• Today is: Friday, March 29, 2024

ငြိမ်းချမ်းရေး ဗိသုကာတရုတ်

ငြိမ်းချမ်းရေး ဗိသုကာတရုတ်

ဝင်းမျိုးသူ | အတွေးအမြင်

တရုတ်နိုင်ငံဟာကမ္ဘာနှင့်တဝှမ်းငြိမ်းချမ်းရေးဖော်ဆောင်သူပုံရိပ်ကိုမြှင့်တင်နေပါတယ်။ ဒါကလည်းပြိုင်ဖက်အမေရိကန်ရဲ့ soft power ကို ဖြိုခွင်းမှုရဲ့တစိတ်တပိုင်းပါပဲ။ အရှေ့အလယ်ပိုင်း ပြိုင်ဖက်နှစ်နိုင်ငံဖြစ်တဲ့ အီရန်နှင့်ဆော်ဒီအကြား ပုံမှန်သံတမာန်ဆက်ဆံရေးတည်ဆောက်နိုင်အောင်ကြားဝင်စေ့စပ်ပေးခဲ့တာဟာ သိသာထိရှားတဲ့ အောင်မြင်မှုပါ။

ဒီနှစ်နိုင်ငံဟာ ယီမင်မှာ proxy war ကိုဆင်နွဲနေတာဖြစ်လို့ ယီမင်ပြည်တွင်းစစ်အရှိန်ကျသွားမလားခန့်မှန်းမှုတွေရှိပါတယ်။ သို့သော် စစ်ဖြစ်ရတဲ့အဓိကအကြောင်းရင်း root cause ဖြစ်တဲ့ ရှီအတ် နှင့်ဆွန်နီမွတ်စလင် လူမျိုးစုတွေကြားက identity ဆိုင်ရာကိစ္စနှင့်ဆင်းရဲနွမ်းပါးမှုကို မရှင်းနိုင်သေးသမျှ ယီမင်အခက်အခဲဟာပြေလည်သွားစရာအကြောင်းမရှိပါဘူး။

အရှေ့အလယ်ပိုင်းပြီးတော့ ယူကရိန်း၊ ရုရှားစစ်ပွဲအတွက်လည်းငြိမ်းချမ်းရေး အဆိုပြုချက်တွေ တရုပ်ကဝင်ရောက် ပြုလုပ်ခဲ့ပြန်ပါတယ်။ အချုပ်အချာအာဏာလေးစားပါလို့ပြောပြီး ပြင်သစ်ဆိုင်ရာတရုတ်သံအမတ်က ခရိုင်မီးယားက ရုရှားပြည်ရဲ့အစိတ်အပိုင်းပါလို့ဆိုတဲ့အခါ သံတမာန်ရေးရှုတ်ထွေးမှုတွေဖြစ်စေပြန်ပါတယ်။ လောလောဆယ်တော့ သမ္မတကြီးရှီနှင့် ဇယ်လင်စကီတို့ဖုန်းပြောအပြီး တရုပ်ငြိမ်းချမ်းရေးသံအဖွဲ့ ယူကရိန်းကိုလွှတ်ဘို့ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲကို ပြေလည်အောင်ညှို နှိုင်းပေးနိုင်ခဲ့ရင်တော့ တရုတ်ဟာ တကယ့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိမှာဖြစ်ပါတယ်။

