• Today is: Friday, March 29, 2024

နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး သီးသန့်ဆက်သွယ်မေးမြန်းချက် အပိုင်း(၂)

နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး သီးသန့်ဆက်သွယ်မေးမြန်းချက် အပိုင်း(၂)

အီဂေါဗလားဗစ်

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ

Director of Educational Initiatives Myanmar

 

ဆိုဖီယာ ။ ။ နွေဦးတော်လှန်ရေးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း – EAO တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။

အီဂေါ ။ ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ NUG ကို နောက်က ထောက်ပံ့ပေးခြင်း မရှိဘူးဆိုရင်၊ အတူပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် NUG အနေနဲ့ တရားဝင်မှုမပြည့်ရရှိလာမှာ မဟုတ်ပါဘူး။

EAO သာ မရှိဘူးဆိုရင် PDF တွေအနေနဲ့ သင်တန်းတွေမရနိုင်သလို၊ လက်နက်တွေနဲ့ အခြားထောက်ပံ့မှုတွေ မရနိုင်ဘူး။ EAO သာ မရှိဘူးဆိုရင် PDF တွေအနေနဲ့ စစ်တပ်ရဲ့ အရှိုက်ကို အငိုက်တိုက်ခိုက်နိုင်ဖို့အတွက် စစ်အင်အား၊ လက်နက်အင်အား ရှိလာနိုင်မှာ မဟုတ်ပါဘူး။ တဘက်မှာလည်း ပထဝီအနေအထားအရ မြေပြန့်ဒေသက ပြည်သူတွေ၊ အညာသားတွေ မပါဘဲနဲ့လည်း EAO တွေအနေနဲ့ စစ်တိုက်ကို အနိုင်တိုက်နိုင်ဖို့ ခက်ပါတယ်။

စစ်အုပ်စုအနေနဲ့ အဓိကနေရာတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ ဗမာအများစုကို ထိန်းချုပ်နိုင်မယ်ဆိုရင် EAO တွေအားလုံး ပေါင်းတိုက်ရင်တောင် စစ်အာဏာရှင်ကို အနိုင်ရဖို့ ခက်ပါတယ်။ စစ်အုပ်စုရဲ့ ခွဲခြားအုပ်ချုပ်ရေး မူဝါဒဟာ  ပိုမိုအလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။

သို့ပေမဲ့ ပြည်သူထောက်ခံအားပေးမှုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တွန်းလှန်မယ်ဆိုရင် စစ်တပ်ဖြိုကျပြီး မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ မြမာ့သမိုင်းသစ်ကို မော်ကွန်းတင်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်ကို တွန်းလှန်နိုင်ခဲ့သလိုမျိုး တိုင်းပြည်ကို အသစ်က ပြန်လည်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဆိုဖီယာ ။ ။ လက်ရှိနွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာရဲ့ ရပ်တည် ပံ့ပိုးပေးမှုက ဘယ်လောက် လိုအပ်ပါ သလဲ။ နိုင်ငံတကာကရော ဆန်ရှင်အပါအဝင် ဘယ်လို လုပ်ရပ်မျိုးကို ဆက်ပြီး လုပ်ဆောင်နိုင်ဖွယ်ရှိသလဲ။

အီဂေါ ။  ။ လက်ရှိနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ လူမဆန်နဲ့အကြမ်းဖက် လုပ်ရပ် တွေကို ဆန့်ကျင်တော်လှန်ရာက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တနည်းဆိုရင် ပြည်တွင်းက ပြည်သူ တစ်ဦးချင်း ဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံတကာ တွန်းအားဟာ ဒုတိယအဆင့်အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းပေးဖို့အတွက် နိုင်ငံတကာမှ လက်ရှိအချိန်အထိ လက်ရှောင် နေဆဲပင်။

မြန်မာပြည်တွင်းဖြစ်ရပ်ကို ခြေကုန်လက်ပန်းကျရတဲ့အထိ တိုက်ပွဲတွေကို ထိုင်စောင့်ကြည့်နေကြဆဲပင်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေကလည်း တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကို နည်းအောင် ကြိုးပမ်းနေရုံမှအပ ပြဿနာကို တိုက်ရိုက်ဖြေရှင်းဖို့ လက်ရှောင်နေဆဲပင် ဖြစ်ပါတယ်။

