• Today is: Friday, April 19, 2024

အတွေးအခေါ်သစ်နှင် နွေဦးတော်လှန်ရေ စကားဝိုင်း အနှစ်ချုပ်

အတွေးသစ်အခေါ်သစ်များနှင့် နွေဦးတော်လှန်ရေးခရီးမှာ ဘာတွေအပြောင်းအလဲလုပ်ဖို့လိုမလဲ (စကားဝိုင်း)  အနှစ်ချုပ်

နွေဦးတော်လှန်ရေးနဲ့ နိုင်ငံရေး အတွေးအခေါ်ဆိုင်ရာ ဆွေးနွေးခြင်း

၁။ နွေဦးတော်လှန်ရေးကို ဘယ်လိုယုံကြည်ထားပါသလဲ။ ဘာတွေ မျှော်လင့်ထားပါသလဲ။ 

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေကြားက တိုက်ပွဲဖြစ်ပါတယ်။ NLD နှင့် လက်ရှိ တော် လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းပေမဲ့ ပြည်သူတွေကတော့ အဆင်သင့်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေးကိုခုံမင်စိတ်နဲ့ ရွေးချယ်ခဲ့တာမဟုတ်ဘဲနဲ့ ရန်သူရဲ့ ပြဌာန်းချက်၊ တွန်းပို့မှုကြောင့်သာ လက်ရှိအခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကနေ လက်ရှိစစ်အာဏာရှင်စနစ်ယန္တရား၊ မဟာလူမျိုးကြီး ဝါဒ မှန်သမျှကို ဖြိုချပြီး၊ တန်းတူရည်တူရှိတဲ့ ပြည်ထောင်စုတရပ်ကို မျှော်လင့်ထားပါတယ်။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

နွေဦးတော်လှန်ရေးဟာ မြန်မာစစ်တပ်အတွက် သေမင်းခေါ်သံ ဖြစ်ပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားတော် လှန်ရေးအင်အားစုနဲ့ ဗမာပြည်မက ဒီမိုကရေစီအင်အားစုတွေနဲ့ ကြားက ပေါင်းကူးမှုတစ်ရပ်လို့ ပြောလို့ရပါတယ်။ အရင်က တိုင်းရင်းသားဒေသတွေမှာ တလျှောက်လုံးခံခဲ့ရတဲ့ ရက်စက်အကြမ်းဖက်မှုတွေကို ပြည်မသားတွေပါ ခံလာကြရတဲ့အတွက် နှလုံးသားချင်း ပိုမိုနီးစပ်လာကြပါတယ်။ စစ်တပ်ရှိနေသ၍ ငြိမ်းချမ်းမှာ မဟုတ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီလည်း ရရှိမှာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့လိုတယ်ဆိုတာ ပြည်သူတစ်ရပ်လုံးက နက်နက်ရှိုင်းရှိုင်း သိမြင်လာပြီဖြစ်ပါတယ်။

၂။ နွေဦးတော်လှန်ရေးက မြန်မာ့နိုင်ငံရေးကို ဘယ်လိုအပြောင်းအလဲ ဖြစ်စေမယ့် တော်လှန်ရေး အခင်းအကျင်း အမျိုးအစားလဲ။

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

နွေဦးတော်လှန်ရေးသည် နိုင်ငံရေးလမ်းကြောင်း ပြောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်တစ်ခုလုံးကို အနိုင်ကျင့်နေတာကို ပိုမိုသိမြင်လာကြတယ်။ စစ်တပ်ကို နိုင်ငံရေးထဲ ဆက်လက် ပါဝင်ခွင့်မပေးသင့်တော့ဘူးလို့ မြင်လာပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးဟာ အလုပ်မဖြစ်တော့ဘူးလို့ မြင်လာပါတယ်။ အတွေးအခေါ်ပြောင်းလဲဖို့နဲ့ အတွေးအခေါ်အသစ်ထွက်ပေါ်လာဖို့အတွက် အချိန်ယူ ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ယိင်းမွေလျန်း ( သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

