• Today is: Wednesday, April 17, 2024

မိုးဗြဲ ၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့က နှစ်ဖက်တိုက်ပွဲမှာ စစ်သား(၅၀)ဦးသေဆုံးပြီး (၂)ဦး အရှင်ဖမ်းဆီး ရလို့ KNDF ထုတ်ပြန်

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၂၈၊ ၂၀၂၃ ခုနှစ်
 
ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်နှင့် ကရင်နီပြည်နယ် မိုးဗြဲမြို့တို့မှာ အခုလ ဧပြီ ၂၄ ကနေ ၂၆ ရက်နေ့ထိ စစ်ကောင်စီတပ်နှင့် ကရင်နီကာကွယ်ရေးတပ်ဖွဲ့၊ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ဦးသေဆုံးပြီး ၂ ဦးကိုတော့ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
 
ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာ တိုက်ပွဲမှာတော့ ကျေးရွာတို့ကို ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းက KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU နှင့် URF တို့ပူးပေါင်းပြီး တစ်နေ့လုံးနီးပါး ချေမှုန်း တိုက်ခိုက်ခဲ့ကြတာပါ။
 
အဲဒီ ချေမှုန်းရေးတိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်မှ (၃၀)ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန်ပြောင်း (၁)လက် ၊ ဆက်သွယ်ရေးစက် (၂)လုံး နှင့် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
 
အဲဒီ တိုက်ပွဲအတွင်းမှာတော့ KNDF B/11 ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
အလားတူ ဧပြီလ (၂၆)ရက်နေ့ မနက်ပိုင်းတွင်လည်း မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးသေဆုံးကာ (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
 
အဲဒီ နှစ်ဖက်တိုက်ပွဲဟာ နံနက် (၆)နာရီမှ (၁၀)နာရီထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက် ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
 
 
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ် တိုက်ပွဲများတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက စတင်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေသလို ကရင်နီပြည်နယ် မိုးဗြဲမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
 
ဧပြီလ (၂၅)ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များဟာ မြောက်စလုံးကျေးရွာကနေ တောင်မဲသင်း ကျေးရွာဖက်သို့ ဆုပ်ခွာ တပ်စွဲနေပြီး လက်ရှိချိန်ထိ ကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ကြား စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။