မြန်မာပြည် ပြည်တွင်းပဋိပက္ခတွေနှင့်ပတ်သက်ပြီးတော့လည်း တရုတ်ဟာခုတလောမှာ ခြေလှမ်းခပ်သွက်သွက်လှုပ်ရှားလာပါတယ်။ ၂၀၂၂ ခုနှစ်တုံးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယိနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မှာ အာဆီယံအစည်းအဝေးလာတက်ရင်း မြန်မာအရေးအတွက်သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အမေရိကန်အနေနှင့် မြန်မာအရေးမှာ တရုတ်နှင့်ထိတ်တိုက်မတွေ့လိုပဲ တနည်းအားဖြင့် တရုတ်စိုးရိမ်ကြောင့်ကြမဲ့ကိစ္စရပ်တွေကို မဆောင်ရွက်ပဲ အာဆီယံကနေတဆင့် မြန်မာအရေးငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရင်း ဒေသအတွင်းမတည်မငြိမ်မှုတွေကိုလျှော့ချသွားနိုင်ဘို့ တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံပူးတွဲလုပ်ဆောင်သွားမယ်ဆိုတဲ့ သံတမာန်ရေးအမြင်ဖလှယ်မှုတွေလုပ်ခဲ့ကြတယ်လို့ ယူဆရပါတယ်။

ဆိုလိုတာက တောင်တရုပ်ပင်လယ်အရေးတင်းမာမှုတွေမြင့်တက်နေစဉ်မှာ မြန်မာကိစ္စကြောင့် မြွေပူရာကင်းမှောင့် သံတမာန်ရေးထိတ်တိုက်မတွေ့လိုဘူးလို့ သဘောထား ဖလှယ်ကြတာပါပဲ။ မြန်မာပြည် မှာ all out war ပြည်တွင်းစစ် အပြည့်အဝဖြစ်ခဲ့ရင် institution တွေအားလုံး ပြိုကွဲ ပျက်ဆီးကုန်ပြီး ဘယ်သူဘယ်ဖက်မှအနိုင်မရ ပဲ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရဖြစ်ကာ အစိတ်စိတ်အမွှာမွှာကွဲလို့ ဒေသအတွင်း မတည်မငြိမ်မှု တွေပိုဆိုးလာမယ်ဆိုတဲ့အချက်အပေါ်မှာ နှစ်နိုင်ငံလုံးကတူညီအမြင်သဘောတရားရှိနေကြပါတယ်။

ဒီနားလည်မှုက တရုပ်အပေါ်မှာဖိအားဖြစ်စေပါတယ်။ စကစ က အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ကို လိုက်နာဖို့ တရုတ်ဟာ သူရဲ့ဩဇာကို သုံးပြီး တိုက်ရိုက်သော်၎င်း၊ အာဆီယံက ထိုင်းကမ္ဘောဒီးယားတို့ကနေတဆင့်သော်၎င်း တွန်းအားပေးခဲ့ပါတယ်။ သို့သော် တိုးတက်မှုမရှိတဲ့အတွက် ကုလလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချရေးမှာ အမေရိကန်ရဲ့သံတမာန်ရေးနှပ်ကြောင်းထဲကို ကျသွားပြီး သဘောတူလိုက်ရတာပါပဲ။ ရုရှားကတော့ သူ့မဟာမိတ်တရုတ်သဘောတူလို့ လိုက်သဘောတူပေးလိုက်တာပါပဲ။

ဒီဖြစ်ရပ်ကိုကြည့်ပြီး အမေရိကန်သံတမာန်ရေးရာ အတိုင်အပင်ခံ ချိုလက် က မြန်မာအရေး တရုပ်နှင့်ဆက်လက်ညှိုနှိုင်းမယ်ဆိုတာကို ထုတ်ဖော်ပြောတာဖြစ်ပါတယ်။ တရုတ်ကနေတဆင့်မြန်မာပြည်ကိုဖိအားပေးရေးနည်းကို ဆက်လက်ကျင့်သုံးမယ်လို့ဆိုလိုတာလို့ နားလည်မိပါတယ်။ ဒီနေရာမှာ တရုတ်၊ အမေရိကန်ဆက်ဆံရေး အနေအထားကို ပြည့်ပြည့်ဝဝ နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။

