• Today is: Friday, March 29, 2024

နွေဦးတော်လှန်ရေးကာလ ပြည်နယ်အခြေစိုက် တိုင်းရင်းသားဒေသက အခြေအနေများ (၂၀၂၃ ခုနှစ် မတ်လ)

နွေဦးတော်လှန်ရေးကာလ ပြည်နယ်အခြေစိုက် တိုင်းရင်းသားဒေသက အခြေအနေများ (၂၀၂၃ ခုနှစ် မတ်လ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် မတ်လအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာများကို စုစည်းတင်ပြထားပါသည်။

အပိုင်း (၁)

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ

(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၃ ခုနှစ် မတ်လအတွင်း တိုင်းရင်းသား ပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း(၃၈၀) ကျော် ဖြစ်ပွားခဲ့ရာ ကရင်ပြည် တွင်(၂၁၁) ဝန်းကျင်ထိ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။

ကချင်ပြည် နှင့် ချင်းပြည်တွင် (၃၀) ကြိမ်ထက်မနည်းစီ ဖြစ်ပွားခဲ့ပြီး ၊ ကရင်ပြည်တွင် (၂၁၁) ကြိမ်ထက် မနည်း၊ ကရင်နီပြည်နယ်တွင် (၁၀၂) ကြိမ်နှင့် ရှမ်းပြည်တွင် (၂) ကြိမ်ခန့်၊ မွန်ပြည်တွင် (၁၀) ကြိမ်ထက်မနည်း အသီးသီး ဖြစ်ပွားခဲ့သည်။

မတ်လအတွင်း စစ်ကောင်စီ တပ်သား‌ပေါင်း (၅၇၀) ကျော် သေဆုံးခဲ့ပြီး ကရင်နီပြည်တွင် (၂၈၁) ဦးနှင့် ကရင်ပြည်တွင် (၁၄၀) ဦးထိ အများဆုံး သေဆုံး ဖြစ်ခဲ့သည်။ ကချင်ပြည်တွင် စစ်ကောင်စီ စစ်သား (၂၇) ဦး ထက်မနည်း၊ ချင်းပြည်တွင် (၁၁၃) ဦး ခန့်၊ မွန်ပြည်တွင် (၁၂) ဦး ထက်မနည်း သေဆုံးမှု ရှိခဲ့သည်။

တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးတပ် ရဲဘော်ပေါင်း (၂၆) ဦးခန့် ကျဆုံးခဲ့ပြီး ကရင်နီပြည်တွင် (၁၂) ဦး အထက်ကျဆုံးမှု ရှိခဲ့ပြီး ကိန်းကဏန်းအရ အများဆုံး ကျဆုံးမှုဟု ပြောနိုင်သည်။

မှတ်ချက်များ( တိုက်ပွဲဖြစ်ပွားမှု chart ပုံ အောက်တွင် ထည့်သွင်းရန်)

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

၁) ကချင်ပြည်နယ် နှင့် ထိစပ်ဒေသများ

မတ်လအတွင်း ကချင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ် ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့ တိုက်ပွဲ ပေါင်း (၃၀) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် တော်လှန်ရေး အင်အားစု အဖွဲ့အစည်းများသည် ကချင်ဒေသ များထဲက ဗန်းမော်ခရိုင် ရွှေကူမြို့၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ၊ ဖားကန့်မြို့နယ် ကံဆီ‌ဒေသတို့အပြင် ကချင်-စစ်ကိုင်း နယ်စပ် ဒေသများဖြစ်တဲ့ ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသော မြို့နယ်များ နှင့် ကချင်-ရှမ်း-မြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသော မြို့နယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်များနှင့် ပူးပေါင်း စစ်ဆင်လျှက် ရှိပါ သည်။

(၂) ကယား(ကရင်နီ)ပြည်နယ်နှင့် ထိစပ်ဒေသများ

မတ်လအတွင်း ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သလို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ် ရေးတပ်(KNDF)၊ အခြား ကရင်နီဒေသအခြေစိုက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၁၀၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) အဖွဲ့များသည် ကရင်နီ ပြည်နယ်ထဲက ဒေသများအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်တဲ့ ရှမ်း-ကရင်နီ ထိစပ်ဒေသ ဖယ်ခုံ မြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်း မြို့နယ်သို့မှာလည်း စစ်မျက်နှာဖွင့်ကာ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်(Mobye-PDF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)၊ ရှမ်း-ကရင်နီနယ်စပ် အခြေပြု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (Pekhon-PDF) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေး လုပ် ဆောင်လျှက် ရှိသည်။