အာဆီယံအပါအဝင် အခြားကမ္ဘာ့နိုင်ငံတွေကလည်း စစ်တပ်မပါတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်လို့ မရနိုင်သေးပါဘူး။ ညှိနှိုင်းဆွေးနွေးရေးဖြစ်စဉ်အတွက် စစ်တပ်ဟာ မဖြစ်မနေပါဝင်ဖို့ လိုအပ်တယ်လို့ မြင်နေဆဲပင် ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်အာဏာရှင်တွေ ရှုံးနိုင်ချေအရိပ်အယောင်တွေ ထင်ရှားလာမယ်ဆိုရင်တော့ စဉ်းစားချက်၊ လုပ်ရပ်တွေပြောင်းလဲလာနိုင်ပါတယ်။

စစ်တပ်နဲ့ မပူးပေါင်းရေးလုပ်ရပ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေအတွက် တရားဝင်မှု၊ ငွေကြေးနဲ့ လက်နက်အင်အားဆိုင်ရာ မေးခွန်းထုတ်လာနိုင်စရာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဟာ ဝမ်းနည်းကြောင်း ဖော်ပြရုံထက် မပိုပေမဲ့ စစ်တပ်ကို မပူးပေါင်းတဲ့ လုပ်ရပ်ကတော့ နိုင်ငံတကာ အတွက် ပိုပြီး လှုပ်ခတ်စေလာနိုင်ပါတယ်။ 

နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ လက်တွန့်နေရတဲ့ အဓိက အကြောင်းအရာ (၃) ခုရှိပါတယ်။ ပထမအချက်ကတော့ အာဏာရှင်နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်ကို ပိုယိမ်းကြပါတယ်။ ဒါ့ကြောင့် ထိုင်း၊ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ဟာ စစ်အုပ်စုကို ထောက်ပံ့နေကြပါတယ်။ ဒါ့ပေမဲ့ စစ်ကောင်စီနဲ့ ဒွန်တွဲပြီး အမြင်မခံချင်ကြပါဘူး။

ဒီမိုကရေစီ အနောက်နိုင်ငံတွေကလည်း မြန်မာ့အရေးထက် ပိုမိုအာရုံစိုက်အလေးထားစရာ အကြောင်းအရာများစွာ ရှိပါတယ်။

ဒုတိအချက်ကတော့ အတိတ်ဖြစ်ရပ်အပေါ်အခြေခံပြီး ကြိုတင်ခန့်မှန်းချက်ကြောင့်ပါ။ မြန်မာ့တော်လှန်ရေးတွေ စစ်တပ်က အကြမ်းဖက်လမ်းစဉ်နဲ့ နှိပ်ကွပ်နိုင်ခဲ့တာကြောင့် လက်ရှိနွေဦးတော်လှန်ရေးကို ဖြိုခွင်းနိုင်လိမ့်မယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေ အပါအဝင်၊ အိန္ဒိယ၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက မြန်မာ့ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်ကို ရှေးရှုပြီး စစ်အုပ်စု လုပ်ရပ်ကို မျက်ကွယ်ပြုထားကြပါတယ်။

              

နောက်ဆုံးတစ်ခုကတော့ တည်ငြိမ်မှုကို အချိန်စောစွာ လိုလားနေခြင်းကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ နိုင်ငံတည်ငြိမ်မှုကို ပိုမိုအလေးထားစိတ်ပူနေကြပါတယ်။ ကျဆုံးနိုင်ငံတွေ များလာမှာကို စိတ်ပူနေကြပါတယ်။ ဖွင့်မပြောကြပေမဲ့ သူတို့တွေဟာ ပရမ်းပတာ၊ အစိုးရမဲ့၊ အုပ်ချုပ်မရတဲ့ ပြည်တွင်းစစ်ထူထပ်တဲ့ နိုင်ငံတစ်ခုထက် တည်ငြိမ်အာဏာရှင်စနစ်ကို ပိုမိုလိုလားနေကြပါတယ်။ လက်ရှိနိုင်ငံတကာမှာလည်း ဒီမိုကရေနဲ့ လူ့အခွင့်အရေးကို ဦးစားပေးကာကွယ်တာတွေ မရှိတော့ပါဘူး။