တရုပ်နှင့်အမေရိကန်ဟာ ပြင်ပအပေါ်ယံမှာ တောင်တရုတ်ပင်လယ်နှင့်ထိုင်ဝမ်အရေးမှာ သဘောထားတွေတင်းမာမှုကို ပြနေကြပေမဲ့ အကန့်အသတ် limit ကိုနားလည်ကြပါတယ်။ ရန်ဖြစ်ချင်ယောင်ဆောင်ခြင်းက နှစ်နိုင်ငံလုံး သူ့ဟာနဲ့သူအကျိုးရှိနေကြပါတယ်။ အမေရိကန်အတွက် ထိုင်ဝမ်အရေးနှင့်ပတ်သက်ရင် ကွန်ဂရက်မှာ ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်တွေဟာ အမြင်သဘောထားတူတယ် non partisan ပါတီနှစ်ခု နိုင်ငံရေးစည်းလုံးမှုရှိတယ်ဆိုတဲ့ပုံရိပ်ကို ဖော်ဆောင်နိုင်ကြပါတယ်။

နိုင်ငံအကျိုး ပူးပေါင်းလုပ်တယ်ဆိုပြီး ဟန်ဆောင်နိုင်ကြပါတယ်။ လက်တွေ့အကျိုးစီးပွါးအနေနဲ့ကတော့ အမေရိကန်တရုတ်တွေရဲ့ အလှူငွေ နှစ်ပါတီလုံးက အမတ်တွေ ရကြပါတယ်။ ဒေသတွင်း စစ်ရေးစိုးရိမ်ပူပန်မှုတွေမြင့်တော့ တရုပ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် အမေရိကန်အပေါ်စစ်ရေးအရပိုအားထားရပြီး အမေရိကန် လက်နက်တွေပိုရောင်းကောင်းတော့ အမေရိကန်ကုမ္ပဏီကြီးတွေအလုပ်ဖြစ်ပါတယ်။ military industry အလုပ်ဖြစ်တော့ ဆက်စပ်လုပ်ငန်းတွေပါ စီးပွါးကောင်းကြပါတယ်။ အမေရိကန်ပြည်တွင်း အလုပ်အကိုင်ဖန်တီးရေးကို အထောက်အကူပြုပါတယ်။

တရုတ်ကလည်း အမေရိကန်နဲ့ထိတ်တိုက်တွေ့ရမှုအပေါ်အကြောင်းပြုပြီး ပြည်တွင်းနိုင်ငံရေးထောက်ခံမှုကိုရပါတယ်။ ကျဆင်းနေတဲ့စီးပွါးရေးကို လူတွေသိပ်အပြစ်မပြောနိုင်အောင် လမ်းလွှဲထားလို့ရပါတယ်။ ဒီလိုအချိန်မှာ ကွဲနေလို့မဖြစ်ဘူး အားလုံးစည်းလုံးမှရမယ်ဆိုပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီ CCP ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်ထားလို့ရပါတယ်။

တဖက်မှာလည်း စီးပွါးရေးအပြန်အလှန်ဆက်စပ်မှုဒွေးရောယှက်တင်ဖြစ်မှုက သိပ်ကြီးမားတော့ စစ်ရေးထိပ်တိုက်တွေ့လို့မရဘူးဆိုတာ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေသိပါတယ်။ အထူးသဖြင့်တရုတ်နိုင်ငံဟာ စီးပွါးရေးထိခိုက်မှာကို အထူးသတိထားပါတယ်။ လက်ရှိမှာ တရုပ်ပြည်တွင်းမှာ ဒေသဆိုင်ရာပြည်နယ်အစိုးရတွေဟာ ပုဂ္ဂလိကဘဏ်တွေကို ပေးဆပ်စရာအကြွေး ၈ ထီလျှံလောက်ရှိပါတယ်။ ဒါဟာ နိုင်ငံ GDP ရဲ့ ၅၀% လောက်ရှိပါတယ်။