နှစ်ပေါင်း (၆၀) ကြာ တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့ပေမဲ့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမယ်ဆိုတဲ့ အသံဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံး တွင်တွင်ကျယ်ကျယ်ကြားခဲ့ရပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကာလမှာဆိုရင် တော်လှန်ရေးစစ်ပွဲဆင်နွှဲတဲ့အပေါ် ငြိမ်းချမ်းရေးမလိုလားသူတွေအဖြစ် အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။ အခုအချိန်မှာလည်း နွေဦးတော်လှန်ရေးမှာလည်း တသားတည်းမဖြစ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ထပ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် အတွေးအခေါ်ပြောင်းလဲဖို့လိုတယ်။ ခိုင်မာရင့်ကျက်တဲ့အတွေးအခေါ်တွေကို မွေးမြူဖို့လိုပါတယ်။

၃။ နွေဦးတော်လှန်ရေးအပြင် နွေဦးတော်လှန်ရေးမတိုင်ခင်က ဖြစ်ရပ်တွေ၊  မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကို ဘယ်လို သင်ခန်းစာ ယူသင့်သလဲ။ ဘာတွေကို ကိုင်ဆွဲထားသင့်သလဲ၊ ဘာတွေကို ရှောင်ရှားရမလဲ ယူဆပါသလဲ။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

၈၈ အရေးတော်ပုံ အစပိုင်းမှာ ပြည်သူတွေ ပါဝင်ပေမဲ့ နောက်ပိုင်းမှာ ပြည်မမှာတော်လှန်ရေးအင်အား ဆိတ်လာပြီးတော့ နယ်စပ်ကို ရွေ့လာခဲ့ပါတယ်။ ၈၈ မှာ ပြည်သူ့တော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုက တသားတည်း မရှိခဲ့ဘူး။ ၂၀၁၀- ၂၀၂၀ အပြောင်းအလဲကာလမှာလည်း တသားတည်းစုပေါင်းမှုမရှိဘူး။‌ နိုင်ငံရေးအရ ပြင်ဆင်မှုတွေ မရှိနေသလို၊ တော်လှန်ရေးအစပိုင်းမှာလည်း ဦးဆောင်သင့်သူတွေက ဦးဆောင်မှုမပေးခဲ့ပါဘူး။ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားမှာ စုစည်းပြီး တိကျတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ချမှတ်ဖို့လိုသလို၊ ရှင်းလင်းပြတ်သားတဲ့ တော်လှန်ရေးလမ်းညွှန်ချက်တွေကို ဦးဆောင်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို ပေးဖို့ လိုအပ်ပါတယ်။

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

အရင်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်က တော်လှန်ရေးတွေရဲ့ အားစိုက်မှုကို မေ့ပစ်လို့ မရဘူး။ လက်ရှိတော်လှန်ရေးမှာ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ချဉ်းကပ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်မပါသလဲဆိုတဲ့အပေါ် ပြန်သုံးသပ်ဖို့လည်းလိုပါတယ်။ ကျွန်တော့်အမြင်အရ၊ အရင်တော်လှန်ရေးမှာ ချမှတ်ထားတဲ့ တော်လှန်ရေးလမ်းစဉ်တွေကို ဗမာတော်လှန်ရေးအင်အားစုတွေက အလျင်စလိုနဲ့ တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ အဆုံးသတ်လိုက်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကဗရမ်းဗတာအဖြစ်နဲ့ ကျန်ခဲ့လိုက်နဲ့ လုံးလည်ချာလည်လိုက်ခဲ့ရပါတယ်။ လက်ရှိတော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့  နောက်မဖြစ်အောင် ကြိုးပမ်းဖို့လိုသလို၊ အာမခံချက်အတိအကျပေးဖို့လိုပါတယ်။ နိုင်ငံရေးမျှော်မှန်းချက်နဲ့ လမ်းစဉ်နဲ့ ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုအပ်ပါတယ်။

၄။ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးလို့ ကြွေးကြော်ကြသလို အာဏာသိမ်းမှုအလွန်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ တွေနှင့် တော်လှန်ရေး အင်အားစုတွေအကြား အသံတွင်တွင်ကျယ်ကျယ်ကြားလာရပါတယ်။ လက်ရှိအချိန်မှာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဘယ်လို နားလည်ထားကြပါသလဲ။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် လူမျိုးစုတစ်ခုကို အခြေခံပြီးတော့ တည်ဆောက်လို့ မရနိုင်သလို၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ မူဝါဒတစ်ခုတည်းကိုသာ ဗဟိုပြုပြီး တည်ဆောက်လို့ မရနိုင်ပါဘူး။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