ပြည်ပနိုင်ငံအများစုက မြန်မာနိုင်ငံဟာ တပ်မတော်မရှိရင် တိုင်းပြည်က အစိတ်စိတ်အမြွှာမြွှာကွဲပြီး သူတလူငါတမင်းအုပ်ချုပ်တဲ့ စနစ်၊ ဗဟိုအစိုးရမဲ့စနစ် ဖြစ်လာမယ်ဆိုတဲ့အမြင်အပေါ် အရိုးစွဲနေပြီဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေ မသိတဲ့အချက်က ထိုအခြေအနေရောက်အောင် မင်းအောင်လှိုင်က လုပ်နေတာ ဖြစ်ပါတယ်။

NUG နဲ့ နွေဦးတော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာနဲ့ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ ဒီမိုကရေအရေး၊ လူ့အခွင့်အရေး တောင်းဆိုမှုတွေ၊ မင်းအောင်လှိုင်ရဲ့ လူမဆန်အကြမ်းဖက်မှုတွေကို ထောက်ပြမဲ့အစား အောင်နိုင်မဲ့နည်းလမ်းတွေနဲ့ တည်ငြိမ်မှုတည်ဆောက်နိုင်မဲ့လမ်းကြောင်းတွေကို ပိုမိုချပြ ဆွေးနွေးသင့်ပါတယ်။

နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ ဘယ်တော့မှ အရှုံးမပေးဘဲ မင်းအောင်လှိုင်စစ်တပ် တဖြည်းဖြည်းချိနဲ့ အရှုံးပေးသွားသည်အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားဖို့လိုပါတယ်။ NUG နဲ့ EAO တွေ မဟာမိတ်ပြုခြင်းဟာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်အနေနဲ့ မူဝါဒတစ်ခုကိုသာ ခိုင်ခိုင်မာမာကိုင်စွဲပြီး နိုင်ငံတကာနဲ့ မီဒီယာတွေမှာ ထုတ်ဖော်ပြောကြားဖို့လိုပါတယ်။

လက်ရှိအနေနဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာကို စစ်ကောင်စီကို ထောက်ပံ့မှုလုပ်ရပ်နည်းအောင်ပြုလုပ်ဖို့ လိုပါတယ်။ သေချာတာတော့ ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူဘက်က ဝင်တိုက်ပေးမှာ မဟုတ်သလို၊ မင်းအောင်လှိုင်ကို လာရောက်ဖယ်ရှားပေးမျာ မဟုတ်ပါဘူး။ ပြည်တွင်းအင်းအားစုတွေ တစုတည်းဖြစ်အောင် ပူးပေါင်းပြီး တွန်းလှန်အမြစ်ဖြတ်ရမှာ ဖြစ်ပါတယ်။

ဆိုဖီယာ ။  ။ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်ရှိသလဲ။

အီဂေါ ။ ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပခြင်းဟာ အချိန်ဆွဲခြင်းဗျူဟာတစ်ရပ်သာ ဖြစ်ပါတယ်။ သူတို့ ကြေညာထားအချိန်အတွင်း ရွေးကောက်ပွဲလုပ်နိုင်မဲ့ပုံမပေါ်ပါဘူး။ အချို့နိုင်ငံကနေ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကျင်းပဖို့ ဟန်ရေးပြတာ ဖြစ်ပါတယ်။

ကနဦးအစီအစဉ်အရ မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲကို နှစ်နှစ်အတွင်း ကျင်းပဖို့အတွက် စီစဉ်ထားပေမဲ့ ကျဆုံးခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ မင်းအောင်လှိုင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်ဓာတ်စစ်ဆင်ရေး တရပ်သာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲမကျင်းပနိုင်သလို၊ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ် မှာလည်း ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ငြင်းပယ်သ၍ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။

ဆိုဖီယာ ။ ။ NUCC နဲ့ ဖက်ဒရယ်ပဋိဉာဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပေးပါအုံး။

အီဂေါ ။ ။ ဖက်ဒရယ်ပဋိဉာဉ်နဲ့ NUCC ဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေးအတွက် အရေးပါပါတယ်။ သို့ပေမဲ့ ထိုဖြစ်စဉ်တွေဟာ လက်ရှိမှာ ဘေးကျပ်နံကျပ်ဖြစ်ပြီး ရပ်တန့်နေပါတယ်။ အလွန်အရေးပါတဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ NUCC မှာ အစကတည်းက မပါဝင်ခဲ့တာတွေ ရှိသလို၊ အချို့က အစမှာ ပါပြီး တဝက်မှာ ထွက်ခွာသွားတာရှိပါတယ်။

