• Today is: Friday, April 19, 2024

တရုတ်သံတမာန်ရေးလားရာ

တရုတ်သံတမာန်ရေးလားရာ

ဝင်းမျိုးသူ | အတွေးအမြင်

မြန်မာပြည်နှင့်ပတ်သက်၍တရုပ်ရဲ့ သံတမာန်ရေးဆောင်ရွက်ချက်တွေကိုကြည့်ရင် ခြေလှမ်းနှစ်လှမ်း လျှောက်လှမ်းနေသည်ကိုမြင်တွေ့ရသည်။

ပထမခြေလှမ်းက တရုတ်တို့ဖြစ်စေချင်သည့် အာဆီသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံက လိုက်ပါဆောင်ရွက်ရန် တိုးတက်မှု မရှိသည့်အလျှောက် တင်းခံနေသည့်စကစ ခေါင်းဆောင်ကို သူ့ကိုနားဝင်အောင်ပြောပြနိုင်မည်ဟုယုံကြည်ရသည့် ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့မှတဆင့် ခြေထိုးခြင်းဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေးနှင့် လူအများထောက်ခံသည့်နိုင်ငံရေးပါတီကြီးတွေ ပြန်လည်ပါဝင်ဆင်နွဲနိုင်ရေးတို့ကအဓိကဖြစ်ပြီး အားလုံးပါဝင်တွေ့ဆုံဆွေးနွေးရေး ကို စနိုင်သမျှ စတိသဘောမျိုး စထားစေရေး ဟု ယူဆရသည်။

ဒုတိယခြေလှမ်းမှာမူ အာဆီယံတူညီဆန္ဒငါးရပ်လုံးမှာ အလုံးစုံပြည့်ပြည့်ဝဝ အကောင်ထည်ဖော်ရန်မဖြစ်နိုင်သည်ကိုနားလည်သဘောပေါက်သည့်အလျောက် စကစ ကို ထွက်ပေါက်ရရန် အချိန်ဆွဲ ပေးကာ UNSC မှနောက်ထပ် ပိုမိုပြင်းထန်သော resolution ဆုံးဖြတ်ချက်များ ထပ်မံမချနိုင်စေရေး damage control ခြေဆင်းဖြစ်သည်။

စစ်ကောင်စီမှ တရုပ်သဘောတူထားသော နိုင်ငံတကာ၏ မြန်မာနိုင်ငံရေးအကြပ်အတည်းဖြေရှင်းနိုင်မည့်နည်းလမ်းများကို လုံးဝလိုက်နာရန်ပျက်ကွက်ပါက ပိုမိုဖိအားပေးရမည့် နိုင်ငံတကာဆုံးဖြတ်ချက်များကို တရုပ်က ထောက်ခံပေးရမည့် အနေအထားကို ရောက်မသွားလိုရင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ဖြစ်ခဲ့ပါက တရုတ်နိုင်ငံ၏ သံတမာန်ရေးရာ ဆောင်ရွက်ချက်များ ကျဆုံးရာရောက်သည့်အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ပိုမိုစွက်ဖက်မှုများတိုးလာပါက ဒေသအတွင်း တရုတ်ပြည်၏ အကျိုးစီးပွါးများလုံခြုံရေးကို ခြိမ်းချောက်လာနိုင်ခြင်းကြောင့်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဆွေးနွေးညှိုနှိုင်းမှုများ စတင်နိုင်ရန် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးနိုင်မည့်ကြားလူတယောက်လိုသည့်အလျောက် ဘန်ကီးမွန်းကို စကစ မှ လက်ခံနိုင်လောက်သည်ဟု ယူဆပြီး ဘန်ကီးမွန် ခရီးစဉ်ဖြစ်မြောက်ရေးကို လည်း တရုပ်က ပံပိုးဆောင်ရွက်ပေးခဲ့ပုံရသည်။ ဘန်ကီးမွန်၏ အဆိုပြုချက်များလေးနက်စေရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်ကို နောက်မှ ထပ်ကြပ်မကွာ စီစဉ်၍ သံတမာန်ရေး တိုက်တွန်းဆောင်ရွက်ခြင်းများပြုလုပ်သည်ဟု ထင်မြင်မိသည်။

