသည့် တင်ကူးအခြေအနေတွေဟာ ဘာတွေလဲ။ ခင်ဗျားတို့ စဉ်းစားပါ။ ဖြေပါ။
 
၃။ အတိတ်လာရာနဲ့ တည်ဆဲ ပစ္စုပ္ပန် အခြေအနေပါ ဖြစ်တည်မှုတွေကို ပေးထားချက်ထားပြီး တွက်တဲ့အခါ၊ မြန်မာ့ဖက်ဒရယ်လားရာဟာ — သူတစ်လူ ငါတစ်မင်း မိုဒယ်ကို တိမ်းညွှတ်လာမယ်လို့ ယူဆပါတယ်။ ဘာလို့ အဲသည့်လို ပြောနိုင်သလဲ ။ ပြောစရာ အချက် သုံးလေးချက် ရှိပါတယ်။ ကြည့်ပါ။
 
❏ လူမျိုးစုနိုင်ငံရေး လွန်ကဲထက်သန်တာ။
 
❏ အမျိုးသားရေးစိတ်နဲ့ စုစည်းထားတဲ့ လက်နက်ကိုင်အုပ်စုတွေ ဖြစ်တာ။
 
❏ လက်ရုံးဝါဒ (တနည်း) အင်အားအခြေပြုနိုင်ငံရေး ဖြစ်ထွန်းတာ။
 
❏ ဖက်ဒရယ်လစ်တွေဟာ ဒီမိုကရက်တစ်တွေ ဖြစ်မနေတာ။
 
ဒီနေရာမှာ ဝိဝါဒကွဲစရာ‌တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် – အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်း (အီလစ်) အလွှာက ခေါင်းဆောင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောကို လေ့လာဆန်းစစ်တဲ့အခါမှာ — ဒီအချက် (၄) ချက်ဟာ ယေဘုယျအားဖြင့် ထင်ထင်ရှားရှားတွေ့ရှိနေတာ တွေ့ရပါတယ်။
 
၄။ သူတစ်လူ ငါတစ်မင်း မိုဒယ်လို့ ပြောတာ သိပ်များ အကဲဆတ်နေမလား။ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်ဟာ လောလောဆယ်အားဖြင့် ဖြစ်ထွန်းနေတာဟာ — ပြည်တွင်းစစ် / လက်နက်ကိုင်တိုက်ပွဲနဲ့ Tribalism လို့ ခေါ်တဲ့ မျိုးနွယ်စုဝါဒ ဘက်ကို အလေးကဲနေတာ တွေ့ရပါတယ်။
 
ဒါ့အပြင် ကိုယ့်နယ် / ကိုယ့်ဒေသ နဲ့ ကိုယ့်လူမျိုးကို ကိုယ့်နယ်က လူနဲ့ ကိုယ့်လူမျိုးသာ အုပ်စိုးမှု ရှိစေရေးဘက်ကို အလွန် အကျွံ တိမ်းညွှတ်နေပါတယ်။ ဒါ့အပြင် အစဉ်အလာစွဲအားကြီးတဲ့ ကျင့်ထုံးနဲ့ စစ်လက်နက်ကိုင်တပ်ခေါင်းဆောင်က လူထုခေါင်းဆောင်ဆိုတဲ့ အမြင် ကပ်အားကောင်းနေပါတယ်။
 
၅။ အနောက်တိုင်း ဖက်ဒရယ်မိုဒယ်ထဲမှာ သူတစ်လူ ငါတစ်မင်း မိုဒယ်လိုတော့ သုံးနှုန်းမှာ မဟုတ်ပါ။ ဒါပေမယ့် ကျနော်က လူပိန်းနားလည်အောင် ရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း….။
 
ငါ့နယ်မှာ ငါ ဘုရင် လုပ်မယ်
ဘယ်သူမှ စောဒက မတက်ကြေး….။
 
– မင်းသေ့