(၃) ချင်းပြည်နယ် နှင့် ထိစပ်ဒေသများ

မတ်လအတွင်း ချင်းပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ချင်းအမျိုးသား တပ်မတော် (CNA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သလို ချင်းအမျိုးသား တပ်မတော်(CNA) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)၊ ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၃၀) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသား တပ်မတော်(CNA)သည် စစ်ရေးလှုပ်ရှားမှုများအတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးတွဲကော်မတီ (CJDC)အဖွဲ့ဝင်များဖြစ်တဲ့ မြို့နယ်/လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့နှင့် ပူးပေါင်း တိုက်ပွဲဖော်ဆောင်လျှက် ရှိသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များဟာ ချင်းပြည်နယ်အတွင်းသာမက ထိစပ်ဒေသဖြစ်သည့် မကွေးတိုင်း ဒေသရှိ ကန့်ကောဒေသတစ်ဝိုက် နှင့် စစ်ကိုင်းတိုင်းမြောက်ဖက်ဒေသများဖြစ်သော ကလေးကဘော် ဒေသများ တွင်လည်း စစ်ရေးလှုပ်ရှားမှု ရှိသည်။

(၄) ကရင်ပြည်နယ် နှင့် ထိစပ်ဒေသ

မတ်လအတွင်း ကရင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်မျိုးသားလွတ်မြောက် တပ်မတော် (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သလို ကရင်မျိုးသားလွတ်မြောက် တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၂၁၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ကော်သူးလေ အုပ်ချုပ်နယ်မြေခေါ် ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA)၏ ထိန်းချုပ်နယ်မြေ တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သလို ထိစပ်ဒေသဖြစ်တဲ့ မွန်-ကရင်နယ်စပ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA) ၏ စစ်ရေးကွပ်ကဲမှုဖြင့် သထုံပြည်သူ့ကာကွယ်ရေးတပ် – TPDF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ခမ်းဒေါင်း (PPDF-KD)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF၊ ကရင်တော်လှန်ရေးတပ်ဖွဲ့- KRF စသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်လျှက် ရှိပါသည်။

(၅) မွန်ပြည်နယ် နှင့် ထိစပ်ဒေသ

မတ်လအတွင်း ကရင်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် မွန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ကရင်မျိုးသားလွတ်မြောက် တပ်မတော်(KNLA) ၊ မွန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ် ခဲ့ ကာ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း(၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာများဟာ ရေး၊ ပေါင် မြို့နယ်အပြင် မွန်-ကရင်နယ်စပ်(ထိစပ်ဒေသ) သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။

မှတ်ချက်။ ။ ထိစပ်ဒေသက တိုက်ပွဲများကိုတော့ သက်ဆိုင်ရာ ပြည်နယ်များ၏ စာရင်းတွင် ထည့်သွင်း ထားပါသည်။

အပိုင်း (၂)

အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု

၂၀၂၃ ခုနှစ် မတ်လအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု ၁၀၀ ဦးထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၈ ဦးဝန်းကျင်ခန့်ရှိသည်။

ကရင်နီပြည်တွင် အရပ်သားသေဆုံးမှု ၃၀ ဉီးဖြင့် အများဆုံးဖြစ်သည်။ ကရင် ပြည်တွင် အရပ်သား ၂၁ ဉီး၊ ရှမ်းပြည်တွင် ၂၄ ဉီး၊ ကချင်ပြည်တွင် ၄ ဉီး၊ ချင်းပြည်တွင် ၆ ဉီး၊ မွန်ပြည်တွင် ၅ ဉီး စသည်ဖြင့် အရပ်သားသေဆုံးမှု အသီးသီးရှိပါသည်။

(ခ) အိုးအိမ်ပျက်စီးမှု

၂၀၂၃ ခုနှစ် မတ်လအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲ အတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ ၄၆၅ လုံးခန့် ပျက်စီး ခဲ့ရသည်။

ကရင်နီပြည်တွင် ၂၃၃ ကျော်နှင့် ကချင်ပြည်တွင် ၁၂၄ ကျော်ဖြင့် ပထမနှင့် ဒုတိယအများဆုံး နေအိမ်ပျက်စီး မှုအသီးသီး ဖြစ်ပွားပြီး အလားတူ ရှမ်းပြည်တွင် ၂ အိမ်ခန့် ၊ ချင်းပြည်တွင် ၂၅ အိမ်၊ မွန် ပြည်တွင် ၂ အိမ်၊ ကရင်ပြည်တွင် ၇၉ အိမ် အသီးသီး ပျက်စီးရှုံးဆုံးမှုရှိပါသည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)

၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ

၄) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။