တချိန်တည်းမှာပင် ရုရှားဘက်ယိမ်းရန်စိတ်အားထက်သန်နေသည့် စကစ ကို တရုတ် စီမံကိန်းများမှာ ရုရှားတွေလို လက်ဘလာနှင့်လာ၍ မြန်မာမှ ငွေစိုက်ထုတ်ပေးမှ သူတို့နည်းပညာနှင့်ဝန်ဆောင်မှု ပေးမည့် လေထိုးလေလျော် MOU စာချုပ် ချုပ်ရုံသာသာ နှမ်းဖြူတာမျိုးမဟုတ်ပဲ ငွေကော၊ နည်းပညာကော၊ ရင်းနှီးမြှုပ်နှံမှု ကော အားလုံးအပြီးအစီး အစအဆုံး turn key ဆောင်ရွက်မည့် ဆွေမျိုးပေါက်ဖော် အမှန်အကန်စီမံကိန်းများဖြစ်ကြောင်းကိုလည်း message ပေးခြင်းလည်းဖြစ်ပေသည်။

ကဆုန်လပြည့်နေ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်သလို DASSK ကိုလည်း အယူခံဝင်နေသည့်အမှု ကို ပလပ်ပေးလိုက်ခြင်း၊ အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ခြင်းတို့လိုမျိုး စကစ မှ အာဆီယံတူညီဆန္ဒပါ အချက်များကို အဆင့်လိုက် တထစ်ခြင်း လုပ်ဆောင်ပြီးမြောက်နေသည့်သဘောမျိုးဖြစ်အောင် ပုံဖမ်းသွားမည့်သဘောလည်းဖြစ်သည်။

အားလုံးပါဝင် ဆွေးနွေးညှိုနှိုင်းရေး နှင့်ပတ်သက်၍လည်း စကစ ကို ဆန့်ကျင်နေသည့် မြန်မာနိုင်ငံရေး အုပ်စုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို focal အာဆီယံဥက္ကဌနိုင်ငံ(လက်ရှိတွင် အင်ဒိုနီးရှား) မှာ တဖွဲ့ခြင်း ပင်တိုင်တွေ့၍ တိုးတက်မှုအပေါ်အခြေခံကာ Track 1.5 လို စကစ ဖက်မှ အငယ်တန်းအစိုးရကိုယ်စားလှယ်များ ပါ ပါဝင်လာနိုင်မည့် ဒုတိယ အဆင့် ဆွေးနွေးပွဲများကို တဖြေးဖြေးလုပ်သွားမည့် အနေအထားဖြစ်နေပါသည်။

တချိန်တည်းမှာပင် တရုပ်၏တွန်းအားဖြင့် မြောက်ပိုင်းတိုင်းရင်းသား လက်နိုင်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း NCA လက်မှတ်ထိုး EAO အဖွဲ့များနှင့်သော်လည်းကောင်း စကစ တွေ့ဆုံ၍ သဘောတူညီချက်တချို့ ရနိုင်အောင် ကြိုးပမ်းသွားစရာအကြောင်းလည်း ရှိပေသည်။ ဤသို့လုပ်နေခြင်းအားဖြင့်လည်း ပြသနာများ ပြေလည် မပြေလည်ခြင်းထက် UNSC ကို stakeholder consultation များအဆင့်လိုက်လုပ်နေပါသည်ဟု အကြောင်းပြကောင်းရုံသက်သက် မျောက်ပြဆန်တောင်း ရုံသွင်းခြင်း ဖြစ်ပုံရသည်။

လူသားခြင်းစာနာထောက်ထားသည့်အကူအညီပေးရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသများတွင် အတိုင်းအတာတခုအထိ ခွင့်ပြုခြင်းမျိုး ဖြစ်လာနိုင်သလို ရိုဟင်ဂျာပြန်လည်ခေါ်ယူရေးကို တရုတ်အကူအညီဖြင့် ဟန်ပြ လုပ်ဆောင်ဘွယ်ရာရှိပေသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပြည်တွင်းတွင် တစုံတခု အတိုင်းအတာအထိ လှုပ်ရှားနိုင်ဘွယ်ရာလည်းရှိပေသည်။