တရုပ်ပြည်ရဲ့နှစ်စဉ်ကုန်သွယ်ရေးဟာ ၃.၃ ထီလျှံ$ ရှိပြီး အစိုးရရဲ့ ဘတ်ဂျက်က ၄ ထီလျှံ လောက်ရှိပါတယ်။ နိုင်ငံခြားငွေစုဆောင်းထားမှုက ၃.၂ ထီလျှံပါ။ ဒါနဲ့ယှဉ်ရင် ပြည်တွင်းကြွေးမြှီဟာ နှစ်ဆကျော်သုံးဆနီးပါးရှိပါတယ်။ ပြည်နယ်အစိုးရတွေက ဒီကြွေးမြီတွေကိုလျော်စေချင်တာပါ။ ဒီလိုလုပ်ရင်လည်း ပုဂ္ဂလိကလုပ်ငန်းတွေ ရေစီးကမ်းပြို ထိခိုက်ကုန်မှာဖြစ်ပါတယ်။

ဗဟိုအစိုးရက မကူနိုင်ဘူး ကိုယ့်ဘာသာကိုယ်ရှင်းလို့ပြောလိုက်တဲ့အခါ ပြည်နယ်အစိုးရတွေတိုင်ပတ်ပါတယ်။ ချေးငွေတွေ ပြန်မဆပ်တဲ့အတွက် ပြည်တွင်းဘဏ်တွေ ငွေလည်ပတ်မှုရပ်ကုန်ပါတယ်။ ဒီအခါ ဘဏ်မှာ ငွေအပ်ထားသူတွေထုတ်မရတော့ လူထုအုံကြွမှုဖြစ်စေပါတယ်။ ဘွဲ့ရလူငယ်တွေကြား အလုပ်လက်မဲ့နှုန်းဟာ ၂၅% လောက်ထိမြင့်တက်လာပါတယ်။

ဒါဟာ CCP အတွက် တိုင်းဗုံးကြီးတွေပါပဲ။ မကြုံစဘူး ပြည်တွင်းမှာ လူထုဆန္ဒပြမှုတွေပေါ်ပေါက်လာတဲ့အတွက် CCP ဟာလန့်သွားပြီး နိုင်ငံရေးဖြေလျှော့မှုတွေလုပ်လာရပါတယ်။ လူတွေအလုပ်မရှိ၊လက်ထဲငွေမရှိတော့ ပြည်တွင်းဝယ်လိုအား ကျဆင်းပါတယ်။ ကမ္ဘာ့စီးပွါးရေးကျနေလို့ export driven ပြည်ပပို့ကုန်အခြေပြု စီးပွါးရေး ဖွံ့ဖြိုးမှု မလုပ်နိုင်သလို ပြည်တွင်းမှာ buying power ကျတဲ့အတွက် aggregated demand ပြည်တွင်းစားသုံးမှုအခြေပြု ကုန်ထုတ်လုပ်မှု တိုးတက်အောင်လုပ်ဘို့လည်း အခွင့်မသာဘူးဖြစ်လာပါတယ်။

ဒီတော့ အရင် Belt Road Initiative BRI ကို အသွင်ပြောင်းပြီး Global Development Initiative GDI ဆိုပြီး ကမ္ဘာအနှံ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပြန်ပါတယ်။ နိုင်ငံခြားအရံငွေ ၃.၃ ထီလျှံလောက်ရှိနေတာမို့ ဒီအားကိုးနဲ့ တစ်ထီလျှံ (ဘီလျှံ ၁၀၀၀ – မြန်မာအခေါ်ဆိုရင် ကုဋေတသိန်း) လောက်ကို GDI မှာသုံးစွဲပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေကို ချေးငှါးကာ တရုပ်အစိုးရပိုင် ကော်ပိုရေးရှင်း SOE တွေ ကန်ထရိုက်တွေအလုပ်ရကာ တရုပ်လူငယ်တွေ အလုပ်ရရှိရေးကို မြှင့်တင်နိုင်ဖို့နှင့်ပြည်တွင်းငွေလှည့်ပတ်မှု ကောင်းစေဘို့ ကြိုးပမ်းလုပ်ဆောင်ပါတယ်။

