• Today is: Thursday, May 30, 2024

ဖားကန့်၊ မှော်ပုံကျေးရွာကို စစ်ကောင်စီ စစ်ကြောင်း ဝင်‌ရောက်စီးနင်း‌ပြီး အရပ်သားများကို ဖမ်းဆီးထား၊ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၂၁၊ ၂၀၂၃
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် ၅ မိုင်ခန့်ဝေးတဲ့ မှော်ပုံ ကျေးရွာကို အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ဒီကနေ့ နံနက်ပိုင်း ၅ နာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား ၁၀၀ ဝန်း ကျင်ကို ဖမ်းဆီးထားပြီး လူနေအိမ်တချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
 
“ယမန်နေ့ နန့်ယာဘက်ကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ ဖားကန့် တပ်စခန်းတွေက စစ်သားတွေ ပူးပေါင်းထား စစ်ကြောင်းတွေထင်တယ်၊ မနက်က ငါးနာရီ လောက်ကနေ မှော်ပုံကိုဝင်ပြီးတော့ လူနေအိမ်တွေကို မီးရှို့နေ တယ်။ ကျနော်တို့ အဝေးကနေ လှမ်းမြင်နေရတယ်၊ မီးခိုးတွေ တက်နေတာလေ။ ပြီးတော့ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးပြီးတော့ အရပ်သားတွေ အမျိုးသမီးတွေ အပါအဝင် လူငယ်တွေ၊ လူကြီးတွေ တရွာလုံးက အရပ်သား ၁၀၀ လောက်ကို ကြိုးတုတ်ပြီး ဖမ်းဆီးထားတယ်လို့ ကြားရတယ်”လို့ ဖားကန့်မြို့ခံ တဦးက ပြောပါတယ်။
 
မှော်ပုံကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းအဖွဲ့တွေ အခြေချတဲ့ ကျေးရွာဆိုပြီး နာမည်ထွက်တာကြောင့် ဝင်ရောက်စီးနင်း တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ပစ်ခိုက်မှုများလည်း ဖြစ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့ မှော်ပုံဘက်ကို ဦးတည်ကာ စစ်ကောင်စီ ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။
 
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဖမ်းဆီးထားတဲ့ မှော်ပုံဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ကောင်စီက စစ်ကြောင်း နှစ်ခုခွဲကာ ဆန်ခါကျေးရွာဘက်ဦးတည်ပြီး မှော်ပုံရဲ့တောင်ဘက်၊ မြောက်ဘက်ကို ဖြန့်ကျက် ထွက်ခွာလာတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်ထဲ့ KIA နှင့် PDF အဓိက အခြေချတဲ့ နေရာများလို့ ယူဆတဲ့ ကျေးရွာ၊ ရပ်ကွက်များကို ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက်စီးနင်လျက်ရှိပြီး နေအိမ်မီးရှို့ခြင်း၊ ရမ်းသမ်း ပစ်ခတ် ခြင်းများ ပြုလုပ်လျက် ရှိတာကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုလည်း ရှိနေတာပါ။
 
ဒါ့အပြင် ဖားကန့်မြို့နယ်ဟာ စစ်ကောင်စီက အာဏာသိမ်းမှုအလွန် ဖုန်းအင်တာနက်လှိုင်းများ ကန့်သတ် ပိတ်ပင် ထားဆဲ ဖြစ်တာကြောင့် သတင်းအချက်အလက်များကို လျင်မြန်စွာ ဖော်ပြသိရှိနိုင်ဖို့လည်း ခက်ခဲနေတဲ့ အခြေအနေ ဖြင့် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီ စစ်ကြောင်းတို့ မှော်ပုံကျေးရွာကို ဝင်ရောက်စီးနင်းပစ်ခတ်ကာ မီးရှို့ခဲ့တဲ့ အခြေအနေ၊ ဖမ်းဆီး ခံထားရတဲ့ အရပ်သားများ ထိခိုက်မှု အခြေအနေတို့နဲ့ ပတ်သက်ပြီး FJMM အနေဖြင့် ဆက်လက် စုံစမ်း အတည်ပြုနေဆဲ ဖြစ်ပါတယ်။