မြန်မာ့နိုင်ငံရေးပြဿနာတွေရဲ့ အရင်းခံအကြောင်းဟာ အမျိုးသားတန်းတူရေးမရှိတာ ဖြစ်ပါတယ်။ အမျိုးသားတန်းတူရေးကို ဖျက်ဆီးနေတဲ့ လက်သည်တရားခံဟာ မြန်မာစစ်အုပ်စု ဖြစ်ပြီးတော့ ထိုစစ်အုပ်စုကို တိုက်ဖျက်တွန်းလှန်နေသူအားလုံးဟာ တော်လှန်ရေးမဟာမိတ်တွေ ဖြစ်ပါတယ်။ ဒါ့ပြင် စစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကို လက်နက်သဖွယ်အသုံးပြုပြီး ဗိုလ်ကျခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ လူမျိုုးရေးနဲ့ ဘာသာရေး တန်းတူရေးကိုအခြေခံထားကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရမှာဖြစ်ပါတယ်။

၅) နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက်လမ်းစဉ်နဲ့ လက်နက်ကိုင်ခုခံတော်လှန်ရေးလမ်းစဉ်နှစ်ခုလုံးကို အား ကောင်းနေဆဲဖြစ်တာကို မြင်တွေ့ရပါတယ်။ ဒီလမ်းစဉ်နှစ်ခုကို ဘယ်လို ပေါင်းစပ်လို့ ရနိုင်မလဲ။ သို့မဟုတ် ဘယ်လို ခွဲခြားပြီးလုပ်လို့ရနိုင်မလဲ။  

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica) တော်လှန်ရေးလမ်းစဉ်ဟာ ရန်သူရဲ့လုပ်ရပ်အပေါ်အခြေတည်တာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ အကြမ်းမဖက်လမ်းစဉ်ဟာ ဒွန်တွဲသွားရမှာ ဖြစ်ပါတယ်။ လမ်းစဉ်နှစ်ခု မတူညီမှုကြားမှာ အချင်းချင်းပွတ်တိုက်မှုမလုပ်ဘဲ ရန်သူကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

တော်လှန်ရေးအားလုံးရဲ့ ဘုံပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပါတယ်။ ရန်သူရဲ့ ဖိနှိပ်မှုပုံစံပေါ် မူတည်ပြီးတော့ ကွဲပြားသွားတာ ရှိပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲမဝင်တာဟာလည်း နိုင်ငံရေးအံတုမှုတစ်ရပ်ဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ နိုင်ငံရေးပါတီတွေနဲ့ တော်လှန်ရေးအကြားပေါင်းစည်းက အားနည်းနေသေးတယ်လို့ ပြောလို့ ရပါတယ်။

၆) နိုင်ငံရေး အတွေးအခေါ် နိုင်ငံရေးစနစ်လို့ပြောရင် လစ်ဗရယ်ဝါဒ၊ ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ဒီမိုကရက် တစ်ဝါဒ၊ ကွန်မြူနှစ်ဝါဒ စသဖြင့် နိုင်ငံရေး အတွေးအခေါ်စနစ်တွေ များစွာရှိတယ်လို့ နားလည်ပါတယ်။ နွေဦးတော်လှန်ရေးက မှန်ကန်တဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲသွားစေနိုင်မလား။ ဘယ်လို နိုင်ငံရေး အတွေးအခေါ်တွေက မြန်မာ ပြည်အတွက်ကျင့်သုံးဖို့ အက္ခရာကျတယ်လို့ မြင်ပါသလဲ။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

နိုင်ငံရေးဝါဒလို့ ပြောလို့ရှိရင် လက်ဝဲနိုင်ငံရေး၊ လက်ယာနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ ကမ္ဘာ့နိုင်ငံရေးရေချိန်၊ လက်ရှိမြန်မာ့နိုင်ငံရေးတောင်းဆိုချက်နဲ့ ပြည်သူတွေရဲ့ လိုလားချက်အပေါ် မူတည်ပြီးတော့ ဘယ်နိုင်ငံရေးအတွေးအခေါ်ဝါဒကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးနဲ့ လူတန်းစားအရေးတို့အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပြည်သူတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တောင်းဆိုနေကြပါတယ်။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