ပြသနာက ဒီငွေတွေဟာ အာဏာယစ်မူးတဲ့ လူ့အခွင့်အရေးကို အလေးမထားတဲ့ လာဘ်ပေးလာဘ်ယူနာမည်ဆိုးထွက်တဲ့ နိုင်ငံတွေက အာဏာရ အစိုးးတွေကို အသက်ဆက်အောင် ပံ့ပိုးကူညီသလို ဖြစ်နေတဲ့အတွက် အကောင်းမြင်မခံရသလို စီမံခန့်ခွဲမှုအမှားတွေကြောင့် GDI ရဲ့ စီမံကိန်းအများစုဟာ ပြသနာတွေကြုံတွေ့ရလာပါတော့တယ်။ ဒါကြောင့်ယခင်နှစ်တွေက ပြန်မဆပ်နိုင်တဲ့ကြွေးမြီပမာဏက ဘီလျံ ၂၀ ကျော်လောက်နေ ဒီနှစ်မှာ ၇၅ ဘီလျှံလောက်အထိ Bad Debt အကြွေးဆုံးအထိ မြင့်တက်လာတာပါ။

ဒါကြောင့် ပြည်ပမှာ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုတွေ က ပြန်ရချက်က နည်းတာမို့ တရုတ်ရဲ့ economic growth ဟာ ၃.၃ ရာခိုင်နှုန်းလောက်အထိကျသွားပါတယ်။ အရင်တုန်းက တနှစ် ၁၀% လောက်နဲ့ နှစ်ပေါင်း၃၀ တိုးတက်ခဲ့တာပါ။ ရုတ်ရက်အမြန်မောင်းနေတဲ့ကားကနေ အရှိန်သုံးပုံနှစ်ပုံလျှော့ချလိုက်တော့ ကားထဲမှာ လိုက်ပါစီးနင်းလာသူတွေက တအားကိုနှေးတယ်လို့ခံစားလာရတာပါ။

ငွေကို အထိခိုက်မခံ အကဲဆပ်တဲ့လူမျိုးမို့ တရုပ်ဟာ စီးပွါးရေးကလွဲလို့ ဘာမှဦးစားပေးမှာမဟုတ်ပါ။ သူ့ရဲ့ကုန်သွယ်ရေးမှာ ပစ္စည်း ၁၀၀ ဘိုးရောင်းရရင် ၈၀ က အနောက်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး ၂၀ ဘိုးကသာ သူ့ရဲ့ GDI နိုင်ငံတွေက ဝယ်ယူတာဖြစ်ပါတယ်။

ဒီတော့ ဒီစာဖတ်နေတဲ့သူစဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့ရောင်းအား ၈၀% ဝယ်နေတဲ့ ဖောက်သယ်ကို အမုန်းခံ ရန်ဖြစ်ပြီး စျေးကွက်ပျက် အဖျက်ခံပါ့မလား။ ကမ္ဘာမှာ အဲ့လိုဂရုမစိုက်ပဲ လုပ်တာ ဗမာလူမျိုးတမျိုးသာရှိတယ်ထင်ပါတယ်(ဤကားစကားချပ်)။

ဒါကြောင့် တရုပ်ဟာ ဟန်ကိုယ့်ဘို့ပြောနေပေမဲ့ အမေရိကန်နှင့်ဥရောပစျေးကွက်အဖျက်မခံပါ။ ယူကရိန်းအရေးပြီးမှသာသူ့စီးပွါးကလည်းပြန်တက်မှာဖြစ်ပါတယ်။ အမေရိကားကလည်းတရုတ်နည်းတူ တရုတ်နှင့်မိတ်မပျက်ချင်ပါ။ သူ့စီးပွါးရေးရင်းနှီးမြှုပ်နှံမှုအများစုက တရုတ်ထဲမှာရှိနေတဲ့အတွက် တရုတ်မပါပဲသူ့စီးပွါးတိုးအောင်မလုပ်နိုင်ပါ။

