• Today is: Saturday, May 25, 2024

KNU ထိပ်ပိုင်း ခေါင်းဆောင်သစ် ၅ နေရာ ရွေးကောက်တင်မြောက်

ဓါတ်ပုံ – Lay Kay Kaw Youth Network
 
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၃ ရက်၊ ၂၀၂၃။
 
ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှ ထိပ်ပိုင်းခေါင်းဆောင်သစ် ၅ နေရာအတွက် ဒီကနေ့ အပြီးသတ် ရွေးကောက်တင်မြှောက်နိုင်ခဲ့တယ်လို့ KNU နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က စတင်ကျင်းပခဲ့တဲ့ KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်ကနေ ယမန်နေ့က ဥက္ကဋ္ဌနေရာကို ရွေးချယ်နိုင်ခဲ့ပြီး ဒီကနေ့မှာတော့ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်း ရေးမှူးချုပ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ စတဲ့ ထိပ်ပိုင်းရာထူးကြီး ၄ နေရာအတွက် ရွေးချယ်ခဲ့ကြတာပါ။
 
ကရင်အမျိုးသားအစည်းအရုံး KNU (၁၇)ကြိမ်မြောက် ကွန်ဂရက်ကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်ကြီးများဟာ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲ နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းတို့ ဖြစ်ကြပါတယ်။
 
ပဒိုစောကွယ်ထူးဝင်းဟာ ယခင်ဒုဥက္ကဋ္ဌနေရာမှ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်ပြီး ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံရတဲ့ ပဒိုစောဆဲဂေကတော့ လက်ရှိ KNU တပ်မဟာ ၃ ညောင်လေးပင် ခရိုင်ဥက္ကဌ ဖြစ် တယ်လို့ သိရပါတယ်။