စစ်အာဏာရှင်စနစ်နဲ့ မြန်မာပြည်က ဆက်သွားလို့မရတော့သေချာပါတယ်။ မူဝါဒနဲ့ ယုံကြည်မှုအပေါ် အခြေခံပြီးတော့ နိုင်ငံရေးပါတီတွေ အမျိုးမျိုးရှိပေမဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ တောင်းဆိုမှုအပေါ် အခြေခံပြီးတော့ နိုင်ငံရေးစနစ်ကို အခြေတည်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဘယ်ဝါဒကိုမဆို လက်ခံ ကြိုဆိုရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး အောင်မြင်ဘို့ ပြင်ဆင် ပြောင်းလဲရမယ့် အားကောင်းချက်၊ အားနည်းချက်များကိုဆွေးနွေးခြင်း

၁)  စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက် မခွဲခြားတော့ပဲ တနေ့ထက်တနေ့ ပိုပိုပြီး ရက်စက်ပြနေတယ်။ စစ်တမ်းတွေအရ တိုင်းရင်း သား အညာဒေသအပါအဝင် တိုင်းနဲ့ ပြည်နယ်တွေ ၈ ခုလောက်မှာ ဗုံးကြဲ တိုက်ခိုက်မှု တွေ ပြင်းထန်စွာ ကျူးလွန်နေတော့ တော်လှန်ရေးအင်အားစုတွေဘက်က ဘာတွေလုပ်ဖို့ လိုတယ်လို့ မြင်လဲ။ စစ်ကောင်စီက နိုင်ငံတကာက ဘယ်လောက်ပြောပြော ဂရုစိုက်မှာ မဟုတ်သလို တစွတ်ထိုး လုပ်နေဦးမှာပဲ မြင်ရပါတယ်။

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

လက်ရှိစစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို သာလွန်အင်အားကို အလွန်အကျွံသုံးပြီး လေကြောင်းသုံးပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ လေကြောင်းအင်အားကို ခုခံစရာမရှိတာကြောင့် ကြိုတင်ကာကွယ်ရေးအသိကို သိမှတ်ဖြန့်ဝေဖို့လိုပါတယ်။ စစ်အုပ်စုအနေနဲ့ အခုလို လုပ်ဆောင်နိုင်တာဟာ တရုတ်၊ ရုရှားစတဲ့ ကမ္ဘာ့နိုင်ငံတွေက လေယာဉ်ဆီတင်ပို့မှုကြောင့် ဖြစ်သလို လျစ်လျူရှုပြီး စစ်အုပ်စုကို ထောက်ပံ့ကူညီပေးတာကြောင့် ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကိုလည်း သမိုင်းမှာ နာမည်ဆိုးအနေနဲ့ မှတ်တမ်းတင်ခံထားရမှာ ဖြစ်ပါတယ်။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

ရန်သူတွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီအပေါ်မှာ စိတ်ဓာတ်ကျစရာမလိုဘဲ တော်လှန်ရေးကို အဆုံးအထိ တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်အခုလို ဖြစ်ရပ်မျိုးက အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။

၂) နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အများစုကို ပြောဆို နေကြပြီဆိုတော့ လက်ရှိကာလက အမှန်တကယ် ဖက်ဒရယ်ကို သွားမယ့် အခင်းအကျင်းကို မြင်ရပြီလား။ ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲ။

ယိင်းမွေလျန်း ( သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

အရပ်ဘက်နိုင်ငံရေးအစုအဖွဲ့တည်ဆောက်နိုင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းစည်းပြီး ညီညွတ်တဲ့တပ်ပေါင်းစုတည်‌ဆောက်နိုင်မှုနဲ့ တပြည်လုံးက ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအပေါ် သိမြင်လာမှုအပေါ် မူတည်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ တော်လှန်ရေးဦးဆောင်သူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို သေသေချာချာရွေးချယ်နိုင်ဖို့လိုပါတယ်။

၃) တချိန်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလို့ပြောနေကြပြီဖြစ်တဲ့အတွက် ဖက်ဒရယ် အတွေးအခေါ်၊ အယူအဆ၊ ကျင့်သုံး ပုံတွေကိုလည်း လက်ရှိနိုင်ငံရေးအရ ဦးဆောင်နေတဲ့ NUG, CRPH, NUCC တို့ကခေါင်းဆောင်တွေဟာ လက်ရှိအချိန်မှာကတည်းက လက်တွေ့ ဦးဆောင်ပြီး ကျင့်သုံးပြဖို့ လိုအပ်တယ်လို့ အကြံပြုချက်တွေရှိပါတယ်။ ဒီအကြံပြုချက် တွေ အပေါ် ဘယ်လို မြင်ပါသလဲ။ တော်လှန်ရေး အတိုက်အခံ အင်အားစုတွေကို ဘယ်လိုအကြံပြုချင်ပါသလဲ။ 