တရုပ်နိုင်ငံကထုတ်တဲ့ ဆိုလာပြား၊ ဘတ်ထရီတွေမပါပဲ သူ့ရဲ့ EV စီမံချက် Renewable energy မအောင်မြင်နိုင်ပါ။ စျေးပေါတဲ့တရုတ်ထွက်ကုန်မရရင် အမေရိကန်စားသုံးသူတွေ စားဝတ်နေရေးပိုကြပ်ပြီး နိုင်ငံရေးပြသနာထပ်တက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ဒင်တက်လာကတည်းက တရုပ်ကို အရေးပါတဲ့ ပြိုင်ဖက်အနေနဲ့သတ်မှတ်ပြီး မတူတာတွေလျှော့ချပြီး ထိတ်တိုက်တွေ့ရမှုတွေရှောင်ကာ အတူတကွပူးပေါင်းလုပ်ဆောင်ရင်း နှစ်နိုင်ငံအကျိုးစီးပွါးနှင့် ကမ္ဘာ့အရေးတွေကို ဘယ်လိုပူးတွဲဖြေရှင်းကြမလဲဆိုတာ အမေရိကန်အစိုးရရဲ့ တရုတ်နှင့်သက်ဆိုင်တဲ့ မူဝါဒလမ်းစဉ်၊ ချည်းကပ်မှု approach ဖြစ်ပါတယ်။

ဒါကြောင့်မြန်မာအရေးနှင့်ပတ်သက်ပြီး မြွေချောက်ကိုက်မခံလိုသည့်သဘောထား အမေရိကန်မှာရှိပြီး တရုပ်ကလည်း မြန်မာနှင့် နယ်နမိတ်ဆက်စပ်နေသည့်အလျှောက် သူ့နိုင်ငံ အတွက် tradition and non traditional security issues စစ်ရေးနှင့်အခြားသမရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ တရုပ်က ပိုဩဇာသက်ရောက်လိုတဲ့ဆန္ဒရှိပါတယ်။

ယူကရိန်းမှာ NATO တပ်တွေချတာကို ရုရှားကမလိုလားလိုသမျိုးပဲ မြန်မာနိုင်ငံမှာ အနောက်ကိုလိုလားတဲ့ အစိုးရတွေကြောင့်အနောက်နိုင်ငံစွက်ဖက်မှုတွေတိုးပွါးပြီး တရုပ်နိုင်ငံကို လူမှုရေး စီးပွါးရေး နိုင်ငံရေး စစ်ရေး ဖိအားတွေ မြန်မာနိုင်ငံကတဆင့် ဝင်မလာဘို့ တရုတ်က သဘောထားရှိတာကလည်း နားလည်လို့ရနိုင်ပါတယ်။

သို့သော်တရုတ်ဟာခေတ်အဆက်ဆက် မြန်မာနိုင်ငံရေး political economy ကို လေ့လာသုံးသပ်ပြီး ဩဇာတည်ဆောက်ရေး မူဝါဒချမှတ်တဲ့အခါမှာ အကြိမ်ကြိမ်မှားခဲ့တယ် လိုအပ်ချက်တွေရှိခဲ့တယ်လို့ ဝန်ခံကာ ယခုအခါမှာ မြန်မာကို နားလည်ဘို့ ပီကင်းတရုပ်နိုင်ငံခြားရေးသုတေသနဌာနမှာ အထူး expert တွေ ငါးယောက်လောက်တိုးချဲ့ခန့်ထားပြီးလေ့လာနေတယ်လို့ဆိုပါတယ်။ (တဆင့်ကြားဆိုတော့ ဒါဟာ ဘယ်လောက်မှားမှန်သလဲမခွဲနိုင်ခဲ့ပါဘူး၊ သို့သော်၂၀၁၀ မတိုင် ကိုယ်တိုင်တွေ့ကြုံဘူးတဲ့ တရုပ်ပညာရှင်တွေရဲ့လေ့လာသုံးသပ်ချက်တွေမှားယွင်းတာတွေတော့သတိပြုမိဘူးပါတယ်)။