လက်ရှိ နိုင်ငံရေးပကတိတရားနှင့် အာဏာအရွေ့ဖြစ်မှုဟာ ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် မြန်မာပြည်တွင်းတိုင်းရင်းသားအမျိုးသားတွေက တစိုက် မတ်မတ် တောင်းဆိုလျက်ရှိပါတယ်။ တောင်းဆိုသံတွေကို နားထောင်ပေးခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကိုသာ ခံခဲ့ရပါတယ်။

ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရေး ဖြစ်စဉ်မှာလည်း ၂၀၁၀ – ၁၅ကြားကာလမှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက်အထိ အာဏာမျှပေးသလဲ၊ ၂၀၁၆- ၂၀၂၁ ကာလမှာလည်း NLD အစိုးရက  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက်အထိ အာဏာခွဲဝေပေးသလဲ။

ဗဟိုအစိုးရကို အာဏာဘယ်လောက်ပေးထားမလဲ ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာလုပ်ပိုင်ခွင့်၊ ဘဏ္ဍာရေးအရင်းအမြစ်စတာတွေကို ဘယ်လောက်အထိ မျှဝေထားသလဲ၊ ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်း ထားဖို့ လိုပါတယ်။ သို့ပေမယ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေနဲ့ အာဏာခွဲဝေမှု ပုံစံတွေ ပြောင်းလဲသွားပြီးဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဉ် ရှုံးနိမ့်သွားပြီးနောက်မှာ စစ်အုပ်စုအနေနဲ့ အုပ်ချုပ်ရေးနယ်မြေတွေ တဖြည်းဖြည်း ကျဆင်းလာပြီး တဖက်မှာ NUG အနေနဲ့ ပိုမိုအင်အားကောင်းလာပါတယ်။ ERO တွေအနေနဲ့ ဗဟိုအစိုးရရဲ့ အာဏာကို ချိနဲ့အောင် လုပ်ဆောင်နိုင်တဲ့အခြေအနေမှာရှိပါတယ်။

တော်လှန်ရေးကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအသံဟာ အောက်ခြေကစပြီး ထွက်ပေါ် လာတာကြောင့် နောက်ကြောင်း ပြန်လှည့်လို့ မရတော့တဲ့အခြေအနေမှာ ဖြစ်ပါတယ်။ ချင်း၊ ကရင်နီဒေသမှာလည်း ထိန်းချုပ်ဒေသတွေကို ပိုမိုအားကောင်းစွာ ထိန်းချုပ်နိုင်နေပြီဖြစ်သလို၊ မိမိဒေသတွေကို ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်ဖြင့် လုပ်ဆောင်လျက်ရှိပါတယ်။

ကချင်အနေနဲ့လည်း ပြည်နယ်အစိုးရခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် ဗျူဟာကျကျ ဆောင်ရွက်လျက် ရှိပါတယ်။ AA အနေနဲ့လည်း ရခိုင်အစိုးရဖြစ်အောင် ကြိုးပမ်းလျက်ရှိပါတယ်။

ကရင်အနေနဲ့ ကော်သူးလေပြည်နယ်တစ်ခု စုစည်းတည်ထောင်နိုင်ရေးကို ကြိုးပမ်းနေဆဲပင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဝဒေသမှ ဝပြည်နယ်အဆင့်ကို ရောက်ရောက်နိုင်ပြီဖြစ်ပါတယ်။ မွန်နေနဲ့ တော်လှန်ရေးမှာ ခေါင်းဆောင်မှုအပိုင်းမှာ မပါဝင်ပေမဲ့ နိုင်ငံရေးနိုးကြားမှု ပိုမိုအားကောင်းလာခဲ့ပါတယ်။ ကွဲပြားမှုစုံလင်တဲ့ ရှမ်းအနေနဲ့ကတော့ ဘာလိုဆက်သွားနိုင်လဲဆိုတာ ခန့်မှန်းဖို့ခက်ခဲပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်တပ်ကို နိုင်ငံရေးအဝန်းအဝိုင်းကနေ ထုတ်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအစုအဖွဲ့အနေနဲ့ (၁) ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများ ၊ (၂)နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့  အရပ်ဘက်အဖွဲ့အစည်းများ၊ (၃) မြန်မာတဝန်းလုံးမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး တွေ့ဆုံဆွေးနွေးပြီး Coming Together ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို အဖြေရှာဖို့ ရှင်းလင်းဖို့ လိုပါတယ်။