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

ပထမဦးအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အားလုံးသဘောတူညီမှုရှိနေပြီလားဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ဖက်ဒရယ်ယူနစ်တွေကို ဘယ်ကိုအခြေခံပြီးတည်ဆောက်ကြမလဲ။ ဖွဲ့စည်းပုံတစ်ရပ်မရေးဆွဲရသေးဘဲနဲ့ အာဏာခွဲဝေမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်လို့ မရနိုင်ပါဘူး။ NUG အနေနဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်ရေးကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ အာဏာနဲ့ ဖြစ်တည်မှုကို လက်ခံဖို့ လိုအပ်ပါတယ်။

 

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

NUCC. NUG, CRPH ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဗမာပြည်နယ်အနေနဲ့ ဖွဲ့စည်းပုံနဲ့ နယ်မြေကို ထုတ်ပြောဖို့ လိုအပ်နေပါတယ်။ ဗမာအမျိုးသားကို ကိုယ်စားပြုတဲ့အလံတောင်မရှိသေးတဲ့အပေါ် နိုင်ငံရေးညှိနှိုင်းမှု လုပ်နိုင်ဖို့ ခက်ပါတယ်။ ပြည်ထောင်စုအဆင့်ကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်းဆိုတာထက် လက်ရှိမှာ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတာကိုတောင် သဘောတူညီချက်မရသေးတဲ့အခြေအနေမှာ ရှိပါတယ်။

 

၄) ဖက်ဒရယ်အယူအဆအကြောင်းပြောရင် တချို့ကတော့ တော်လှန်ရေးကိစ္စအရင်ပြော စစ်ကောင်စီ ပြုတ်ကျရေးက အဓိကအရင်လုပ်၊ အရင်တွန်းပြီးတော့ အဲဒီနောက်မှ ဖက်ဒရယ်ကိစ္စကို အသေးစိတ်ပြောမယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေသလို တချို့ကလည်း စစ်ကောင်စီကို တိုက်နေရင်း ဖက်ဒရယ်အုပ်မြစ်ချ တည်ဆောက်ဖို့ လိုတယ်လို့ ပြောကြပါတယ်။ ဒီကနေ့ စကားဝိုင်း ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုပုံစံ ဖြစ်သင့်တယ်လို့ မြင်ပါသလဲ။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

အရင်က ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးဆိုပြီးမြင်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ အမြင်ပြောင်းလဲသွားတာရှိပါတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် ဘုံပန်းတိုင်ရှိဖို့လိုပါတယ်။ ဘုံပန်းတိုင်ကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဖြစ်ပါတယ်။

၅) စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်တဲ့ အခင်းအကျင်းမှာ အဓိက ရန်ဆွယ် ၃ ခုရှိတယ်လို့ ထောက်ပြမှု တွေရှိပါတယ်။ စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒ လို့ ပြောကြပါတယ်။ ဒီရန်ဆွယ်တွေကို ကျော်ဖြတ်ဖို့ဆိုရင် လက်ရှိ တော်လှန်ရေးမှာ နိုင်ငံရေးအရ ဦးဆောင်သူတွေအပါအဝင် တိုင်းရင်းသား မြန်မာလူမျိုးစုတွေနဲ့ မြန်မာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ ကြားမှာ ဘာတွေလုပ်ဖို့ လိုမယ်လို့ မြင်လဲ။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

မဟာလူမျိုးကြီးဝါဒကို ကျဉ်းမြောင်းအစွန်းရောက်တဲ့ အမျိုးသားရေးဝါဒက မွေးထုတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးမှာ ငါကတော့ ဘယ်သူ၊ ဘယ်ဝါဆိုတဲ့အရာကို မဖြုတ်ချနိုင်ခဲ့ဘူးဆိုရင် တော်လှန်ရေးဟာ ရှေ့ရောက်မှာ မဟုတ်ပါဘူး။ အားလုံးဟာ စစ်အာဏာရှင်ဆန့်ကျင်သူတွေဖြစ်ပြီးတော့ အားသန်ရာမှာ တော်လှန်ရေးဆင်နွှဲကြရမှာ ဖြစ်ပါတယ်။ မဟာမိတ်ရှာဖွေနိုင်မှုဟာ တော်လှန်ရေးရဲ့ အောင်ပွဲဖြစ်ပါတယ်။ မိခင်တော်လှန်ရေးအဖွဲ့အစည်း၊ တော်လှန်ရေးနဲ့ ပြည်သူလူထုကို ယုံကြည်မှသာ တော်လှန်ရေးအောင်မြင်ဖို့လိုပါတယ်။