အာဆီယံကိုယ်စားလှယ်မှ DASSK နှင့်တွေ့ဆုံခွင့်တောင်းထားသည်ကိုတော့ ဆက်၍ ထစ်ထားဦးမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့်တစုံတခု အပေးအယူ ရလောက်သည့်အချိန်အခါကျမှ ဘန်ကီမွန်ကို DASSK နှင့် ပေးတွေ့တာမျိုးလောက်ဖြစ်နိုင်ပေသည်။

တရုတ်အနေနှင့် စကစ ရွေးကောက်ပွဲတွင် NLD ပါဝင်လာပါက လက်ရှိလက်နက်ကိုင်ဆန့်ကျင်နေသော PDF များ အားနည်းသွားမည်ဟုယူဆပုံရသည်။ ရွေးကောက်ပွဲ အပြီးနိုင်ငံရေး တွင် NLD ပါမှလည်း စစ်တပ်နှင့်အထိန်းအထေ ဖြစ်မည်ဟု တရုတ်ကတွက်ပုံရသည်။ နို့မဟုတ်ပါက စစ်တပ်တခုတည်း နိုင်ငံရေးကို ဆက်ချုပ်ကိုင်ပါက တရုပ်အတွက် နိုင်ငံတကာတွင် အမြဲလိုလိုလိုက်အကာအကွယ်ပေးနေရသည့်ဝန်ပိသလို တရုပ်ဆန့်ကျင်ရေး များပိုမိုဆိုးလာနိုင်စရာလည်းရှိပေသည်။

ဤသို့တရုတ်၏သံတမာန်ရေးခြေထိုး၊ ခြေဆင်းကွက်များမှာလည်း ထင်သည့်အတိုင်းဖြစ်လာစရာမရှိဟု မြင်မိသည်။ ဦးသန်းရွှေ၊ ဦးသိန်းစိန် တို့ကို နိုင်ငံရေး စည်းဝိုင်းထဲသို့ ပေါ်ပေါ်ထင်ထင် သွင်းလာခြင်းအားဖြင့် စကစ အထဲတွင် အုပ်စုဂိုဏ်းဂဏ faction များသိသာလာကာ ပို၍ပင် အကွဲအပြဲ အက်ကြောင်းများထလာစေမည်ဖြစ်သည်။ လက်ရှိဦးဆောင်မှုအောက်တွင် မွန်းကြပ်နေသူများက ဆရာဟောင်းများအရှိန်အဝါနှင့်ကောက်ရိုးတမျှင်ဆွဲကြဦးမည်ဖြစ်သည်။

ဦးဆောင်မှု အသစ်ကိုမျှော်ကြမည်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးဘုံသဘောတူညီချက်တခု အပေါ်ယံရယူ ရန်ပင် ခက်ခဲနေသောကြောင့်လည်း တရုတ်ဖိအားမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လောက်နှင့်ဂိတ်ဆုံးသွားမည်ဖြစ်သည်။ ဝ ပြည်နယ်ပေးမည်၊ ပြည်နယ်constitution နဲ့ ဝန်ကြီးချုပ်ပေးမည် ဆိုသည်များကလည်း EAO များအတွက် မက်လောက်စရာမက်လုံးမဟုတ်လောက်ပေ။ EAO များနှင့်အလုပ်ဖြစ်ရုံ အပေးအယူ မရပါက ဗမာ နိုင်ငံရေး အင်အားစုများကို ပြန်ဖိဘို့ အခွင့်အရေးရလာနိုင်စရာမရှိပေ။

ထိုသို့သော်အကြောင်းအရာများကို ထောက်၍ တရုတ်၏ သံတမာန်ရေးကစားကွက်များမှာ လိုလားရာကို မရောက်ပဲ မထင်မှတ်သည့် အကျိုးသက်ရောက်မှုကိုသာ ဖြစ်ပေါ်စေမည်ဟု ထင်မြင်မိသည်။