• Today is: Friday, April 19, 2024

ဆိုးရွားစွာဖိနှိပ်ခံနေရတဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နဲ့ မြန်မာသတင်းသမားများ

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၃ ရက် ၊ ၂၀၂၃။

 
ဒီကနေ့ မေလ ၃ ရက်နေ့ဟာတော့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက တောက်လျောက်ဆိုသလို ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်နေသလို သတင်းသမားအများစုဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
 
စစ်အာဏာသိမ်းမှုအလွန်မှာတော့ မြန်မာနိုင်ငံမှာ သတင်းသမား ၁၅၆ ယောက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီး လက်ရှိအချိန်ထိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ သတင်းသမား အယောက် ၅၀ ကိုလည်း ပုဒ်မ ၅၀၅ အပါအဝင်အကြမ်းဖက်ပုဒ်မတွေတပ်ပြီး စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို ထောင်ချ ထားပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းထားတဲ့ ကာလတလျောက်မှာတော့ သတင်းထောက်လေးဦးဟာ စစ်ကောင်စီရဲ့ ဖမ်းးဆီး သတ်ဖြတ်မှုနဲ့ တိုက်ပွဲကြားမှာ သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာတော့ ဖက်ဒရယ်ဂျာနယ် မြန်မာ အယ်ဒီတာ တဦး လည်း ကျဆုံးခဲ့ရပါတယ်။
 
အလားတူ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၈ ရက်နေ့ မှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် စတဲ့ သတင်းဌာနတွေ ပထမဆုံး ထုတ်ဝေခွင့် ပိတ်သိမ်းခံခဲ့ရတာပါ။
 
အဲဒီနောက် မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်)သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ ကန္တာရဝတီ တိုင်း(မ်)၊ မွန်သတင်း အေဂျင်စီနဲ့ ဧရာဝတီ သတင်းဌာနတို့ကို ထုတ်ဝေခွင့် လိုင်စင်တွေ ဆက်တိုက် ရုပ်သိမ်းခံခဲ့ရသလို ပြည်တွင်းသတင်းမီဒီယာ ၁၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းကာလတလျောက်မှာ သတင်းသမားတွေဟာ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီးမှုကြား ပြည်တွင်းမှာ သတင်းအလုပ်ဆက်လုပ်နေကြသူတွေရှိသလို အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘေးလွတ်ရာ ဒေသတွေမှာ သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေသူတွေ ရှိပါတယ်။
 
အလားတူပဲ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာလည်း မြေပြင်သတင်းတွေကို သက်စွန့်ဆံဖျား ဖော်ထုတ်ရေးသား နေသူတွေလည်း ဆက်ရှိနေပါတယ်။
 
မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံးနိုင်ငံတွေထဲမှာ တတိယမြောက်နေရာမှာ ရှိနေတယ် လို့လည်း သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်သလို အလားတူ စစ်တမ်းတွေအရ ဖမ်းဆီးအကျဉ်းချ ခံရတဲ့ထဲမှာတော့ မြန်မာဟာ တရုတ်ပြီးရင် ကမ္ဘာ့ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။
 
ဒီကနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဖိနှိပ်မှုနဲ့ အခက်အခဲတွေကြား ရုန်းကန်ပြီး သတင်းမီဒီယာအလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့ သတင်းထောက်အားလုံးကို FJMM အနေဖြင့်လည်း လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။
 
ကိုးကား – DNA (မိတ်ဖက် မီဒီယာ)