ယိင်းမွေလျန်း ( သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

အားလုံးတူတူလွတ်မြောက်အောင် မရုန်းထွက်ဘဲနဲ့ စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

တိုင်းရင်းသားအနေနဲ့ မိမိယုံကြည်ရာနိုင်ငံရေးစနစ်တစ်ခုကို ကိုင်စွဲရုံနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒလို့ အမည်တပ်လို့ မရနိုင်ပါဘူး။ အဖွဲ့အစည်းတစ်ခုက အာဏာကိုအကုန်သိမ်းပိုက်ပြီး ခွဲဝေမှုမလုပ်ဘူးဆိုရင် နိုင်ငံရေးပါတီကြီးဝါဒလို့  သတ်မှတ်လို့ရပါတယ်။ အဲလိုအနေအထားမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို သွားလို့ မရနိုင်ပါဘူး။

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ၊ ဗမာ၊ ဖိုဝါဒကို အခြေပြုပြီး မဟာလူမျိုးကြီးဝါဒကိုအခြေခံထားကြီး အာဏာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကိုချက်ချင်း ဖြုတ်ချလို့ရနိုင်ပေမဲ့၊ ထိုအတွေးအခေါ်တွေကို ပြောင်းလဲဖို့အတွက် အချိန်ယူရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုဝါဒတွေကို အုပ်ချုပ်ရေးယန္တရားမှာ မရှိအောင် လုပ်ဆောင်ဖို့လိုသလို လူ့အဖွဲ့အစည်းအားလုံးမှာ ဝါဒအသစ်ကို ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။ အားလုံးဟာ မိမိ Identity ကို ရှေ့တန်းမတင်ဘဲ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ခံတွေ ဖြစ်တယ်ဆိုတာ သတ်မှတ်ပြီး တော်လှန်ဖို့ လိုပါတယ်။

 

၆) အကယ်၍ ဖက်ဒရယ်စနစ်ကို အောင်မြင်အောင် မတည်ဆောက်နိုင်ဘူးဆိုရင် မြန်မာ့နိုင်ငံရေးရဲ့ အခင်းအကျင်း က ဘာတွေဖြစ်သွားနိုင်တယ်လို့ ယူဆပါသလဲ။  

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်)

အမျိုးသားတန်းတူရေးကို မတည်ဆောက်နိုင်ရင်၊ စစ်အာဏာရှင်စနစ်ကို မဖြိုချနိုင်ဘူးဆိုရင် တိုင်းပြည်ဟာ အစိတ်စိတ်အမြွှာမြွှာကွဲသွားပါလိမ့်မယ်။ ဒါက ကြောက်စရာမဟုတ်ပါဘူး။ အတူနေလို့မရရင် ခွဲနေတာက ပိုမိုကောင်းမွန်ပါတယ်။ လူမျိုးတစ်မျိုးချင်းစီရဲ့ လွတ်လွတ်ခွင့်နဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ထိုဒေသအသီးသီးရဲ့ ပြည်သူထောက်ခံမှုရှိရင် လက်မခံနိုင်စရာမရှိပါဘူး။

ကိုမိုးထက်နေ ( နိုင်ငံရေးနှင့် သုတေသနအကြံပေး၊ Nyan Lynn Thit Analytica)

နွေဦးတော်လှန်ရေးဟာ အင်အားအရှိန်အမြင့်ဆုံးတော်လှန်ရေးလို့ ပြောလို့ရပါတယ်။ စစ်အာဏာရှင်စနစ်မဖြုတ်ချနိုင်ဘူးဆိုရင် စစ်တပ်က ပိုပြီးမောက်မာလာပြီးတော့ ပိုပြီး ဖိနှိပ်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်တွေ မရပ်တန့်သလို၊ ပိုမိုရှုပ်ထွေးသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်က မြင်ချင်သလို ပြည်ထောင်စုမဖြစ်ဘဲ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားမှာ ဖြစ်ပါတယ်။