• Today is: Wednesday, April 24, 2024

KNU မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တို့က စစ်ကောင်စီ တပ်စခန်း‌ (၄) ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး တပ်စခန်း (၂)ခု ဖျက်ဆီးခံရ

ဓါတ်ပုံ – KNU (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၂၃၊ ၂၀၂၃
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) တပ်ပေါင်းစုတို့က ဧပြီလ(၂၂)ရက်နေ့ နံနက် (၄း၃၀) မှ (၅း၃၀)အတွင်း စစ်ကောင်စီတပ်၏ တပ်စခန်း‌(၄) ခုကို တစ်ပြိုင် နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်း (၂) လုံးကို တော့ ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
 
အဲဒီ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးခံရတဲ့ စစ်ကောင်စီ တပ်စခန်း(၄)ခုဟာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖျက်ဆီးခံရတဲ့ တပ်စခန်း (၂)ကတော့ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်များ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
 
ကျန် တပ်စခန်း (၂) ကတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းဖြစ်ပြီး ချေမှုန်း ဖျက်ဆီးဖို့ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီ စစ်သားများဟာ စခန်းတွင်း မနေရဲတော့ဘူး ထွက်ပြေး ပုန်းရှောင် သွားတာကြောင့်လို့ ဆိုပါတယ်။
 
စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၃) တပ်ပေါင်းစုတို့ ပြန်လည်ထွက်ခွာလာပြီးနောက်တော့ စစ်ကောင်စီဘက်မှ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားတွင် နံနက် (၇း၄၀)မှ (၇း၅၀)ထိ ဟယ်လီ ကော်ပတာဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီနောက်မှာတော့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် (၈း၀၅)မိနစ်အချိန်တွင် အော်လီဂန်းဖြင့် တစ်ဖန်ထပ်မံ လာရောက် ပစ်ခတ်ခဲ့သလို (၈း၁၀) မိနစ်အချိန်ခန့်မှာတော့ နောက်ထပ်ဗုံး (၂) လုံးကြဲခဲ့ပြီး အော်လီဂန်းဖြင့် (၈း၅၀) မိနစ် အချိန်ခန့်မှာ နောင်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားမှ ကားလမ်းမပေါ်တွင် တရစပ် ရမ်းတမ်း ပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
 
အဲဒီ တပ်စခန်း တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ရင်းမှူး တစ်ဦးအ ပါအဝင် (၁၆)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
အဲဒီတိုက်ခိုက်မှုတော့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက် ကတော့ (၁)ဦး ကျဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။
 
တိုက်ခိုက်ချေမှုန်းဖျက်စီးခံရတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ စခန်းမှာတော့ နယ်မြေခံ တပ်များ ဖြစ်တဲ့ ခလရ-၆၀၊ ခမရ-၃၅၁ အပြင် အင်အားထမ်မံ ဖြည့်တင်းထားတဲ့ တပ်မ-၇၇ နှင့် ခမရ-၅၉၈ တို့ ပါဝင်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်တာကြောင့် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့ ဒေသခံ ပြည်သူ လူထုများဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ သိရပါတယ်။