မြန့်မာစိတ်ရင်းကို နားလည်နိုင်မှုမရှိတဲ့ တရုတ်ဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒချမှတ်ရာမှာ ပြည်သူ့သဘောထားနှင့် ပြည်သူ့အားဆိုတာကို ဘေးဖယ်ထားပြီး power politics လက်နက်ရှိသူအာဏာရှိသူကို အခြေပြုတဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာပဲ တဝဲလည်လည် ချည်းကပ်နေတာဖြစ်ပါတယ်။

ခုတလောမှာ တရုတ်ဘက်က လှုပ်ရှားမှုတွေစိတ်လာပြီး သူလိုချင်တဲ့ အကွက်အတိုင်း စကစ လိုက်ပါလာနိုင်ဘို့ Framing လုပ်နေတယ်လို့မြင်မိတယ်။ သူ့ရဲ့တွက်ရေးမှာ ရွေးကောက်ပွဲဟာ စကစ ရဲ့ exist strategy လို့ တွက်ဆပြီး ဒီလမ်းကို ကျန်သူတွေလိုက်ဘို့ ဘေးတီးနေပါတယ်။ အမှန်တကယ် စကစ ကိုယ်တိုင်က ရွေးကောက်ပွဲဟာ သူတို့အတွက်ထွက်ပေါက်မဟုတ်ဘူးလို့ ခံယူထားတာကို တရုပ်တွေသိလာတဲ့တနေ့ကျရင် ဒီတခါလည်း တရုတ်ရဲ့သံတမာန်ရေးချည်းကပ်မှုဟာ လွဲဦးမှာ ဖြစ်ပါတယ်။

ယောင်ပြ ပြောထားတဲ့အပေါ် စက္ကူတိုက်ကြီး တည်ဘို့ ကြိုးစားရင် လေတိုးတဲ့အခါ ပြိုဦးမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ နိုင်ငံရေးလိုအင်ဆန္ဒကို မဖြည့်ဆီးနိုင်ပဲနဲ့ မြန်မာနိုင်ငံဟာ အေးချမ်းသာယာဝပြောတဲ့ နိုင်ငံတနိုင်ငံမဖြစ်နိုင်ပါဘူး။ ဒီဆန္ဒကို လက်ရှိတပ်မတော်က ဦးဆောင်ဖြည့်ပေးနိုင်ခြင်းရှိမရှိဆိုတာကလည်း လယ်ပြင်မှာ ဆင်သွားသလို အရှင်းသားကြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအေးချမ်းသာယာဝပြောနိုင်မှသာ တရုပ်ရဲ့ အနောက်ဖက်တံခါးက လုံခြုံစိတ်ချရပြီး နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိတဲ့ သံတမာန်ဆက်ဆံရေး တည်တန့်ခိုင်မြဲနိုင်ပြီး ဒေသအတွင်းတည်ငြိမ်အေးချမ်းမှု ရှိမယ်ဆိုတာကို တရုပ်မူဝါဒ လေ့လာသုံးသပ်သူတွေ နားမလည်နိုင်သမျှကာလပတ်လုံး တရုတ်မြန်မာဆက်ဆံရေးဟာ အဖုအထစ်တွေ ဖြစ်နေဦးမယ်ထင်ပါတယ်။

အမှန်က တရုပ်တွေကိုယ်တိုင်က အနောက်ကြောက်တဲ့ရောဂါအခံက ရှိနေပြီး CCP က ဆိုရှယ်လစ်ဒီမိုကရေစီတည်ဆောက်ပါမယ်လို့ကြွေးကျော်နေသော်လည်း institution အသီးသီးမှာ တာဝန်ယူလုပ်ကိုင်နေသူအသီးသီးက democracy allergic ဖြစ်ကာ ခေါက်ရိုးကျိုး တသွေးတသံတမိန့် ဗဟိုဦးစီးမှုစနစ်ရဲ့ အလေ့အထ အတွေးအခေါ်အမူအကျင့်တွေကနေရုန်းမထွက်နိုင်သေးတာဖြစ်တယ်လို့ ရှုမြင်မိပါတယ်။